Sunday, March 11, 2018

ဖားချင်ပေမယ့် အဖားမတော်တဲ့ သမီးတော်ရဲ့ လက်ဝဲရံ၊ လက်ယာရံများ (သမီးတော်ရာဇ၀င် - ၁၇)

,
အဲဒီလို အပေါ်ကို အလွန်အကျူးတွေ ဖားခဲ့သမျှ လက်အောက်ကိုကျတော့
မဖားသူမှန်သမျှ အသားကုန် နှိပ်ကွပ်တာ အာဏာရှင်စနစ် မဟုတ်လို့ ဘာလဲဗျ
---------------------------------------------------------------------------
၁၉၉၀ ခုနှစ်ကျော် ကာလကစပြီး တပ်မတော်ထဲမှာရော အစိုးရထဲမှာပါ
ဗိုလ်ချုပ်ကြီး စောမောင် အာဏာအသိမ်းခံရပြီးတဲ့ နောက်ပိုင်း ဘယ်သူကမှ
အာဏာရှင်ကြီးကို အံမတုရဲတဲ့ အခြေအနေကို ဆိုက်ရောက်သွားခဲ့ပါတယ်။
တပ်မတော်မှာရှိတဲ့ စစ်သားကောင်း ပီသတယ်ဆိုတဲ့ တိုင်းမှူးဖိုက်တာကြီး
တွေလည်း အဆီအဆိမ့်တွေစားပြီးအသံတိတ်သွားကြပါတယ်။အထူးသဖြင့်
အာဏာရှင်ကြီးနဲ့ တည့်အောင်ပေါင်းနိုင်လေလေ အကျိုးရှိလေဆိုတာကို
သဘောပေါက်လာခဲ့တဲ့အတွက် ဘယ်သူကမှ တိုင်းပြည်အတွက် အမုန်းခံ
ပြီး မပြောကြတော့ပါဘူး။

ဒီအခြေအနေတွေကြောင့် အာဏာရှင်ကြီးနဲ့ သမီးတော်တွေကို ခစားပြီး
အလိုလိုက် ၊ အကြိုက် ဆောင်ချင်တဲ့ လက်ဝဲရံ ၊ လက်ယာရံတွေ ပိုပြီးတော့
တိုးပွားလာပါတယ် ။ တပ်ထဲမှာလည်း များလာသလို စီးပွားရေး လောကမှာ
လည်း သမီးတော်တွေကို ခစားဖို့ တန်းစီနေသူတွေ အတော်များပါတယ် ။
အဲဒီအချိန်ကလည်း တိုင်းပြည်မှာ အာဏာရှင်ကြီး လက်ညှိုးညွှန်ရာ ရေဖြစ်
တဲ့ အချိန်အခါလည်း ဖြစ်နေပါတယ် ။ ဒီလိုမျိုး ဖြစ်ချင်သလို ဖြစ်ပျက်နေပေ
မယ့် ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ လက်မခံခဲ့ပါဘူး။

တိုင်းသူပြည်သားတွေကို လက်နက်နဲ့ အနိုင်ကျင့် အုပ်ချုပ်နေတဲ့ အစိုးရကို
သင်ခန်းစာပေးဖို့၊ ပြစ်ဒဏ်ခတ်ဖို့ စိုင်းပြင်းလာကြပါတယ် ။ မြန်မာအစိုးရကို
ပြစ်ဒဏ်ခတ်ဖို့အတွက် အဓိက ဦးဆောင်နေတဲ့ အမေရိကန်ပြည်ထောင်စု
ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို
လက်ခံခဲ့သလို မြန်မာစင်ပြိုင်အစိုးရကို ကုလသမဂ္ဂက လက်ခံ အသိအမှတ်
ပြုဖို့အထိပါ အားထုတ်လာပါတယ် ။ အမေရိကန်အထက်လွှတ်တော်အမတ်
မက်မတ်ခ်ျကောနယ်လ်က မြန်မာစစ်အစိုးရ အားကောင်းမလာဖို့အတွက်
သူ့ရဲ့စီးပွားရေး ခြေတံလက်တံတွေကို ဖြတ်တောက်ပစ်ရမယ်လို့ ကွန်ဂရက်
မှာ အကြံပြုခဲ့ပါတယ် ။ အဲဒီ့ နောက်မှာတော့ မြန်မာနိုင်ငံဟာ အမေရိကန်
ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးပြစ်ဒဏ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရ
ပါတော့တယ်။


