Wednesday, December 27, 2017

ရောက်တတ်ရာရာ ၂၀၁၇ သရ၀ဏ်(ပြည်)

,
၂၀၁၇ ကားကုန်လွန်ခဲ့ပေပြီ ။ ပြန်လှည့်ကြည့်သောအခါ ၂၀၁၇ ဆိုသော ၃၆၅ ရက်သည် စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေး မျက်နှာစာများတွင်  အမှတ်ရစရာများစွာကိုထားခဲ့သည် ။ပျော်စရာတွေလည်းပါသည် ။စိတ်ညစ်စရာတွေလည်းပါသည်။ပူပင်သောကရောက်စရာ၊မကြေမနပ်ညီးတွားစရာ၊ ငြင်းခုန်စရာတွေလည်း များစွာပါသည် ။ ရင်ခုန်စိတ်လှုပ်ရှားစရာလည်း အနည်းအကျဉ်းတော့ပါပါသည် ။ ရန်ကုန်သူ ရန်ကုန်သားတွေအတွက် အမှတ်ရစရာအပြောင်းအလဲတစ်ခုကတော့ မ.ထ.သ ခေါ်မော်တော်ယဉ်လိုင်းပေါင်းစုံ ထိမ်းသိမ်းရေးအဖွဲ့ကြီးမှ ဘိုဆန်ဆန် Y.B.S (Yangon Bus Service ) ဆိုသောအဖွဲ့ကအာဏာသိမ်းလိုက်ခြင်းဖြစ်သည် ။ပုဇွန်တောင်ဓားငမိုးနှင့် လမ်းမတော်ဖိုးတုတ်တွေ့ တော့ဓားငမိုးခံသွားရသလို မ.ထ.သ နှင့် ၀ိုင်ဘီအက်စ် အတွေ့ တွင် မ.ထ.သ လူမိုက်ကြီး ဒူးထောက်ကျသွားခဲ့သည် ။ ပြည်သူလူထုကတော့ လက်ခုပ်လက်ဝါးတီးကာ လူမိုက်အသစ် YBS ကိုကြိုဆိုခဲ့ကြပေသည် ။ ကိုကြီးဖြိုး၏ YBS ကလည်း အစွမ်းတွေပြသည် ။ လူစီးကားမှဟုတ်ရဲ့လားဟုထင်ရသော ခုနစ်ဆွေး ရှစ်ဆွေးက ကားအဟောင်းတွေကို အကုန်ရှင်းထုတ်ပြီး တရုတ်ပြည်ဖြစ်ကားအသစ်တွေနှင့်အစားထိုးသည် ။ တရုတ်ဖြစ်မို့ ဘယ်နှစ်နှစ်ခံမည်မသိသော်လည်း လောလောဆယ်တော့ အပြောင်းအလဲကတာသွားလှသည် ။ အလုပ်သွားအလုပ်ပြန်ရန်ကုန်သားတို့ဟန်ကျသည် ။ အဲကွန်းနှင့် ချွေးမထွက်ပဲခန့်ခန့်ကြီးစီးနိုင်သည် ။ရွှေပေါက္ကံမှစာမတတ်သော ပဲပြုတ်သည် မရွှေတုတ်ပင် ဆင်းမည့်မှတ်တိုင်ကို စကားနှင့်မပြောပဲ ခလုပ်ကိုကြိုနှိပ်တတ်နေချေပြီ ။အဓိကကတော့ မိမိကိုရိုင်းရိုင်းစိုင်းစိုင်းငေါက်မည့်ငမ်းမည့် စပယ်ယာဆိုသူပါမလာတာ နားချမ်းသာ စိတ်ချမ်းသာရှိလှသည် ။ ၂၀၁၇ ၏အဓိကအကျဆုံးအပြောင်းအလဲမှာ ရန်ကုန်တွင် ဘတ်စ်ကားစပယ်ယာများ မျိုးတုန်းပျောက်ကွယ်သွားခြင်းဟုပြောလျှင်ရနိုင်သည် ။

