Saturday, January 13, 2018

အသရေဖျက်စော်ကားမှုအတွက် သတိပေးခြင်း

,
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်။
ထုတ်ပြန်/RiA/၀၀၁/၂၀၁၈

၁။ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရဧည့်ဂေဟာတွင် ကျင်းပပြုလုပ်ခဲ့သော လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စည်း/ထိန်းရဟန်းတော်များ၏ တွေ့ဆုံပွဲသို့ RiA သတင်း အေဂျင်စီမှ သတင်းထောက် အောင်အောင်ထူးမှ သတင်းရယူရန် သွားရောက်ခဲ့ပါသည်။

၂။ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများထဲမှ ယခင် စစ်တွေ (မြို့မိ၊ မြို့ဖ အဖွဲ့ဝင်) ဦးသန်းထွန်းအား ဆွေးနွေးမှုများနှင့် ပတ်သက်၍ အင်တာဗျူးပြုလုပ်ရန် RiA သတင်းထောက်မှ တောင်းဆိုစဉ်တွင် “မင်းတို့ RiA သတင်းဌာနမှ ငါပြောသလို ရေးမည်လား၊ ငါ့ကို အင်တာဗျူးမည်ဆိုလျှင် အင်တာဗျူးတွင် “ကုလား” ဟူ၍ ထည့်၍သုံးမည်။ မင်းတို့ ငါပြောသလိုရေးရမည်။ မရေးလျှင် တရားစွဲမည်” ဟု ပြောဆိုလာပါသည်။

၃။ ထိုစကားကို ပြောနေချိန်တွင် အနီး၌ ရခိုင်ဒေသခံသတင်းသမားများလည်း ရှိနေရာ အခြားသတင်း ဌာနများကို ယင်းသို့ မေးမြန်းခြင်းမပြုဘဲ RiA အား ဦးတည်မေးမြန်းလာခြင်းသည် သတင်းအေဂျင်စီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ ပြောကြားခဲ့ကြောင်း ထင်ရှားနေပါသည်။

၎။ ရခိုင်ပြည်နယ်သည် နှစ်ဖက်လူ့အသိုင်းအဝန်းကြား ယုံကြည်မှုများ ပျောက်ဆုံးလျက် ငြိမ်းချမ်းစွာ အတူ ပြန်လည် ယှဉ်တွဲနေထိုင်လာစေရေးကို တည်ဆောက်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ အကူအညီတောင်းခံမှုဖြင့် ကုလအတွင်းရေးမှူးဟောင်း မစ္စတာကိုဖီအာနန်မှ ဥက္ကဌအဖြစ် တာဝန်ယူခဲ့လျက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို ရှာဖွေခဲ့ပြီး အကောင်ထည်ဖော်ဆောင်နေစဉ် ကာလလည်း ဖြစ်ပါသည်။

၅။ မိမိတို့ RiA သတင်းအေဂျင်စီသည်လည်း ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ သတင်းချဉ်းကပ်ရေး သားရာတွင် အမုန်းစကားများကို လျော့ချ၍၊ နှစ်ဖက်အသိုင်းအဝန်းကြား ထိလွယ်ရှလွယ်သည့် အသုံး အနှုန်းများကို သတင်းမီဒီယာကျင့်ဝတ်အောက်မှနေ၍ သင့်သလို တည်းဖြတ်ရေးသားထုတ်လုပ် နေရပါ သည်။

၆။ ထိုသို့ ထုတ်လုပ်ခဲ့သော RiA ၏ သတင်းများနှင့် ပတ်သက်၍ အင်တာဗျူးဖြေကြားသူတို့၏ အခွင့် အရေးကို ချိုးဖောက်ခဲ့သည်၊ သတင်းမီဒီယာကျင့်ဝတ်ကို ချိုးဖောက်ခဲ့သည်ဟု အထောက်အထားရှိလျှင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဖြစ်စေ၊ မြန်မာနိုင်ငံ၏ မည်သည်တရားရုံးတွင်မဆို တရားဥပဒေ ကြောင်းအရ ဖြေရှင်းခွင့် တောင်းခံနိုင်ပါသည်။

၇။ သို့ရာတွင် စစ်တွေမြို့နေ ဦးသန်းထွန်း (ခ) ကျားချေမှ အထောက်အထားတစုံတရာ မခိုင်လုံဘဲ RiA ၏ သတင်းသမားတစ်ဦးကို သတင်းသမားတို့အလယ် သိမ်ငယ်သွားစေရန်၊ RiA သတင်းအေဂျင်စီ၏ ဂုဏ် သိက္ခာကို ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ ပြောကြားခဲ့ပါသည်။

၈။ ထိုပြောဆိုချက်နှင့် စပ်လျဉ်းပြီး မိမိတို့ RiA အယ်ဒီတာအဖွဲ့အနေနှင့် ယခုအကြိမ်အား နောက်ဆုံး အကြိမ်အဖြစ် သည်းခံပေးသွားမည်ဖြစ်ပြီး ထပ်မံပေါ်ပေါက်လာပါက တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

RiA သတင်းအေဂျင်စီ အယ်ဒီတာအဖွဲ့

https://m.facebook.com/story.php?story_fbid=2050446431892386&id=1563545443915823

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အသရေဖျက်စော်ကားမှုအတွက် သတိပေးခြင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...