စီးပွားရေး ပိတ်ဆို့ခံရတဲ့အတွက် မြန်မာနိုင်ငံက စီးပွားရေးသမားတွေဟာ
နိုင်ငံခြားကို ဘဏ်ကတစ်ဆင့် ငွေပေးငွေယူတွေ လုပ်လို့မရတော့သလို
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ သင်္ဘောသားတွေ ၊ နိုင်ငံသားတွေလည်း
ပြည်တွင်းကို ငွေလွှဲဖို့ အခက်အခဲများစွာနဲ့ကြုံတွေ့ခဲ့ရပါတယ်။အထူးသဖြင့်
စီးပွားရေး ပိတ်ဆို့မှုကြောင့် အနစ်နာဆုံး လူတွေကို ပြပါဆိုရင် စစ်အုပ်စုကို
အသုံးချပြီး စီးပွားရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့ခရိုနီတွေနဲ့စစ်တပ်အတွင်း
က ငွေကြေး မြောက်မြားစွာ ရရှိထားတဲ့ အရာရှိကြီးတွေပဲ ဖြစ်ပါတယ်။နိုင်ငံ
ရပ်ခြားမှာ ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ၊ ဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေဟာ
တစ်ပြားမှ ပြန်မရတော့ပါဘူး။

ဒီအခြေအနေဟာ တိုင်းပြည်ရဲ့ အာဏာအရှိဆုံးဖြစ်တဲ့သူကြီးကိုလည်း စိတ်
ထိခိုက်စေခဲ့ပါတယ် ။ ဖခင်ဖြစ်သူ စိတ်မကြည်လင်တဲ့အတွက် သမီးတော်
တွေကလည်း စိတ်မချမ်းမသာ ဖြစ်နေရပါတယ်။သမီးတော်တွေ စိတ်မချမ်း
သာတော့ သမီးတော်တွေ ဘေးနားက လက်ဝဲရံ ၊ လက်ယာရံတွေလည်း
မျက်နှာညှိုးနေတာပေါ့။ ဒီအခြေအနေဆိုးက ကျော်လွှားလွတ်မြောက်ချင်တဲ့
နောက်တော်ပါတစ်ဦးက(နာမည်ကိုတော့ မဖော်ပြလိုတော့ပါဘူး။အခုတော့
မတရားရရှိထားတဲ့ ပိုက်ဆံတွေနဲ့ အတော် ချမ်းသာနေပါပြီ။) စီးပွားရေးပိတ်
ဆို့မှုကိုဖွင့်ပေးအောင် လုပ်နိုင်မယ့် နာမည်ကြီး ဗေဒင်ဆရာရှိတယ်လို့ ပြော
လာပါတယ်။ အားလုံးကလည်း အကြံကုန်နေတဲ့ အချိန်ဆိုတော့ သူပြောတဲ့
ဗေဒင် ဆရာဆီကို သွားဖို့ စိတ်ပါလာကြပါတယ်။

နောက်ဆုံး ဗေဒင်ဆရာဆီကို သမီးတော်နဲ့ လက်ဝဲရံ ၊ လက်ယာရံတွေ
ရောက်ရှိသွားပါတယ် ။ ဗေဒင်ဆရာကလည်း (သူ့နာမည်ကိုလည်း စာနာ
ထောက်ထားတဲ့ အနေနဲ့ မပြောတော့ပါဘူး။) သမီးတော်ကိုယ်တိုင် ဗေဒင်
လာ မေးတာဖြစ်တဲ့အတွက် ပျာပျာသလဲ တွက်ချက်ပေးပါတယ်။နောက်ဆုံး
တော့ စီးပွားရေးပိတ်ဆို့မှု ပွင့်ချင်ရင် ယတြာချေရမယ်လို့ ဆိုပါတယ်။ ချေရ
မယ့် ယတြာကတော့ ခြေရှစ်ချောင်းရှိတဲ့ သတ္တ၀ါအများအပြားကို လွှတ်ပေး
ရမယ်လို့ ဆိုပါတယ်။ရုတ်တရက် ယတြာကို ကြားကြားချင်း လက်ဝဲရံ၊လက်
ယာရံတွေလည်း ဦးနှောက်ခြောက်သွားပါတယ်။ခြေထောက်ရှစ်ချောင်းရှိတဲ့
သတ္တ၀ါဆိုတော့ ပင့်ကူတွေပဲ ရှာရမှာလား၊ ကင်းခြေများတွေပဲ ရှာရမှာလား၊
ကင်းမ လက်မည်းတွေပဲ ရှာရမှာလား ဘာလားပေါ့။ ဒါပေမဲ့ ဗေဒင်ဆရာက
ပြုံးပြုံးကြီးကြည့်ပြီး “ဂဏန်းတွေဝယ်ပြီး လွှတ်လိုက်လည်း ရတာပါပဲဗျာ”လို့
ဆိုပါတယ် ။ ဒီစကားကြားမှပဲ လက်ဝဲရံတွေသက်ပြင်းချနိုင်ပါတော့တယ်။

