Tuesday, January 2, 2018

၂၀၀၈ ဖွဲ့ စည်းပုံကြိုးစင်

,
ရခိုင့်အရေးက ဘာကိုမီးမောင်းထိုးပြလိုက်သလဲ။ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံရေး သတ်ကွင်းဖြစ်တယ်၊ နိုင်ငံရေး ထောင်ချောက်ဖြစ်တယ်၊ ၂၀၀၈ ဖွဲ့ စည်းပုံဟာ ရာဇပလ္လင် အသွင် ယူထားတဲ့ ကြိုးစင်ဖြစ်တယ် ဆိုတာကိုပါ။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ကြုံတွေ့ နေရ တဲ့ ဘက်စုံထောင့်စုံက စိန်ခေါ်မှုတွေ၊ ပြဿနာတွေဟာ ၂၀၀၈ ဖွဲ့ စည်းပုံကြိုးစင်ပေါ်ကို တက်လှမ်း မိတာရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ထိခိုက်ပျက်စီးရတဲ့ ဖြစ်ရပ်တိုင်းမှာ အတွင်းပိုင်း ပဋိပက္ခ က အဓိက ကျပါတယ်။ ပြင်ပ ပယောဂဆိုတာ လူတွင်ပါလို့ နွားကျားဆွဲတဲ့ အဖြစ်ပါ။

စစ်အုပ်စု ခင်းပေးတဲ့လမ်းက ကြိုးစင်ကိုပဲ ဦးတည်ထားတာပါ။ ဒါပေမဲ့ သူတို့ နဲ့ ရန်ဘက်အတွက် သာ ကြိုးစင်၊ သူတို့ အတွက်၊ သူတို့ ဘက်သားအတွက်တော့ ရာဇပလ္လင်ဖြစ်နိုင်တဲ့ အစွမ်းရှိတာမျိုး ပါ။ ၂၀၀၈ ဖွဲ့ စည်းပုံဟာ စစ်တပ်နဲ့ စစ်ထွက်တွေအတွက် သူ့ အပင်နဲ့ သူ့ အခေါက်ဖြစ်အောင် အထူး စီမံဖန်တီးထားတဲ့ အရာဖြစ်ပါတယ်။ သူတို့ မလိုလားသူ တက်လာလို့ ကတော့ တခါတည်း နဲ့ နိုင်ငံရေး အသေသတ်မယ့် နေရာပါ။ အခုပဲကြည့်ပါ၊ တစတစနဲ့ ထိခိုက်မှုလေးတွေကနေ ထိခိုက် မှုကြီးတွေ ဖြစ်လာနေတယ်။ အခုဖြစ်နေတဲ့ ပြည်တွင်းပြည်ပ ရိုက်ခတ်မှုတွေဟာ စစ်အုပ်စု ထင်တိုင်းကြဲသမျှ ခေါင်းခံပေးရတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံရဲ့ အစွမ်းတွေပဲဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။

၂၀၀၈ ကြိုးကွင်းက တဖြည်းဖြည်းနဲ့ တင်းသထက် တင်းလာတာကို ပြနေတာပါ။ ဒီချုပ်အစိုးရတက် လာတဲ့ တစ်နှစ်ကျော် ကာလတိုအတွင်းမှာ ဘယ်လိုဆုံးရှုံးမှုတွေ ရှိသလဲ၊ ဘယ်လို အကျိုးအမြတ် တွေ ရသလဲ တွက်ကြည့်ပါ။ လူထုခေါင်းဆောင်ဟာ နိုင်ငံ့ဥသျှောင် ဖြစ်မလာနိုင်ဘူး။ နိုင်ငံတော် အတိုင်ပင်ခံရာထူးကို တီထွင်ဖန်တီးလိုက်ပေမယ့် ပါတီက ဥပဒေ အကြံပေးရဲ့ အသက်နဲ့ လဲယူ လိုက်ရတယ်။ နိုင်ငံ့အကြီးအကဲ သမ္မတရာထူးကို ရယူနိုင်ဦးတော့ ထူးခြားမှု ရှိလာမလား။ အခု ထက်ပိုပြီး ခေါင်းခံရမှာပဲ ရှိပါတယ်။ စစ်တပ်က သူတို့ ဆိုမြဲအတိုင်း နိုင်ငံရေး ဦးဆောင်မှုအခန်းက နေ တလက်မတောင် ရွေ့ တာမဟုတ်ပါဘူး။ စစ်တပ်ကို ‘ဗိုလ်’ လုပ်ခွင့်ပေးထားသရွေ့ ဗိုလ်ကျစိုးမိုး နေဦးမှာ ဖြစ်ပါတယ်။ ပိုပြီးဆိုးတာက သူတို့ လုပ်သမျှကို ခေါင်းခံပေးရတာ၊ သူတို့ ရှုပ်သမျှကို လိုက်ဖြေရှင်းရတာပါ။

