Wednesday, January 10, 2018

ကျမထက် ဖာဆန်တဲ့ ကျမတို့ နိုင်ငံတော်

,
" ကျမတို့ နိုင်ငံမှာ တရားဥပဒေဆိုတာ
လိင်တံတစ်ချောင်း လို အခြေအနေ နဲ့ အချိန်အခါကိုလိုက်ပြီး
ပျော့တယ်မာတယ်"

၁။

ဒီဖောက်သည်က လူရည်လည်တယ်
အကောင်ငယ်ထဲကတော့ မဟုတ်လောက်ဘူး
တစ်လျော့ကို နှစ်ကြောင်းသွားတော့လည်း
ကျမဘက်က အပြုအစုကောင်းရတာပေါ့…

Position မျိုးစုံ နဲ့
ကျမကို လိင်ဆက်ဆံပြီးမှ
အသွင်ယူဖမ်းဆီး သတဲ့
" $ချေးစား "…။

၂။

ကျမ မိသားစုရဲ့  အဖက်ဖက်က ဆာလောင်မှုတွေကို
ကျမလို အကျဉ်းထောင်ချထားလို့မရတဲ့ အကြောင်း
ယူနီဖောင်း တောက်တောက်ပြောင်ပြောင် နဲ့
" နိုင်ငံ့ ဂုဏ်ဆောင်" သူရဲကောင်းတို့ ကို ပြောပြချင်သေးတယ်…
ကျမ အဖေ နဲ့ အမေ
ကျမ မောင် နဲ့ ညီမ
ကျမ အစ်ကို ဒုက္ခိတ ပြီးတော့ ကျမ
ကျမ တို့ရဲ့  ပြောမကုန်အောင် ကြုံနေတဲ့ ဒုက္ခတွေဆိုတာ
မြို့တော်ခန်းမရှေ့ မှာ
မကျေမနပ် ဆန္ဒပြလို့ ရနိုင်တာမျိုးမှ မဟုတ်တာ…
ဝမ်းပေါင်း ခါးပေါင်း များစွာအတွက် မနေသာလို့
ကျမ ပြည့်တန်ဆာ ဖြစ်လာတယ်…

၃။

ကျမ နိုင်ငံတော်ကို ပုန်မကန်ဘူး
ကျမ ဖာခံတယ်…
ကျမ သစ်ခိုးမခုတ်ဘူး
ကျမဆန္ဒ နဲ့ ကျမဘော်လီကြိုးကို ကျမ ဖြုတ်တယ်…
ကျမ သံဃာတော်တွေကို မီးလောင်ဗုံး မလှူဘူး
ကျမ ကိုယ် ကျမ အပူခံနေတာ…
ကျမ လာဘ်မစားဘူး
ကျမ နဲ့ ပျော်ပါးဖို့ တန်ရာတန်ကြေး သတ်မှတ်ထားပြီးသား…
ကျမ လယ်၊ယာမြေတွေကို အတင်းအဓမ္မ မသိမ်းပိုက်ဘူး
ကျမ အတွက် အသပြာသိန်းသောင်းချီရရင် ကျမ ကိုယ်ခန္ဓာကို
ရှင်တို့အလိုကျ ပူဇော်ပသလိုက်တယ်…
ကျမ စစ်မတိုက်၊လူမသတ်ဘူး
ကျမဘက်က အားလုံးကို စိတ်ကျေနပ်စေရမယ် ဆိုတာချည်းပါ…

၎။

ကျမတို့နိုင်ငံမှာ တရားဥပဒေဆိုတာ
လိင်တံတစ်ချောင်းလို အခြေအနေ နဲ့ အချိန်အခါကိုလိုက်ပြီး
ပျော့တယ်မာတယ်…

၅။

ဒီနိုင်ငံခေတ်စနစ် ကြောင့်
ဒီနိုင်ငံမှာ ဖာ ဖြစ်လာတဲ့ ကျမကို
ဒီနိုင်ငံက စောက်ပြစ်တင်တယ်…
ဒီနိုင်ငံက ရာသီမမှန်ဘဲ တဝေါ့ဝေါ့ထိုးအန်နေတာတောင်
နန်းဆန်တဲ့ တော်ဝင်အပျိုစင် ဟန်ဆောင်ချင်နေတယ်…
ဒီနိုင်ငံက အပေါ်ယံဒဏ်ရာတွေအကြောင်း ဆူဆူညံညံအော်ပြီး
ဒီနိုင်ငံက အမှန်တရားအတွက်တော့ အမြဲ အသံတိတ်နေလွန်းတယ်…


ဒီနိုင်ငံကလေ ကျမထက်ကို ပိုပြီး ဖာဆန်လွန်းတယ်…။

credit အိုက်ခဲ

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကျမထက် ဖာဆန်တဲ့ ကျမတို့ နိုင်ငံတော်”

Post a Comment

Related Posts Plugin for WordPress, Blogger...