အဲဒီနောက်တော့ အချိန်မဆိုင်းဘဲ ရန်ကုန်မြို့မှာရှိတဲ့ ဂဏန်း ဒိုင်တွေနဲ့ သံ
ဈေးကို အားချင်းပြေး ကြပါတော့တယ်။ ပင်လယ်ထဲက  ဖမ်းမိသမျှ ဂဏန်း
ကြီး၊ ဂဏန်းလတ်၊ ဂဏန်းငယ်တွေမကျန် အကုန်ဝယ်ပါတော့တယ်။ ဒီလိုနဲ့
အာဏာရှင်ကြီး အိမ်ထဲကို ဂဏန်းတွေ ရာချီပြီး ရောက်လာပါတယ် ။ အဲဒီ
တုန်းက နေပြည်တော်ဆိုတာ မပေါ်သေးတာမို့ ရန်ကုန်မြို့ထဲမှာပဲ ဂဏန်း
တွေလွှတ်ဖို့ ပြင်ဆင်ရ ပါတော့တယ် ။ နောက်ဆုံး ကုန်းမြင့်သာထဲမှာရှိတဲ့
ရေကန်မှာပဲ ဂဏန်းတွေကို လွှတ်ဖို့ စီစဉ်ကြပါတယ်။

ဒီအစီအစဉ်ကို သမီးတော်ကို ပြောပြတော့လည်း ခေါင်းတငြိမ့်ငြိမ့်နဲ့သဘော
ကျနေတာပေါ ။ နောက်တစ်နေ့ မနက် အာရုဏ်မတက်ခင်မှာ ကင်းစောင့်
ရဲဘော်တွေရဲ့ အကူအညီနဲ့ ဂဏန်းတွေကို ကြိုးဖြည်ပေးပြီး ရေကန်ထဲ
လွှတ်ပေးလိုက်ပါတယ်။ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို လက်ဝဲရံ၊ လက်ယာ
ရံတွေက “အောင်ပြီ အောင်ပြီ အောင်ပြီ” လို့တော့ မအော်ဘူးပေါ့ ။ ဒီလိုနဲ့
ယတြာချေတဲ့ အစီအစဉ် အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။

နောက်တစ်နေ့ရောက်တဲ့အခါ  ယတြာရဲ့အစွမ်းကတော့ ချက်ချင်း ပြလာပါ
တယ်။အမေရိကန်တွေဘက်က ဘာတုံ့ပြန်မှုမှ မကြားပေမယ့် ကုန်းမြင့်သာ
ရေကန်ကြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့အိမ်တွေမှာတော့ ပုပ်စော်တလှိုင်လှိုင်
ကြိုင်သင်းလို့ နေပါတယ် ။ အကြောင်းရင်းကို ရှာဖွေကြည့်လိုက်တော့ကန်
ထဲကို လွှတ်လိုက်တဲ့ ဂဏန်းတွေအားလုံး သေပြီး ဂဏန်းသေတွေကြောင့်
အဲဒီ့နားဝန်းကျင်မှာ ပုပ်စော်နံနေတာပဲ ဖြစ်ပါတယ် ။ ရေငန်မှာ ရှင်သန်တဲ့
ဂဏန်းကြီးတွေကို ပိုက်ဆံရှိလို့ လိုချင်သလောက် ရခဲ့ပေမယ့် လက်ဝဲရံတွေ
က ရေငန်ဂဏန်းတွေကို ရေချိုမှာ ရှင်သန်နိုင်အောင်တော့ ဘုန်းတန်ခိုး
မစွမ်းနိုင်ခဲ့ပါဘူး။ ရေငန်ဂဏန်းတွေ အားလုံး သေကုန်ပါတယ်။ နောက်ဆုံး
ရဲဘော်တွေကို ခေါ်ပြီး ဂဏန်းသေတွေကို ပြန်ရှင်းရပြန်ပါတယ်။

ဒီသတင်းကိုလည်းကြားရော သမီးတော်တစ်ယောက် အကြီးအကျယ်ဒေါသ
ထွက်တော့တာပေါ့။ သူ့အဖေအတွက် အကူအညီ ရမလားဆိုပြီး ဗေဒင်မေး၊
ယတြာချေ မိပါတယ် ။ နောက်ဆုံးတော့ ပုပ်စော်နံတာသာ အဖတ်တင်ပါ
တယ် ။ သမီးတော် မျက်နှာသာပေးအောင် ဘေးက ၀ိုင်းဝန်း စီမံပေးကြတဲ့
လက်ဝဲရံ၊လက်ယာရံတွေလည်း ဒီတစ်ကြိမ်မှာတော့ မျက်နှာမရခြေထောက်
ရခဲ့ပါတယ်။ သမီးတော်ကို ဖားချင်ပေမယ့် အဖားမတော်တဲ့ မင်းမြှောင်တွေ
အဖြစ် သူတို့ကို သမိုင်းမှာ မှတ်တမ်းဝင် စေချင်တဲ့အတွက် ဒီဆောင်းပါးကို
ရေးဖြစ်ပါတယ်။

လက်စောင်းထက်

Tomorrow မှ ကူးယူ ဖော်ပြပါသည် ။

ပြန်လည် မျှဝေပေးပါသည် ။

ငွေစိုး

https://m.facebook.com/story.php?story_fbid=271958136675260&id=100015832272209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဖားချင်ပေမယ့် အဖားမတော်တဲ့ သမီးတော်ရဲ့ လက်ဝဲရံ၊ လက်ယာရံများ (သမီးတော်ရာဇ၀င် - ၁၇)”

Post a Comment

Related Posts Plugin for WordPress, Blogger...