Friday, January 26, 2018

ခြံစည်းရိုးခွထိုင်သူလား ၊ အပြောင်းအလဲကိုလိုလားသူလား သရ၀ဏ်(ပြည်)

,
မကြာသေးမီက လူမှုကွန်ယက်ပေါ်တွင်သတင်းတပုဒ်တက်လာသည် ။ထိုသတင်းမှာ ကြံခိုင်ရေးဥက္ကဌ ဟောင်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဌဟောင်း၊ ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦရွှေမန်း ကိုယ်ပိုင်နိုင်ငံရေးပါတီအသစ်တခုထူထောင်လျှောက်ထားတော့မည်ဟူသောသတင်းဖြစ်သည် ။ အွန်လိုင်းသတင်းများး၏အဆိုအရ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဦဆောင်မည့် နိုင်ငံရေးပါတီကို ပြည်သူ့ ပါတီ ဟုအမည်ပေးထားပြီး ၎င်းအားထောက်ခံသည့်ကြံခိုင်ရေးပါတီဝင်ဟောင်းများဖြင့် ဦးဆောင်ဖွဲ့စည်းမည်ဖြစ်ကြောင်း ၊ယင်းပါတီတွင် ပါဝင်မည့်သူတဦးက ဆိုသည်ဟုသိရ၏။
“ဒီနှစ်လည်လောက်မှာ ပါတီမှတ်ပုံစတင်မယ် ။ ဆိုတော့  တရားဝင်တော့ဘာမှမကြေညာသေးပါဘူး။ပြင်ဆင်နေတဲ့ကာလပဲရှိသေးတာကိုး ။မကြာခင်သတင်းထုတ်ပြန်မှာပါ ။ အဲဒိတာ့မှအသးစိတ်တွေမေးပေါ့ဗျာ ။ခုတော့ပြောလို့မရသေးဘူး “ဟု လက်ရှိ သူရဦးရွှေမန်း ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်နေသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးပြည်ထောင်စုကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသည့်ကြံ့ခိုင်ရေးပါတီမှထုတ်ပယ်ခံထားရသူ ထိပ်တန်းခေါင်းဆောင်ဟောင်းတဦးကရှင်းပြသည် ဟု The Voice of Myanmar News ကဖော်ပြသည်။  သို့ သော် ၂၂.၁.၂၀၁၈ နေ့ထုတ် 7 DAY DAILY သတင်းစာတွင်မူ ဦးရွှေမန်းပါတီထောင်မည့်သတင်းများ မှားယွင်းဟူသောခေါင်းစဉ်ဖြင့်ရေးသားထားသည် ။ ဆဲဗင်းဒေးသတင်းစာအဆိုအရ
“နိုင်ငံရေးပါတီထူထောင်မယ်ဆိုတာကတော့ နောင်တချိန်မှာတော့ အဲဒိလိုအစီအစဉ်ရှိမရှိ ကျွန်တော်မသိသော်လည်း အခုလတ်တလောအခြေအနမှာတော့ မရှိပါဘူးခင်ဗျာ “ဟုသူရဦးရွှေမန်း၏ အထူးကော်မရှင်တွင် အဖွဲ့ဝင်တဦးဖြစ်သူ ၎င်း၏တပည့်ရင်းဦးကိုကိုနိုင်က ပြောသည် ဟုရေးသားထား၏ ။

ထို့ကြောင့်ဦးရွှေမန်း နိုင်ငံရေးပါတီတခုထောင်မည့်ကိစ္စမှာ ကောလဟလလိုလို ဘာလိုလိုဖြစ်နေခဲ့လေ၏ ။ သို့ သော် မြန်မာနိုင်င့တွင် ကောလဟလဆိုသောသတင်းတော်တော်များများသည် အမှန်ဖြစ်လာတတ်ကြောင်းကိုတော့ သတိထားမိပေသည် ။မကြာမီရက်ပိုင်းကထွက်ပေါ်ခဲ့သော ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနှင့်ဝန်ကြီးတဦးရာထူးမှနှုတ်ထွက်တော့မည်ဟူသော ကြေညာချက် အွန်လိုင်းတွင်ပျံ့ လာခဲ့စဉ်ကလည်း သမ္မတရုံးဝန်ကြီးဌာန ညွှန်ချုပ် ဦးဇော်ဌေးက မဟုတ်မမှန်ကြောင်း ပြောခဲ့သေးသည် ။နောက် နှစ်ရက်တွင် အဆိုပါကောလဟလအတိုင်းအတိအကျ သမ္မတရုံးမှကြေညာချက်ထွက်လာတော့ မည်သူမှမအံ့သြတော့ချေ ။၁၅.၉.