Tuesday, February 6, 2018

လူတွေ ဖမ်းဆီးခံနေရသည့် တိန်ညိုရွာတွင် အိမ်တစ်လုံးနှင့် အိမ်တွဲစားသောက်ဆိုင်ခန်းတစ်ခုတို့ မီးရှို့ခံရ

,
နောင်ခိုင်အောင်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၅

မြောက်ဦးအုပ်ချုပ်ရေးမှူး သတ်ဖြတ်မှု သံသယဖြင့် အနည်းဆုံး လူ ၇ ဦးခန့် ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာတွင် ကုန်လွန်ခဲ့သည့် ညအချိန်က နေအိမ် တစ်လုံးနှင့် ၎င်းအိမ်နှင့် တွဲထားသည့် စားသောက်ဆိုင် တစ်ခုတို့ မီးရှို့ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

မီးရှို့ခံရသည့်အိမ်မှာ တိန်ညိုကျေးရွာ သပြေလမ်း နောက်ဘက်တွင် တည်ရှိသည့် ဦးကျော်နိုင် (၃၀) နှစ် နေအိမ်ဖြစ်ပြီး မီးရှို့ခံရချိန်တွင် အိမ်တွင် လူမရှိကြောင်း ရပ်ရွာ လူကြီးတစ်ဦးက ပြောကြားသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှု သံသယဖြင့် တိန်ညို ကျေးရွာသား အများအပြားဖမ်းဆီးခံနေရပြီး တစ်ချို့ ထွက်ပြေးတိမ်းရှောင်နေစဉ် ယခုမီးရှို့မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

“ ရွာမှာ လူတွေ အဖမ်းခံရတာတွေလည်း ရှိတယ်။ နောက်ပြီး အိမ်တွေကို လိုက်ရှာတာတွေလည်း ရှိတယ်။ ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိနေတယ်။ ဒီလို အခြေအနေမျိုးမှာ ညဉ့် ၁၂ နာရီ ၁၅ မိနစ်ခန့် လူတွေအိပ်နေချိန်မှာ အိမ်တစ်လုံးနဲ့ စားသောက်ဆိုင်ခန်း မီးရှို့ခံရတော့ ကျေးရွာသားတွေက စိုးရိမ် နေကြပါတယ်” ဟု ၎င်းအရပ်လူကြီးက ပြောသည်။

မီးရှို့ခံရမှုကြောင့် အိမ်နှင့် စားသောက်ဆိုင်မှာ လောင်ကျွမ်းသွားခဲ့ကြောင်း၊ မြောက်ဦးမြို့မှ မီးသတ်ကား တစ်စီးရောက်ရှိလာချိန်တွင် အိမ်မှာမီးလောင်ကျွမ်းသွားပြီ ဖြစ်ကြောင်း ၎င်းကျေးရွာလူကြီးက ပြောကြားသည်။

လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးမှလည်း မီးလောင်ခြင်းမှာ ဟုတ်မှန်ကြောင်း၊ ဘယ်သူ ရှို့သွားသည်ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားသည်။

မီးရှို့ခံရသည့် နေအိမ်တစ်လုံးနှင့် စားသောက်ဆိုင်တစ်ဆိုင်၏ တန်ဖိုးမှာ ကျပ်သိန်း ၅ဝ ခန့် ရှိကြောင်း မီးသတ်တပ်ဖွဲ့၏ တွက်ချက်မှုကို ကိုးကားပြီး အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက ပြောသည်။

#နိရဉ္စရာ
🇲🇲MSK

https://m.facebook.com/story.php?story_fbid=375529276253432&id=341113046361722

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ လူတွေ ဖမ်းဆီးခံနေရသည့် တိန်ညိုရွာတွင် အိမ်တစ်လုံးနှင့် အိမ်တွဲစားသောက်ဆိုင်ခန်းတစ်ခုတို့ မီးရှို့ခံရ”

Post a Comment

Related Posts Plugin for WordPress, Blogger...