Saturday, January 6, 2018

အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်၍ သိရှိထားသမျှ

,
လူငယ် ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုတွင် ပြစ်မှုကျူးလွန်သူ ၃ ဦးအား ဖမ်းဆီးရမိထားကြောင်း ဇန်န၀ါရီ ၄ ရက်တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသူများမှာ သန်းထွဋ်အောင်(ခ)သားကြီး၂၆ နှစ်၊ ပြည့်ဖြိုးအောင်(ခ)အောင်လေး၂၆ နှစ်၊ ကျော် ဇောဟန်(ခ)ကျော်ဇော ၂၈ နှစ်တို့ဖြစ်ပြီး ၎င်းတို့မှာ အောင်ရဲထွေး ရန်ပြုတိုက်ခိုက်ခြင်း မခံရမီ လေးငါး ရက်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Brave Bar တွင် အောင်ရဲထွေးနှင့်မီးခြစ်ငှားရာမှ ခိုက်ရန်ဖြစ်ပွား ခဲ့ဖူးသူများဖြစ်ကြောင်း သိရသည်။ ယင်းသို့ ခိုက်ရန်ဖြစ်ပွားခဲ့စဉ်က အတူရှိနေသူ ရိုရှန် (RKN ရုပ်ရှင်ထုတ် လုပ်ရေး)က အောင်ရဲထွေးသေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က လက်ရှိဖမ်းဆီးရမိထားသူ သုံးဦးအနက် နှစ်ဦးကို အတည်ပြုနိုင်ကြောင်း ပြောသည်။

''အခု online မှာတက်နေတဲ့ ပုံတွေက မျက်လုံးတွေကိုဖုံးထားလို့ ကျွန်တော်သေချာပြောလို့ မရပေမဲ့ သားကြီးနဲ့ ကိုအောင်လေး (ပြည့်ဖြိုးအောင် (ခ)ဖြိုးလေး)ကတော့ မှန်ပါတယ်။ ကျော်ဇောဟန်(ခ)ကျော်ဇောကတော့ ကျွန်တော်လည်း သေချာမသိဘူး။ ကျွန်တော်တို့သိထားတဲ့ပုံစံတွေက နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေနဲ့ ဆိုတော့လေ။ လူစားလဲတယ်လို့ ထင်ကြေးနဲ့ လျှောက်ပြောနေကြတာပါ။ ကိုသားကြီး (ခ) ကိုသန်းထွဋ်အောင် ကတော့ ဟုတ်ပါတယ်။ ကျော်ဇောဟန်ကိုပဲ ကျွန်တော်အတည်ပြုလို့မရတာ။ ကျန်တဲ့နှစ်ယောက်ကတော့ Confirm ဖြစ်လောက်ပါတယ်။ မျက်လုံးကွယ်ထားတာလေးဖွင့်လိုက်ရင်တော့ ကျွန်တော်သေချာပေါက် မှန်းပေးလို့ ရပါတယ်''ဟု ရိုရှန်က ဇန်န၀ါရီ ၄ ရက်က News Watch သို့ ပြောသည်။

ထို့ပြင် ၎င်းတို့သည် Brave Bar သို့ မကြာခဏသွားရောက် ပျော်ပါးသူများဖြစ်သဖြင့် အချင်းချင်း မျက်မှန်းတန်းနေသူများဖြစ်ကြောင်း၊ အောင်ရဲထွေးသေဆုံးမှုမှ ကျူးလွန်သူတဦးဖြစ်သည့် သားကြီး(ခ) သန်းထွဋ်အောင်နှင့် ရိုရှန်သည် ယခင်က လူမှုကွန်ရက်တွင် အချင်းများဖူးကြောင်း ၎င်းက ပြောသည်။

''ပြဿနာအကြီးအကျယ်တော့ မရှိပါဘူး။ Facebook မှာတက်လာတဲ့ ပြဿနာလေးပဲရှိပါတယ်။ ကျွန်တော်တို့က Brave Bar မှာ မကြာမကြာ သွားထိုင်တတ်ပါတယ်။ သူတို့လည်း အဲဒီကိုလာကြတဲ့အတွက် Bar ယဉ်ကျေးမှုအရ Hello, Hi ဆိုတာတွေတော့ ရှိပါတယ်။ အဲလောက်ပါပဲ'' ဟု ရိုရှန်က ပြောသည်။

မီးခြစ်ငှားရာမှ ပြဿနာဖြစ်သည့်ညက သားကြီး(ခ)သန်းထွဋ်အောင်နှင့်အဖွဲ့က အောင်ရဲထွေး၏ နေရပ်လိပ်စာကို မေးမြန်းခဲ့သည်ဆိုသော အချက်နှင့်ပတ်သက်၍ ရိုရှန်က"အဲကောင် ဘယ်သူလဲ ဆိုတာမျိုး လာမေးတာပါ။ အချေတင်လေးတွေတော့ ဖြစ်ခဲ့ကြတယ်။ နောက်ဆုံးသူငယ်ချင်းတွေပဲဆိုပြီး ပြီးသွားကြတယ်။ တကယ်ပါ ဒီလိုဖြစ်မယ်လို့ ကျွန်တော်တို့ ထင်မထားဘူး။ တွေးတောင် မတွေးမိပါဘူး''ဟု ပြောသည်။

ရိုရှန်သည် အောင်ရဲထွေးနှင့် ရုပ်ရှင် ၁၀ ကားရိုက်ကူးရန်အတွက် မကြာမီရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုရန်နှင့် လာမည့် မတ်လတွင် Twenty Five Percent ဆိုသော ရုပ်ရှင်ကိုရိုက်ကူးရန် စီစဉ်ထားခဲ့ကြောင်းလည်း သိရသည်။

အောင်ရဲထွေးသေဆုံးမှုကို သုဝဏ္ဏနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက် ထားပြီး လက်ရှိဖမ်းဆီးရမိထားသူသုံးဦးစလုံးကို ၎င်းတို့၏ မိဘများကစခန်းတွင် လာရောက်အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန်(ခ) ကျော်ဇောတို့ အတူပါဝင်ခဲ့ကြောင်း၊ ၎င်းတို့ ၃ ဦးမှာ ဇန်န၀ါရီလ ၁ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က The One Entertainment ၀င်းတွင် ပြုလုပ်သော The Space ပါတီပွဲသို့ရောက်ရှိစဉ် VVIP  စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်က ခိုက်ရန်ဖြစ်ခဲ့ဖူးသူတဦးဖြစ်ကြောင်းသိရပြီး ဒေါသဖြစ်ကာစင်ပေါ်သို့ တက်၍ ၎င်းတို့သုံးဦးမှ ၀ိုင်းဝန်းထိုးကြိတ်ခြေထောက်ဖြင့် ကန်ကြောက်ခဲ့သဖြင့် အဆိုပါ အမျိုးသားမှာ လဲကျသွားကြောင်း ထွက်ဆိုသည်။

ကလျာဆွေ
Photo-ပရိုဂျုဆာ ကိုရိုရှန် (RKN ရုပ်ရှင်ထုတ်လုပ်ရေး)


https://m.facebook.com/story.php?story_fbid=1559187457452383&id=343551955682612

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်၍ သိရှိထားသမျှ”

Post a Comment

Related Posts Plugin for WordPress, Blogger...