၁၉၉၃ တွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းကြီးထူထောင်သောအခါတွင်လည်း တနေ့ တွင် ထိုအသင်းကို ပါတီအဖြစ်ပြောင်းလိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များကဆိုခဲ့ကြသည် ။ သို့သော် စစ်အစိုးရခေါင်းဆောင်အစဉ်အဆက်က ထိုသို့မဟုတ်ရပါ  ၊ ကြံ့ခိုင်ရေးအသင်းကြီးသည် နိုင်ငံရေးနှင့်မသက်ဆိုင်သော အမျိုးသားရေးအသင်းကြီးဖြစ်ပါသည်၊ကျွန်တော်တို့အမျိုးသားရေးပဲလုပ်ပါသည် ၊ပါတီနိုင်ငံရေးမလုပ်ပါ ဟု ငြင်းခဲ့ကြသည် ။ သို့ သော်အားလုံးသိကြသည့်အတိုင်း ၂၀၁၀ ရွေးကောက်ပွဲကြီးနီးလာသောအခါ  ၂၀၁၀ ဇွန်လဆန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်ကာ အမြန့်တကာအမြန်ဆုံးခွင့်ပြုချက်စံချိန်အဖြစ် ( လျှောက်ထားပြီးလေး၊ငါးရက်အတွင်း) ၂၀၁၀ ဇွန်လ ၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ အဖြစ် ပြောင်းလဲဖွဲ့စည်းခွင့်ပြုခဲ့သည် ။ ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များမှာ စစ်ဘက်မှအငြိမ်းစားယူခဲ့ကြသော စစ်ဗိုလ်ချုပ်များဖြစ်သည် ။ ထို့ကြောင့်မြန်မာပြည်တွင်ကောလဟလသတင်းများမှန်တတ်သည်ဟုဆိုရခြင်းဖြစ်သည် ။

       ဦးရွှေမန်းသည် မြန်မာ့နိုင်ငံရေးတွင်ယခင်ကထင်ရှားသူမဟုတ် ။ သူ့ ကို ပြည်သူလူထုကစတင်ပြီး သတိထားမိသည်မှာ ထောက်လှမ်းရေးအကြီးအကဲ (ထိုစဉ်က၀န်ကြီးချုပ်လည်းဖြစ်သူ ) ဗိုလ်ချုပ်ခင်ညွန့် ကို ဖမ်းဆီးထိမ်းသိမ်းပြီးနောက် စစ်အစိုးရသတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်စကားပြောသူ ၊ ရုပ်မြင်သံကြားမှ ဗိုလ်ချုပ်ကြီးခင်ညွန့်ပြစ်ချက်များကို ဖတ်ကြားတင်ပြသူအဖြစ် စတင်တွေ့ မြင်ခဲ့ကြခြင်းဖြစ်သည် ။ ထိုရုပ်မြင်သံကြာသတင်းထုတ်လွှင့်ချက်တွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ အားနည်းချက် အပြစ်အနာအဆာများကို တိတိကျကျ စေ့စေ့စပ်စပ် စိမ်ပြေနပြေ အားပါးတရ ထုတ်လွှင့်သွားသောဗိုလ်ချုပ်ကြီ်းတဦးအဖြစ် ဦးရွှေမန်းကို ပြည်သူလူထုကစတင်သတိထားမိသည် ။သူရဦးရွှေမန်းသည် တပ်မတော်တွင် စစ်တက္ကသိုလ် (D.S.A) ဗိုလ်သင်တန်း အပတ်စဉ် (၁၁) ဆင်းဖြစ်သည် ။ သူသည် ၁၉၈၈ တွင် ဗိုလ်မှူးအဆင့်သာရှိသေးသည် ။ ၁၉၈၉ ကရင်ပြည်နယ် မာနယ်ပလောဌာနချုပ်တိုက်ပွဲတွင် “သူရ”ဘွဲ့ရရှိခဲ့သည် ။ ထို့နောက် ဒုတိယဗိုလ်မှူးကြီး ၊၁၉၉၁ တွင် ဗိုလ်မှူးကြီး (ဗျူဟာမှူး) ၊၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ် ၊ ၁၉၉၇ တွင် (နတစ)တိုင်းမှူး ဖြစ်လာပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ(န.အ.ဖ) အဖွဲ့ဝင်ဖြစ်လာသည် ။ ၂၀၀၀ပြည့်နှစ်တွင်ဗိုလ်ချုပ်ရာထူးရသည် ။  ၂၀၀၁ တွင်ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)  အဆင့်သို့ခန့် အပ်ခံရသဖြင့် တပ်မတော်တွင် ရာထူးအတော်ကြီးခဲ့ဖူးသူဖြစ်သည် ။ ၂၀၀၃ တွင် ဗိုလ်ချုပ်ကြီး အဆင့်သို့ ရာထူးတက်ပေးခြင်းခံရသည် ။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းဘ၀တွင် ဘ၀တက်လမ်းသည် အရာရာဖြောင့်ဖြူးလျက်ရှိသည် ။ ရာထူးတွေအဆင့်ဆင့်တက်လာပုံမှာ တနေ့ နေ့တချိန်ချိန်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့မရှိလျှင် တပ်မတော်တွင်အကြီးအကဲရာထူးကိုပင် မှန်းနိုင်လာသည့်အခြေရောက်လာသည် ။ တပ်ထဲတွင်ဆက်မနေပဲနိုင်ငံရေးရာထူးယူလျှင်လည်း အနာဂါတ်မြန်မာနိုင်ငံအစိုးရအဖွဲ့တွင် သမ္မတဖြစ်လာနိုင်သည် ဟု သူကိုယ်တိုင်သာမက အများကပါထင်မှတ်ခြင်းခံရသူဖြစ်သည် ။ သို့ သော် သူ၏အိပ်မက်အားလုံး ၊ သူ၏ ဘ၀တက်လမ်းအားလုံးမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင်ပထမဆုံးကျင်းပသော လွှတ်တော်အစည်းအဝေးမှာပင်တစစီကွဲ ကြေခဲ့ရလေသည် ။ သူ၏ဘ၀တက်လမ်းအများစုသည် သူတော်လို့ဆိုသည်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာသာပေးမှုကြောင့်ဆိုတာသူမေ့နေသည် ။ ၂၀၁၀ ရွေးကောက်ပွဲနှင့် အစိုးရအဖွဲ့ ၊ လွှတ်တော်တို့၏ လျှို့ ဝှက်ခေါင်းကိုင်ဖခင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေမလိုလားလျှင် သူမျှော်မှန်းသောရာထူးများမရနိုင်ကြောင်းကို လွှတ်တော်ပထမဆုံးနေ့ မှာပဲ ဦးရွှေမန်းသိလိုက်ရသည် ။ သူလိုချင်သည့်ရာထူးက နိုင်ငံတော်သမ္မတရာထူး ၊ သူလိုလားသည်က သမ္မတဖြစ်ဖို့ ။ သို့ သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်တုရင်ခုံပေါ်မှအရုပ်ကလေးများကို အကွက်ရွှေ့ သည့်နှယ် သူ့ ကို နေရာချထားခံလိုက်ရသည်က သူတခါမှ မတောင့်တဖူးခဲ့သော ပြည်သူ့ လွှတ်တော်ဥက္ကဌရာထူး ။ သူအလိုချင်ကြီးလိုချင်ခဲ့သော နိုင်ငံသမ္မတရာထူးကိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့မိသားစု စကားကို တသဝေမတိမ်းနားထောင်ပြီး ဗိုလ်ချုပ်မှူးကြီးနောင်ရေးအတွက် ပို၍ယုံကြည်စိတ်ချခြင်းကိုခံရသောဗိုလ်ချုပ်ကြီးသိန်းစိန်(ခေါ်)ဦးသိန်းစိန် ဖြစ်နေပါတော့သည် ။ အောင့်သက်သက်နှင့်ခံလိုက်ရသော်လည်း ဦးရွှေမန်းရင်ထဲတွင် ကမ္ဘာမကြေဖြစ်သွားသည် ။ အပေါ်ယံကြောပြုံးနေရသော်လည်း ဦးသိန်းစိန်ကိုမြင်တိုင်းသူ့ ရင်ထဲမှာ မုန်တိုင်းမွှေသည် ။

        ထိုခါးသီးသော ခံစားချက်သည် နောက်ပိုင်း အခွင်းကြုံတိုင်း သမ္မတနှင့် လွှတ်တော်ဥက္ကဌ ပဋိပက္ခကလေးတွေဖြစ်လာသည် ။ တနည်းဆိုရသော် သမ္မတနောက်တွင် အစိုးရအဖွဲ့ရှိပြီး၊ လွှတ်တော်ဥက္ကဌနောက်တွင် လွှတ်တော်အမတ်များရှိရာ ဦးရွှေမန်းနှင့် ဦးသိန်းစိန် မျက်မုန်းကျိုးမှုသည် အစိုးရနှင့်လွှတ်တော် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာသည် ။ ဦးသိန်းစိန်တင်သော ဥပဒေကြမ်းများကို လွှတ်တော်က လျောလျောရှူရူမလိုက်လျောပဲ ပြင်ဆင်တည်းဖြတ်မှုတွေလုပ်သည် ။ ဦးရွှေမန်း ဖွဲ့စည်းသော လွှတ်တော်ကော်မတီတွေ အဖွဲ့အစည်းတွေသည် ပြည်ထောင်စုအဆင့်မဟုတ်ဟု ဦးသိန်းစိန်က နိုင်ကွက်ပြန်ကိုင်သည် ။ ဦးသိန်းစိန်ဘက်ခပ်ပါပါဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုသည်ကို ဦးရွှေမန်းက အယုံအကြည်မရှိအဆိုတင်ရန်ကြံစဉ်လုပ်ဆောင်သည် ။ ဦးရွှေမန်းနှင့်လွှတ်တော်တို့က မဲခွဲ၍ဖြုတ်ချကာနီးတွင် ဦးသိန်းစိန်က