      လာမည်လာမည်မကြည်ရဲ့ဟုဟန်တပြင်ထဲပြင်နေကာ တော်တော်နှင့်ထွက်တော်မူမလာသော ရေကြောင်းဘတ်စ် ခေါ် Water Bus ကတော့ ၂၀၁၇ နှစ်ကုန်ပိုင်းကျမှကသောကမျောပွဲထွက်လာသည် ။ သူ့ မိတ်နှင့်သူရှိသော်လည်း Water Bus သည် YBS လောက်တော့ အုံနှင့်ကျင်းနှင့်အားပေးသူမရှိ ။ အဓိကအခက်အခဲက မော်တော်ဘုတ်အစင်းရေနည်းသဖြင့် တခေါက်နှင့်တခေါက်အချိန်ကွာခြားတာ (စောင့်ရတာ ) ၊ ဆိုက်ကပ်သောဆိပ်ကမ်းနှင့်အလုပ်နေရာ ဝေးတာ တွေကအဓိကဖြစ်မည်ထင်သည် ။ တင့်တင့်တစ်ယောက်ထဲမနိုင်မနင်းလုပ်နေရသဖြင့်ထိုသို့ဖြစ်သလားဟုလည်းစာနာနားလည်မိသည် ။ အမြတ်အစွန်းမသေချာသောစွန်းဦးတီထွင်လုပ်ငန်းဖြစ်သဖြင့် လုပ်ငန်းရှင်တွေကလည်းအုံနှင့်ကျင်းနှင်ပူးပေါင်းပါဝင်မှုနည်းသည် ။ YBS ကို ၀ိုင်းကြ၀န်းကြသလို WB ကိုလည်းဝန်းကြ၀န်းကြစေချင်ပါသည် ။ဒါမှ ရန်ကုန်မြို့ကြီးမှာ ယာဉ်ကြောပိတ်ဆို့မှုပြသနာကိုတဖက်တလမ်းမှနှိမ်နှင်းနိုင်ပါမည် ။

      ရန်ကုန်မြို့ကြီးတွင် မြို့ပြလူဦးရေနှင့် မနိုင်မနင်းဝန်ဆောင်မှုတွေပေးနေရချိန်တွင်အခြားပြည်နယ်နှင့်တိုင်း ၁၃ ခုကတော့ ခပ်အေးအေးပဲဖြစ်သည် ။ ထူးခြားသော သတင်းတွေသိပ်မကြားရ။ရာဇ၀တ်မှုသတင်းတွေ ၊လူသတ် ၊မုဒိန်းကျင့်သတင်းတွေကတော့ မြန်မာပြည်အနှံ့အပြားမှတနေ့တမျိုးမရိုးနိုင်အောင်တက်လာကြသည် ။ ဂျာနယ်သတင်း၊ ဖေ့စ်ဘွတ်သတင်းတွေမှာ မုဒိန်းမှုတွေပြည့်နေသည် ။ ဤကိစ္စကို အရှက်အကြောက်တွေဘေးဖယ်၍ နက်နက်နဲနဲစဉ်းစားကြဖို့လိုသည် ။ လူသည် ရဟန္တာမဟုတ်သဖြင့် မည်သူမျှ လိင်ကိစ္စနှင့်မကင်းနိုင် ။ ဒါကို ထိုကိစ္စသည်မပြောကောင်းမဆိုကောင်း မဆွေးနွေးကောင်းသလိုဆက်လက်ဟန်ဆောင်နေကြတော့မလား ။ ပွင့်ပွင့်လင်းလင်းဆွေးနွေးချိန်တန်ပြီဟုထင်သည် ။ သက်ငယ်မုဒိန်းသမားကိုသေဒဏ်ပေးဖို့အချို့က၀ိုင်းဝန်းတောင်ဆိးုကြသည် ။ အပြစ်ပေးခြင်း နည်းလမ်းတစ်မျိုးတည်းနှင့်တော့ ထိုအမှုသည်ပပျောက်ဖို့မလွယ်ပေ ။ မုဒိန်းမှုဖြစ်ရခြင်းမှာကျွန်တော့်အမြင်တွင်တော့ Demand နှင့် Supply မမျှတခြင်းကြောင့်ဖြစ်သည် ။ Demand ဆိုသည်ကား ကာမမှုကို ကျူးလွန်လိုနေသူ ပူရိသအချို့ဖြစ်သည် ။ Supply ဆိုသည်ကား သူတို့၏လိင်ဆက်ဆံဘက် ဖြစ်သည် ။ အိမ်ထောင်ဘက်လည်းဖြစ်နိုင်သလို ၊ သမီးရည်းစားလည်းဖြစ်နိုင်သည် ။ ထို့ထက်အလွန်ဆိုရလျှင် ငွေရလျှင် ဆန္ဒကိုဖြည့်ပေးမည့်ပြည့်တန်ဆာများသည်လည်း Supply အုပ်စုတွင်ပါဝင်သည် ။ အိမ်ထောင်ရှိသူ ၊ ချစ်သူရည်းစားမရှိသော ယောက်ကျားအချို့တွင် သူတို့၏ရှိနေသေးသော လိုအပ်ချက်ကိုငြိမ်းချမ်းစွာ ဖြည့်နိုင်သူမှာ ပြည့်တန်ဆာများဖြစ်သည် ။ ပြည့်တန်ဆာပပျောက်ရေး ၊ပြည့်တန်ဆာနှိပ်ကွပ်ရေးဆိုတာတွေချည်းပဲ လုပ်ခဲ့ကိုင်ခဲ့ကြသဖြင့် Supply ဈေးကွက်မှာအားနည်းလာသည် ။ ထိုအခါ ရောင်းလိုအားထက်ဝယ်လိုအားများလာသောကြောင့် မုဒိန်းမှုဖြစ်ရသည် ဟုထင်သည် ။ ထို့ကြောင့် ပြည့်တန်ဆာကိစ္စ ၊Sex Worker ကိစ္စကို စင်္ကာပူလိုတရားဝင်လုပ်ကိုင်ခွင့်ပေး၍ ကျန်းမာရေးအသိဖြင့်တင်းတင်းကြပ်ကြပ်ထိန်းချုပ်သင့်သည် ။တင်းလွန်းသောကြိုးသည်ပြတ်တတ်ပါ၏။ WY လိုမူးယစ်ဆေးဝါးများကလည်း လူကိုတိရိစ္ဆာန်စိတ်ပေါက်စေသည် ။ ၂၀၁၇ တွင်ဖမ်းမိသော WY ဆေးပြားများကား စစ်ဘေးရှောင်ကလေးငယ်များလိုအပ်သော နို့မှုန့် အရေအတွက်အလေးချိန်ထက်များနေပါသည် ။