၂၀၀၈ ဖွဲ့ စည်းပုံကို ဦးညွှတ်မိတဲ့အဖြစ်က လူသတ်ကောင်အတွက် ကိုယ်စား စက်တိုင်တက်ပေးရ  တဲ့ အဖြစ်ပါ။ ကိုယ်ချစ်ခင်လေးစားတဲ့သူက လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ ဖြစ်နေတာပါ။ ကိုယ်တိုင် ကြိုးစင်ပေါ် ရောက်နေလို့ ၂၀၀၈ ဖွဲ့ စည်းပုံ ကြိုးစင်ကို ဖြိုချနိုင်တဲ့ အခြေအနေ မဟုတ်တော့ဘူး။ ဒီအလုပ်ကို ကြိုးစင်ပေါ် ရောက်နေသူတွေ မလုပ်နိုင်တော့ပါဘူး။ ရင်ကြားစေ့ရေး အာစေးက မိထားပါသေးတယ်။ ဒါကို ပြည်သူလူထုက ရှင်းရှင်းလင်းလင်း သိမြင်ပြီး ပြတ်ပြတ်သားသား တိုက်ပွဲဆင်ကြရပါ မယ်။ ၂၀၀၈ တိုက်ဖျက်ရေးကို လုပ်နိုင်တာ ပြည်သူလူထုပဲ ရှိပါတော့တယ်။

မျက်မှောက် လူထုနိုင်ငံရေး လုပ်ငန်း စဉ်ဟာ ၂၀၀၈ ခြေဥ ဖျက်သိမ်းရေး ဖြစ်တယ်၊ ပြင်ဆင်ရေး မဟုတ်ဘူး ဆိုတာလည်း ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။ စစ်တပ် သဘောတူမှ ပြင်လို့ ရမယ့် ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ အလုံးစုံ ဖျက်သိမ်းရေးမှအပ တခြားရွေး စရာ မရှိပါဘူး။ ၂၀၀၈ ဖွဲ့ စည်းပုံကြိုးစင်ပေါ် ရောက်နေသူတွေကို ကယ်တင်ဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ က ကိုယ်ဒူးကိုယ်ချွန် တိုက်ပွဲဝင်ကြရမှာပါ။ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ တည်မြဲ နေသရွေ့ အခုလိုပဲ ပြဿနာပေါင်းစုံ၊ ဒုက္ခပေါင်းစုံကို ခါးဆီးခံနေရပါလိမ့်မယ်။ ကမ္ဘာ့ အလယ်မှာလဲ မျက်နှာမွဲ ဖြစ်နေဦးမှာပါပဲ။ ဗမာပြည်ကလို့ ဆိုတာနဲ့ ဝေးဝေးကရှောင်တာ ခံရတဲ့အဖြစ်ကို ရောက် နေပါလိမ့်မယ်။

ဖွဲ့ စည်းပုံ ဖျက်သိမ်းရေး လွယ်သလား။ ရိုးအီနေပေမယ့် မှန်ကန်နေဆဲတရားက “ပြည်တင်းရင်း မင်းမခံနိုင်ဘူး” လို့ ဆိုတယ်။ ဒီနေရာမှာ ဒီချုပ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ‘မင်း’ လို့ မြင် ရင်တော့ မှားပါလိမ့်မယ်။ တကယ့် အာဏာကို ဆုပ်ကိုင်ထားတဲ့ စစ်အုပ်စုကသာ အာဏာပိုင်ရှင် အစစ်အမှန်ပါ။ စစ်အာဏာရှင်တွေ စိတ်ရှိတိုင်း ချယ်လှယ်ခွင့်ရနေတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေးကို တညီတညွတ်တည်း တောင်းဆိုတိုက်ပွဲဝင်ရပါမယ်။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲရေး တောင်းဆိုတိုက်ပွဲဝင်ရပါမယ်။

ဒီလိုတိုက်ပွဲဝင်ရာမှာ သက်ငယ်ချောင်းနဲ့ ခေါင်းလောင်းထိုးတဲ့ လုပ်ဟန်တွေ၊ ကောက်ရိုးမီး တိုက်ပွဲ တွေနဲ့ တော့ မရပါဘူး။ မြို့ လုံးကျွတ်၊ ပြည်လုံးကျွတ် အလံမလှဲစတမ်း၊ နောက်မဆုတ်တမ်း အခိုင် အမာ တောင်းဆိုတိုက်ပွဲဝင်ရမှာပါ။ ဒီလိုတိုက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်ကြရမယ်၊ အားထုတ်ကြရပါမယ်။ ကမ္ဘာကြီးဟာ လှုပ်လှုပ်ခတ်ခတ်နဲ့ ပါ။ တော်ကြာ လူဖြစ်မယ်မှ မကြံသေး ကမ္ဘာပျက်တာနဲ့ ကြုံနေ ရပါလိမ့်မယ်။ အချိန်တွေ ကုန်လာခဲ့တာ များပါပြီ။ လူထုဟာ လူထုခေါင်းဆောင်ဆီက အမိန့် ကို စောင့်နေလို့ ရတဲ့ အခြေအနေမျိုး မဟုတ်ပါ။ ကိုယ့်အသိစိတ်နဲ့ ကိုယ် နားလည်သဘောပေါက်ပြီး ကိုယ့်အလုပ် ကိုယ့်တာဝန်ကိုယ် ကျေပြွန်အောင် ထမ်းရွက်ကြရပါလိမ့်မယ်။

၂၀၀၈ ဖွဲ့ စည်းပုံကြိုးစင်ကို ဖြိုဖျက်ကြ။ နိုင်ငံသစ်ကို တည်ဆောက်ကြ။ အရုဏ်သစ်ကို ဖွင့်လှစ်ကြ။

သံပါးစပ်
1.1.2018

      အရေးတော်ပုံ ဂျာနယ်မှတဆင့်

https://m.facebook.com/story.php?story_fbid=374893416289499&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ၂၀၀၈ ဖွဲ့ စည်းပုံကြိုးစင်”

Post a Comment

Related Posts Plugin for WordPress, Blogger...