သူ့ လူတွေ ( ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဌနှင့်အဖွဲ့ဝင်များ)ကို သူ တို့ဘာသာရာထူးမှနှုတ်ထွက်ခိုင်းလိုက်သည် ။ ဤတကွက်မှာ ဦးရွှေမန်းနှာတဖျားသာသွားသဖြင့် ဦးသိန်းစိန်ကလည်းအကွက်ကောင်းကိုချောင်းနေသည် ။ သူတို့ နှစ်ဦးအားပြိုင်မှုတွင် အဓိကအဆုံးအဖြတ်ပေးမည့် အင်အားစုမှာ တပ်မတော်ဖြစ်သည် ။ တပ်မတော်သည် ဦးရွှေမန်းနှင့် လွှတ်တော်ဘက်ကရပ်မလား၊ ဦးသိန်းစိန်နှင့် အစိုးရဘက်ကရပ်မလားဆိုတာ အလွန်အရေးကြီးသည် ။

       ထိုအခြေအနေတွင်တပ်မတော်နှင့် ဦးရွှေမန်း၏ ဆက်ဆံရေးမှာသိပ်မကောင်းတော့ချေ ။ဦးရွှေမန်းသည် ပြည်သူ့ လွှတ်တော်တွင် ဥက္ကဌ ၊ပြည်ထောင်စုလွှတ်တော်တွင်နာယက ရာထူးသာမက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆၄) အရ သမ္မဖြစ်သူသည် ပါတီတာဝန်မထမ်းဆောင်ရဟူသောပြဌာန်းချက်ကြောင့် ဦးသိန်းစိန်ဥက္ကအဖြစ်မှခေတ္တဖယ်ပေးလိုက်ရသော ပြည်ခိုင်ဖြိုးပါတီဥက္ကဌတာဝန်ကိုပါ ရရှိသွားသဖြင့် နိုင်ငံရေးအရ အင်အားကြီးမားလွန်းသွားသည် ။ ထိုအချိန်တွင် တပ်မတော်၏တရားဝင်ခေါင်းဆောင်သည် ဦရွှေမန်း နှင့်အလွန်ရင်းနှီးခဲ့သော ဆရာရင်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမဟုတ်တော့ပေ။ တပ်မတော်ဝါအရ ဦးရွှေမန်းထက် ငယ်သူ( DSA အပတ်စဉ် ၁၉ ဆင်း)  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ခေတ်ကိုရောက်နေသည် ။ ထိုအခြေအနေတွင် တပ်နှင့် ဦးရွှေမန်းဆက်ဆံရေးအဆင်မပြေစရာကိစ္စများဆက်တိုက်ဖြစ်လာသည် ။အဆင်မပြေရခြင်း၏အဓိကအကြောင်းများတွင် စစ်တပ်မှထွက်လာပြီးပြီးချင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသို့ ဝင်ေ၇ာက်ကာ ရွေးကောက်ပွဲဝင်လိုသော တပ်မတော်အရာရှိကြီး ၁၄၃ ယောက်အနက် ၅၉ ဦးကိုသာလက်ခံကာ စစ်ဘက်အရာရှိဟောင်းကြီးများ ၈၄ ဦးကိုလက်မခံပယ်ချခဲ့သည့်ကိစ္စကအတော်ထင်ရှားသည် ။ ထိုလုပ်ရပ်အတွက် ဦးရွှေမန်းအား စစ်တပ်မှသဘောထားတင်းမာသူများသာမက ပါတီတွင်းခေါင်းဆောင်အချို့က အလွန်မကြေမနပ်ဖြစ်ခဲ့ကြသည် ။ထို့အပြင် ဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကို ပိတ်ပင်တားဆီးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉(စ)အပါဝင် ပုဒ်မများစွာကို ပြင်ဆင်ရေးကြိုးပမ်းခဲ့သည့်အတွက်လည်း သဘောထားတင်းမာသူ စစ်ဘက်အရာရှိဟောင်းများသဘောမကျကြပေ ။ ၂၀၁၅ ဇွန်လ ၂၃၊၂၄၊၂၅ တွင်ကျင်းပခဲ့သော ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုကို ပြည်ထောင်စုလွှတ်တော်တွင်မဲခွဲဆုံးဖြတ်ခဲ့ရာ အဓိကပြင်ဆင်လိုသည့် ပုဒ်မများဖြစ်သည့် ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၄၃၆(က) ၊ ၄၃၆(ခ) ၊ ပုဒ်မ (၆၀)စသည်တို့မှာ တပ်မတော်သားကိုယ်စားလှယ်အားလုံးနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှကိုယ်စားလှယ်အချို့ ကကန့်ကွက်မဲပေးခဲ့ကြသဖြင့်အဆိုရှုံးနိမ့်ခဲ့သည်။ထိုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲမှုများတွင်ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ရေးအတွက် ကန့်ကွက်ခဲ့သော တပ်မတော်သား ကိုယ်စားလှယ်များကို လျှို့ဝှက်မဲပေးသောစနစ်မကျင့်သုံးပဲ မတ်တပ်ရပ်၍ ပြောင်မဲပေးစနစ်ကျင့်သုံးခဲ့မှုကြောင့် ပြည်သူအကြားတပ်မတော်ပုံရိပ်ကျဆင်းခဲ့ရသည်ဆို၏ ။ ထို့ အပြင် ပြည်ခိုင်ဖြိုး ဥက္ကဌရာထူးကို သူရဦးရွှေမန်းရယူထားစဉ်ပြည်ခိုင်ဖြိုးပါတီမှ သမ္မတဦးသိန်းစိန်အားကိုးရသော ၀န်ကြီးဦးအောင်မင်း နှင့် ဦးစိုးသိန်းတို့ကိုလည်း ကယားပြည်နယ်မှဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုခဲ့ပေ။ ထိုအချက်များကြောင့် ဦးရွှေမန်းသည် တပ်နှင့် ဆက်ဆံရေး အေးစက်လာသည့်သဘောရှိပေသည် ။ သို့သော် ဦးသန်းရွှေ၏တပည့်ဖြစ်ခြင်း၊ ၀ါရင့်ဝန်ကြီးဟောင်း ဦးအောင်သောင်းက ကျောထောက်နောက်ခံပြုထားခြင်း ၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဖြစ်နေခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်နေခြင်း တို့ကြောင့် သူရဦးရွှေမန်းကို တို့၍ထိ၍မရဖြစ်နေခဲ့ပေသည် ။ ထို့အပြင် ဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်အတွင်းရင်းနှီးသောဆက်ဆံရေးရှိခြင်းကိုလည်း အချို့သောသဘောထားတင်းမာသူများက မနှစ်မြို့ကြချေ ။ထိုကိစ္စများအားလုံးပေါင်းဆုံပြီးသည့်နောက် ဦးသိန်းစိန်သည် သူရဦးရွှေမန်းအား အပြုတ်တိုက်ရန်စတင်စီစဉ်တော့သည် ။

       ပထမဆုံးခြေလှမ်းမှာ ဦးရွှေမန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီယာယီဥက္ကဌ ရာထူးမှဖြုတ်ချပြီး ပါတီသြဇာမဲ့သွားအောင်လုပ်ဖို့ဖြစ်သည် ။ လမ်းမှန်ကမ်းမှန်ဆိုလျှင် ထိုသို့ဖြုတ်ချလိုလျှင် ပြည်ခိုင်ဖြိုး ပါတီညီလာခံခေါ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်အားလုံးမဲပေးကာ ခေါင်းဆောင်အသစ် ၊ အလုပ်အမှုဆောင်အသစ်ကို ဒီမိုကရေစီနည်းကျ ရွေးကောက်ရမည်ဖြစ်သည် ။ သို့ သော် စစ်သားလူထွက်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်သည် ဒီမိုကရေစီဝါဒထက်ပို၍သွက်လက်မြန်ဆန်သေချာမည်ဟုသူ့ ဘာသာယူဆသော စစ်ဆင်ရေးလုပ်သလိုအာဏာသိမ်းသည့်နည်းကိုပဲ ရွေးချယ်ခဲ့လေသည် ။ ၂၀၁၅ ခု သြဂုတ်လ ၁၂ ရက် ည ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဌာနချုပ်ကို ရဲတပ်ဖွဲ့ ၊လုံခြုံရေးအစောင့်အကြပ်များဖြင့် ၀င်ရောက်လာကာ သမ္မတဦးသိန်းစိန်အမိန့်ဖြင့် ပါတီဥက္ကဌ သူရဦးရွှေမန်းနှင့်ဗဟိုအလုပ်အမှုဆောင် ၁၂ ဦး ကို ရာထူးမှဖြုတ်ချပစ်ကြောင်းကြေညာလိုက်လေသည် ။ ထိုလုပ်ရပ်တွင် တပ်မတော်က ဦးသိန်းစိန်ဘက်မှရပ်တည်ကြောင်းထင်ရှားသည် ။ ညကြီးသန်းခေါင် မြင်မကောင်းရှုမကောင်း ပါတီတွင်းအာဏာသိမ်းသည့်လုပ်ရပ်မျိုးတွင်ရဲတပ်ဖွဲ့ကလိုက်ပါတာဝန်ထမ်းဆောင်နေခြင်းသည် သဘာဝမကျကြောင်း လူများစွာကထောက်ပြဝေဖန်ခဲ့ကြသည် ။ထိုကိစ္စကိုတပ်မတော်ကရော၊ ရဲတပ်ဖွဲ့ကပါ ဘာမှတရာဝင်ရှင်းလင်းချက်မပေးခဲ့ပေ ။ဤနည်းဖြင့် သူရဦးရွှေမန်းပါတီဥက္ကဌနေရာမှလျှောကျကာ ပြည်ခိုင်ဖြိုးပါတီနှင့် ကင်းကွာသွားလေသည် ။ဦးရွှေမန်းကိုဖြုတ်ချပြီးထိုနေ့မနက် တွင်ကြံခိုင်ရေးပါတီဌာနချုပ်၌ ကိုယ်စားလှယ်လောင်းအသစ်ကြိုဆိုပွဲ နှင့်သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။ ကိုယ်စားလှယ်လောင်းအသစ်ထဲတွင် ၂၀၁၅ နိုဝင်ဘာ (၈)ရက်ရွေးကောက်ပွဲ တွင်ဝင်ေ၇ာက်ယှဉ်ပြိုင်မည့် စစ်ဘက်အရာရှိဟောင်း ၅၀ ကျော်လည်းပါဝင်သည် ။ သြဂုတ်လ ၂၃ ရက်တွင် ပြည်ခိုင်ဖြိုးပါတီညီလာခံက ဦးသန်းဌေး ကိုဥက္ကဌတင်ကာ အလုပ်အမှုဆောင်အဖွဲ့သစ်ကိုရွေးချယ်ခန့်အပ်ခဲ့သည် ။ အဖွဲ့ဝင် (၉)ဦးပါဝင်သော ပါတီဦးဆောင်ကော်မတီ ဗဟိုနာယကအဖွဲဆိုတာကိုလည်းဖွဲ့စည်းလိုက်သည် ။ထိုသူများမှာ (၁)ဦးသိန်းစိန်၊ (၂)ဦးဌေးဦး၊ (၃)သူရဦးအေးမြင့်၊(၄)ဦးသောင်း၊(၅)ဦးစိုးသာ၊(၆)ဦးလွန်းသီ၊ (၇)ဦးတင်ထွတ်၊(၈)သူရဦးမြင့်အောင် ၊(၉)ဦးခင်အောင်မြင့် တို့ဖြစ်ကြသည် ။ (မှတ်ချက်ထိုနာယကအဖွဲ့ကို ၂၀၁၇ ဒီဇင်ဘာလထဲတွင်ဖျက်သိမ်းခဲ့သည် ) ။
         ထိုသို့ ဦးရွှေမန်းအပါအ၀င်ကြံခိုင်ရေးပါတ်ီအမှုဆောင်ဟောင်းလူကြီးများ ၁၃ ယောက်ကိုပါတီတာဝန်မှဖယ်ရှားထုတ်ပယ်လိုက်သည့်တချိန်တည်းတွင် လူသိထင်ရှားသြဇာကြီးသူများ ပါဝင်သော နာယကအဖွဲ့ ကိုဖွဲ့စည်းပေးလိုက်ခြင်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလက်ရာနှင့်အတော်ဆင်တူနေလေသည် ။ ဦးသန်းရွှေသည် လူကြီးများကို တပြိုင်နက်ဖယ်ရှားလိုက်တိုင်း တပ်တွင်းမှ လူများကြေနပ်သွားစေရန် တကယ်တန်းဘာအာဏာမှမရှိသည့် နာယက ဆိုသောအဖွဲ့ ၊အကြံပေးဆိုသောအဖွဲ့များဖွဲ့ပေးလေ့ရှိသည် ။ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ရဲကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်အောင်၊ဒုတိယဗိုလ်ချုပ်ကြီး မြသင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးသောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်မင်းစသော န.၀.တ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ၁၃ ဦးကိုတာဝန်မှရပ်စဲခဲ့သည် ။ ထိုသို့တာဝန်မှရပ်စဲပြီးနောက် ထိုသူများကိုထောက်ခံသူများ တပ်အတွင်းမှာရှိနိုင်သဖြင့် ပုန်ကန်မှုများမဖြစ်ပေါ်စေရန် ထိုရာထူးပြုတ်ဒုတိယဗိုလ်ချုပ်ကြီး ၁၃ ဦးနှင့် ဗိုလ်ချုပ်စိုးမြင့်တို့အား အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ (န.အ.ဖ)အဖွဲ့ တွင် အကြံပေးအဖွဲ့အနေနှင့်တာဝန်ပေးကြောင်း ရာထူးဖြုတ်သော နေ့မှာပင်ကြေညာချက်ထုတ်ပေးခဲ့လေသည် ။အကြံပေးအဖြစ် (၇)လနီးပါး အထိခန့်အပ်ပြပြီး နောက် စစ်ဘက်အရပ်ဘက်မှမည်သည့်တုန့်ပြန်မှုမှမရှိကြောင်းသေချာသည့်အခါ ထိုအကြံပေးအဖွဲ့ကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေကဖျက်သိမ်းပစ်ခဲ့ပါသည် ။ယခုလည်း မပြေးသော်ကန်ရာရှိ ၊ သူရဦးရွှေမန်းတို့ အမှုဆောင် ၁၃ ဦးကိုရာထူးမှဖြုတ်ပြီးနောက် နာယကအဖွဲ့ဆိုပြီး ဦးသိန်းစိန်တို့  ၊ ဦးခင်အောင်မြင့်တို့လို ဗိုလ်ချုပ်ကြီးတွေကို အကြံပေးလိုလို ပြန်ခန့်ထားခြင်းဖြင့် တပ်တွင်းနှင့်အရပ်ဘက်မှ ဆန့်ကျင်လာမည့် သူရဦးရွှေမန်းဂိုဏ်းသားများကိုနှစ်သိမ့်ပြလိုက်ခြင်းဖြစ်သည် ။
     