    ၂၀၁၇ ၏ထူးခြားချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေရင်း တိုင်းရင်းသားတွေထချနေကြခြင်းဖြစ်သည် ။ ဆွေးနွေးပွဲတွေကလည်းနေရာအနှံ့ ၊တိုက်ပွဲတွေကလည်းနေရာအနှံ့  ။ ပြည်သူလူထုကတော့ မြေစာပင်သက်သက်မျှသာ ။မကြာမီကမှ ကချင်ပြည်နယ်ဝိုင်းမော်ဘက်တွင် သုံးနှစ်သားကလေးငယ်လေး လက်နက်ကြီးကျည်ထိမှန်၍ညာဘက်ခြေထောက်ဖြတ်လိုက်ရသည့်သတင်းကိုစိတ်မကောင်းစွာကြားရသည် ။လက်နက်ကိုင်ပြီးစီးပွားဖြစ်နေကြသူ လူတစ်စုအတွက် ပြည်သူတွေဘယ်လောက်တောင်ခံကြရဦးမည်မသိ။
     ၂၀၁၇ ဟုပြောလိုက်လျှင် အဓိကမြင်ယောင်လာသည်မှာ ရခိုင်ပဋိပက္ခဖြစ်သည် ။ မောင်တောဒေသနှင့်ဘူးသီးတောင်ရှိ ရဲကင်းစခန်းများကို Arakan Rohingya Solidarity Army (ARSA) ဟုသူ့ ဘာသာအမည်ပေးထားသည် အာတားအူလာဆိုသည့် အကြမ်းဖက်သမားခေါင်းဆောင်သောအဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ရာမှ ပြသနာစတင်သည် ။ တပ်မတော်က ထိုဒေသကို နယ်မြေရှင်းလင်းရေး ( Search and Raid )စစ်ဆင်ရေးဝင်သည် ။ ထိုဒေသတွင် ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောရလျှင် စာရေးဆရာတွေ ၊သတင်းထောက်တွေတယောက်မှမယ်မယ်ရရမသိ ။ အစိုးရသတင်းဌာနနှင့်တပ်မတော်သတင်းထုတ်ပြန်ချက်များ ကိုသာအကိုးအကားပြုရသည် ။ ထိုဒေသ၌ အကြမ်းဖက်သမားနှင့်ရွာသူရွာသားများမှာ ရောထွေးနေသည် ။ အကြမ်းဖက်အဖွဲ့ကသပ်သပ် ရွာသားကသပ်သပ်မဟုတ် ။ စစ်ဆင်ရေးလုပ်ရတာခက်ခဲနိုင်သည် ။ ရွာသားယောင်ဆောင်ပြီးတိုက်ခိုက်တာတွေလည်းရှိသည် ။ စစ်တပ်ကလည်းခပ်ကြမ်းကြမ်းကိုင်လိုက်သည်ထင်သည် ။ နောက်တော့ ဘင်္ဂလီတွေ ဘင်္ဂလားဒေ့ရှ်ဘက်သို့ထွက်ပြေးသွားသည် ။ ဒုက္ခသည်တွေကိုရိုဟင်ဂျာဟုအမည်တပ်ကာ ဘင်္ဂလားဒေ့ရှ်ကနိုင်ငံတကာသို့ပြကာစီးပွားရှာသည် ။ အနောက်တိုင်းနှင့် OIC အဖွဲ့က မြန်မာအစိုးရကိုပြင်းထန်စွာရှတ်ချဝေဖန်သည် ။ မြန်မာသည်နိုင်ငံတကာမျက်နှာစာတွင် သံတမန်ရေး၌ ဘင်္ဂလီကိစ္စတွင်အတော်မျက်နှာငယ်ရသည် ။ ထိုအခါ တရုတ်သည်မြန်မာ၏သံတမန်ရေးကယ်တင်ရှင်ဖြစ်သည် ။ ကယ်တင်ခနှင့်ထိုက်တန်အောင်တရုတ်ကြီးကလည်းမြစ်ဆုံဆည်စီမံကိန်းကိုပြန်စနိုင်ဖို့အကွက်ကောင်းကိုချောင်းနေသည် ။ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်၏ထောက်ခံမှုလည်းရအောင် ၊ မြစ်ဆုံကြီးလည်း ပါမသွားအောင်တော်တော်ကိုကြပ်ကြပ်တည်းတည်းဆောင်ရွက်နေရသည် ။ ၂၀၁၇ တွင် NLD အစိုးရ၏ဆောင်ရွက်ချက်များတွင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲရှေ့သို့ချွန်ထွက်နေပြီးသူ့ တာဝန်ပေးထားသူများက ခပ်လှမ်းလှမ်းမှမှေးလိုက်နေကြသလိုရှိသည် ။ ဆရာကတော်လွန်းတော့လည်းတပည့်မလိုက်နိုင်သလို ဆရာက လုပ်ခွင့်မပေးပြန်တော့လည်း တပည့်များက ကျောင်းထိုင်ဆရာတော်မသိပဲဘာမှမလုပ်ရဲသောကိုရင်လေးတွေလိုဖြစ်နေကြသည် ။ ကိုယ့်ဘာသာကိုယ်ထွင်လုပ်တာတွေတော့ရှိသည် ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုမင်းမင်းဦး ရာထူးမှသူ့ ဘာသာနုတ်ထွက်သည် ။ နောက်ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ဦးကတော့ သူ့ ဘာသာတီထွင်ကာအချစ်ကျူရှင်ပြသည် ။နောက်တယောက်က အိမ်ထောင်ရေး ဘွဲ့လွန်သင်တန်းတက်သည် ။ ဘာပဲဖြစ်ဖြစ် အထက်အမိန့်ကိုစောင့်မနေပဲလုပ်ရဲကိုင်ရဲတာကိုတော့ ချီးကျူးသည် ။

