Tuesday, January 16, 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏အမှုဖွင့်ခံရသည့်တရားရေးအရာရှိများ ထွက်ပြေးတိမ်းရှောင်နေ

,
ရန်ကုန်၊ ဇန်နဝါရီ ၁၅

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဘုတလင်မြို့နယ်တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် မြို့နယ်တရားသူကြီး၊ ဥပဒေအရာရှိနှင့် အထက်တန်းရှေ့နေတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။ ၎င်းတို့သုံးဦးစလုံးမှာ အမျိုးသမီးများဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဖြင့် ဘုတလင်မြို့မရဲစခန်း၌ ဇန်နဝါရီ ၁၂ ရက်က အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော တရားသူကြီး၊ ဥပဒေအရာရှိနှင့် အထက်တန်းရှေ့နေအမျိုးသမီးသုံးဦးတို့သည် ဘုတလင်မြို့နယ် တရားရုံး၌ ရာဇသတ်ကြီးအမှုအမှတ် (၂၂၇/၂ဝ၁၆) သစ်တော ဥပဒေပုဒ်မ ၄၁(က) ဖြင့်စွဲဆိုခဲ့သောအမှု၌ သက်သေခံပစ္စည်းဖြစ်သည့် ဟီးနိုးရိန်းဂျားခြောက်ဘီးယာဉ်အား ပြည်သူ့ဘဏ္ဍာအဖြစ် မသိမ်းဘဲ ပိုင်ရှင်ထံ ပြန်ပေးစေရေးအတွက် တရားခံဖြစ်သူထံမှ ငွေကြေးတောင်းခံရာ၌ ပါဝင်ပတ်သက်ကူညီအားပေးသည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


''နေပြည်တော်က တိုက်ရိုက်လာစစ်နေတာတော့ကြာပါပြီ။ ဘယ်လိုအမှုဖွင့်လဲဆိုတာကတော့ ကျွန်တော်က နာဂပွဲအတွက် တိုင်းအစိုးရနဲ့ နန်းယွန်းမှာရောက်နေလို့ အသေးစိတ်မသိရသေးဘူး'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ဦးခင်မောင်လှက ဇန်နဝါရီ ၁၅ ရက်တွင် ပြောသည်။ အမှုမှာ ဘုတလင်မြို့နေ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယမင်းသန့် (၂၉)နှစ်သည် တရားမဝင်သစ်ဖမ်းဆီးမှု၌ သက်သေခံမော် တော်ကားကို ပြည်သူပိုင်မသိမ်းဘဲ ပိုင်ရှင်ထံပြန်ပေးစေရေးအတွက် တရားခံထံမှ ငွေကျပ် ၁၂ သိန်းအား မုံရွာမြို့ နန္ဒဝန်ရပ်ကွက်မှ အမှုလိုက်အထက်တန်းရှေ့နေ ဒေါ်စုကြည်ထံမှတစ်ဆင့်ရယူခဲ့ကြောင်း၊ ထိုသို့မိမိဆောင်ရွက်ရမည့်တာဝန်ကိုအသုံးပြု၍ အဂတိလိုက်စားမှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇/ ၆၃ ဖြင့်လည်းကောင်း၊

ဘုတလင်မြို့နယ်တရားသူကြီး ဒေါ်အေးအေးနွဲ့ (၄၃)နှစ် (ယခုပဲခူး တိုင်းဒေသကြီးတရားလွှတ်တော် တိုင်းတရားရေးဦးစီးအရာရှိ အဖြစ်တာဝန်ထမ်းဆောင်)သည် ယင်းအမှု၌ တရားခံထံမှ ငွေ ကျပ် ၄၅ သိန်းကို နှစ်သုတ်ခွဲ၍ အမှုလိုက်အထက်တန်းရှေ့နေ ဒေါ်စုကြည်ထံမှ တစ်ဆင့်ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃ ဖြင့်လည်း ကောင်း၊ ဥပဒေအရာရှိနှင့် တရားသူကြီးတို့ကို လာဘ်ငွေပေးရန် ဆောင်ရွက်ခဲ့သည့် အထက်တန်းရှေ့နေ ဒေါ်စုကြည်အား အမှုအားလိုက်ပါဆောင်ရွက်စဉ် သစ်ကားကိုငှားရမ်းသုံးစွဲသူအဖြစ် အခြားသူတစ်ဦးအားဆောင်ရွက်စေရန်နှင့် သစ်ပိုင်ရှင်အဖြစ် ဆရာတော်တစ်ပါးအမည်ပေးရန် မမှန်မကန်အကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၆/ ၅၇/၆၃ တို့ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ထားကြောင်း သိရသည်။

ယင်းကဲ့သို့အမှုဖွင့်ထားခြင်းအပေါ် ဘုတလင်မြို့မရဲစခန်းစခန်းမှူးဒုရဲမှူးစိုးလွင်ထံ ဖုန်းဆက်မေးမြန်းရာ နေပြည်တော်ရှိအဂတိ လိုက်စားမှုကော်မရှင်ထံသာမေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းတို့သုံးဦးသည် လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေ ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှတာဝန်ရှိ သူတစ်ဦးကပြောသည်။ ယင်းအမှုနှင့်ပတ်သက်ပြီး တိုင်းတရားလွှတ်တော်နှင့် မြို့နယ် တရားရုံးတို့တွင် ယခုရက်ပိုင်းအတွင်း တရားစွဲတင်သွားမည်ဖြစ် ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဒုတိယညွှန် ကြားရေးမှူးချုပ်ဦးသန့်ဇော်က ဇန်နဝါရီ ၁၅ ရက်ကပြောသည်။  ''ဒီရက်ပိုင်းအတွင်း တရားစွဲတင်သွားမယ်။

တိုင်းတရားလွှတ် တော်မှာရော၊ မြို့နယ်မှာရော'' ဟု ၎င်းကပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ဝ၁၄ ခုနှစ်ကလည်း ဟုမ္မလင်းမြို့နယ် တရားသူကြီး ဦးတင်စိန်သည် မူးယစ်ဆေးဝါးအမှုနှစ်မှုနှင့် ပတ်သက်၍ လာဘ်ငွေရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပေါ်ပေါက်သဖြင့် တရားစွဲဆိုခဲ့ရာ အဆိုပါတရားသူကြီးအား ထောင်ဒဏ် ၁ဝ နှစ်ကျခံစေရန် စစ်ကိုင်းတိုင်းတရားလွှတ်တော်မှ အမိန့်ချမှတ်ခဲ့ဖူးသည်။

HWA, KTS

#democracytoday


https://m.facebook.com/story.php?story_fbid=10155915138278418&id=836008417

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏အမှုဖွင့်ခံရသည့်တရားရေးအရာရှိများ ထွက်ပြေးတိမ်းရှောင်နေ”

Post a Comment

Related Posts Plugin for WordPress, Blogger...