            ဒါတွေကအစိုရဘက်ကလုပ်ခဲ့ကိုင်ခဲ့သော ၂၀၁၇ လှုပ်ရှားမှုဖြစ်သည် ။ ပြည်သူလူထုကတော့ ၂၀၁၇ တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကြီးကိုခမ်းနားစည်ကားစွာရရှိလိုက်သည် ။ ခရစ်စမတ်ပွဲတော်ကြီးကိုခမ်းနားစွာကျင်းပနိုင်သည် ။ အစွန်းရောက်သော အဖွဲ့တစ်ဖွဲ့ဖျက်သိမ်းခံလိုက်ရသည် ။ တရားပွဲတွေ ၊စာပေဟောပြောပွဲတွေယခင်ကထက်လွတ်လပ်စွာကျင်းပခွင့်ရလာသည် ။ ဒီမိုကရေစီအငြိမ့် ပြိုင်ပွဲကြီးကိုကြည့်လိုက်ရသည် ။ ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲကြီးကိုကြည့်လိုက်ရသည် ။ဒီမိုကရေစီတို့ ငြိမ်းချမ်းရေးတို့ ဆိုသည်မှာပြိုင်ပွဲတွေပဲဟုကလေးတွေကထင်ကြသည်။  ၂ နှစ်စာစုပေါင်းပေးအပ်သော အံ့ဖွယ်အကယ်ဒမီပေးပွဲကြီးကိုကြည့်လိုက်ရသည် ။ ရုပ်မြင်သံကြားမှာ ဘူမသိကိုးမသိတွေဝင်ပြိုင်သောဥာဏ်စမ်းအစီအစဉ်တွေများလာသည် ။ မြန်မာရုပ်ရှင်တွေလည်း အပြိုင်အဆိုင်ပေါလာကြရာမှ အပြိုင်အဆိုင်ဆိုးကြမိုက်ကြဖြစ်လာကြသည် ။အသံချဲ့စက်သံတွေနားကွဲမတတ် နေရာတကာကျယ်လောင်လာသည်။ ဘာပဲဖြစ်ဖြစ် နေတတ်လျှင်၂၀၁၈ သည်လည်းကြေနပ်စရာဖြစ်မည်ပင် ။

သရ၀ဏ်(ပြည်)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရောက်တတ်ရာရာ ၂၀၁၇ သရ၀ဏ်(ပြည်) ”

Post a Comment

Related Posts Plugin for WordPress, Blogger...