     ထိုသို့ ဦးရွှေမန်းကိုပါတီဥက္ကဌရာထူးမှဖြုတ်ချရုံနှင့်မပြီးသေး ။ ပြည်သူ့ လွှတ်တော်ဥက္ကဌအဖြစ်မှဖြုတ်ချရန်ကြံကြသေးသည် ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေး ကလွှတ်တော်သို့စာပို့ ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေပြဌာန်းပေးရန် ၂၀၁၅ သြဂုတ်၁၃ နေ့စွဲဖြင့် အကြောင်းကြားခဲ့သည် ။ ဦးရွှေမန်းကကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်သလိုဖြစ်မည့်ထိုဥပဒေကိုအတည်ပြုမပေးပဲ ဥပဒေကြမ်းကိုဆိုင့်ငံ့ထားရန် လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ခဲ့သည် ။ ထို့အပြင် ဦးရွှေမန်းမိသားစုပိုင်ဆိုင်သော ချယ်ရီ FM ရေဒီယိုလိုင်း နှင့်ပြည်ထောင်စုနေ့စဉ်သတင်းစာကိုအစိုးရကပိတ်သိမ်းခဲ့သည် ။ထို့ အပြင် သူရဦးရွှေမန်းသားများရှယ်ယာပ်ါသော Elite မော်တော်ယာဉ်လိုင်းကိုလည်း ယာဉ်တိုက်မှုတခုဖြစ်ပွားသည်ကိုအကြောင်းပြု၍ပိတ်သိမ်းရန်ကြိုးစားခဲ့သည် ။သူရဦးရွှေမန်းဥက္ကဌလုပ်နေသော ပြည်သူ့ လွှတ်တော်ကိုလည်း ရပ်နားရန် ပြည်ခိုင်ဖြိုးအမတ်တဦးမှတဆင့် အဆိုတင်သွင်းလာသည် ။ သို့ သော် ဦးရွှေမန်းကမရပ်နားပေ ။

           ၂၀၁၅ ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းသည် ပြည်ခိုင်ဖြိုးပါတီကိုယ်စား နေပြည်တော်ဇေယျာသီရိမြို့မှဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်ထားသော်လည်း တပ်မတော်သားကိုယ်စားလှယ် မိသားစုများက ကန့်ကွက်ခဲ့သဖြင့် သူ၏ဇာတိဖြူးမြို့နယ်မှသာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသည် ။ထိုအခြေအနေတွင် ဦးရွှေမန်းသည် ပါတီကိုလည်းဆုံးရှုံး ၊ တပ်၏ထောက်ခံမှုကိုလည်းဆုံးရှုံးရာ သူ့ တွင်အင်အားကောင်းသောမဟာမိတ်ရှိရန်လိုအပ်လာသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပိုမိုလက်တွဲလိုက်တော့သည် ။ ဖြူးမြို့မဲဆန္ဒနယ်တွင်သူဝင်ပြိုင်ရာ NLD အမတ်ကိုသူရှုံးသော်လည်း နိုင်သူကို ဖုန်းဆက်၍၀မ်းမြောက်ကြောင်းပြောသည့် တဦးတည်းသောပြည်ခိုင်ဖြိုးကိုယ်စားလှယ်ဖြစ်သည် ။ဒေါ်အောင်ဆန်းစုကြည်နှင့်ပိုမိုနီးစပ်လာသည့်အတွက် အချို့သူများ၏အမြင်မကြည်လင်မှုကို ခံရသည် ။ သို့ သော် သူရဦးရွှေမန်းသည် တပ်နှင့်သော်လည်းကောင်း ၊ပြည်ခိုင်ဖြိုးပါတီနှင့်သော်လည်းကောင်း ဝေးကွာလာပြီး NLD နှင့် ၊ဒေါ်အောင်ဆန်းစုကြည်နှင့်ပို၍နီးစပ်လာလေသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ကအစိုးရအဖွဲ့ဖွဲ့သောအခါ သူရဦးရွှေမန်းကိုသမ္မတတင်မြှောက်မည်ဆိုသော သတင်းများပင်ထွက်လာသေးသည် ။ သို့ သော် ဦးရွှေမန်းကိုသမ္မတတင်လျှင် ပြည်သူလူထုနှင့် NLD ပါတီဝင်များကဆန့်ကျင်မှာကို သိသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရာထူးအားဦးထင်ကျော်ကို ပေးလိုက်သည် ။ ဦးရွှေမန်းကိုတော့ အားလုံးသိသည့်အတိုင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးပြည်ထောင်စုကော်မရှင်တွင်ဥက္ကဌတာဝန်ပေးလိုက်သည် ။ ထိုတာဝန်ကို သက်တမ်းတိုးသောအခါတွင်ပင် လွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်ကြသေးသည်။ သို့သော် NLD အမတ်ကများနေသဖြင့် ထိုရာထူးသက်တမ်းတိုးခွင့်ရခဲ့သည် ။

          ဦးရွှေမန်း NLD နှင့်ပေါင်းခြင်းမှာ ခြံစည်းရိုးခွထိုင်ပြီး နိုင်သည့်ဘက်သို့ ခုန်ချခြင်းဟု ထင်သူကထင်ကြသည် ။ အချို့က သူရဦးရွှေမန်းကို ဆိုဗီယက်ပြည်ထောင်စုမှ ပြုပြင်ပြောင်းလဲရေးလိုလားသူ ဂေါ်ဗာချော့နှင့်တူသည်ဟုထင်ကြသည် ။ ဂေါ်ဗာချော့ကိုကမ္ဘာက ကြိုက်ကြသော်လည်း သူ့ နိုင်ငံ (ရုရှား)မှာတော့ လူကြိုက်နည်းသည် ။ ပြုပြင်ပြောင်းလဲရေးသမားထက် ဆိုဗီယက်ယူနီယံကြီးကိုဖြိုခွဲသူဟုမြင်ကြသည် ။ ဦးရွှေမန်းမှာလည်းအားနည်းချက် အားသာချက်တွေရှိသည် ။ အားသာချက်မှာ သူသည် NLD နှင့်လည်းကောင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်းဆက်ဆံရေးအထူးကောင်းမွန်သည့်တဦးတည်းသော အဆင့်မြင့်တပ်မတော်အရာရှိဟောင်းဖြစ်သည် ။၂၀၁၅ ရွေးကောက်ပွဲအပြီးတွင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)ကို တွေ့ ဆုံနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးခဲ့သူဖြစ်သည် ။ သူသည် သမ္မတဖြစ်ချင်သည်ဟု ပွင့်ပွင့်လင်းလင်းအကြိမ်ကြိမ်ဖွင့်ဟ၀န်ခံခဲ့သူဖြစ်သည် ။သူ့ လက်ထက်တွင် လွှတ်တော်သည် အသက်ဝင်နေကာ အစိုးရကိုကောင်းကောင်းထိမ်းကျောင်းနိုင်ခဲ့သူဖြစ်သည် ။ အားနည်းချက်ကား န.အ.ဖ စစ်အာဏာရှင်အဖွဲ့တွင် သူသည် နံပတ်သုံးခေါင်းဆောင်ဟုကျော်ကြားခဲ့သူဖြစ်သည် ။ မြောက်ကိုရီးယားနှင့်စစ်စာချုပ်များချုပ်ခဲ့သူဟုသတင်းများထွက်ခဲ့သူဖြစ်သည် ။ သူ၏သားများသည် စီးပွားရေးအလွန်အမင်းချမ်းသာကြခြင်းဖြစ်သည် ။ သူစစ်တိုင်းမှူးဘ၀က သူ၏သားများ၏ ဧရာရွှေဝါ ကုမ္မဏီနှင့် စီးပွားလုပ်ပိုင်ခွင့်ပတ်သက်မှုများရှိခဲ့သည်ဟူသောထောက်ပြဝေဖန်မှုများရှိခြင်းဖြစ်သည် ။ သူ၏ခမီးခမက်တော်သူ ဇေကမ္ဘာခင်ေ၇ွှ၏စီးပွားရေးလုပ်ငန်းများနှင့်နှင့်ရော၍လည်း သူ့ ကို အမြင်မကြည်လင်မှုများ ရှိနေခဲ့သူဖြစ်သည် ။ထိုသူသည် သမ္မတဖြစ်ခွင့်ရချင်သဖြင့် ဒေါ်အာင်ဆန်းစုကြည်အနားသို့ ကပ်လာသူဟု အထင်ခံရသူဖြစ်သည် ။

           ယခုအခါ သူနိုင်ငံရေးပါတီတခုထောင်တော့မည်ဟူသော သတင်းတခုထွက်လာသည် ။တပ်မတော်မှတဆင့်သမ္မတမဖြစ်ခဲ့၊ ကြံ့ခိုင်ရေးပါတီမှတဆင့်လည်း သမ္မတမဖြစ်ခဲ့ ၊ NLD ပါတီ၏ထောက်ခံမှုမှတဆင့်လည်းသမ္မတမဖြစ်ခဲ့သော ဦးရွှေမန်းသည် သူ့ ဘာသာပါတီအသစ်ထောင်ကာ ရွေးကောက်ပွဲမှတဆင့်သမ္မတဖြစ်ရေးလမ်းကြောင်းကိုရွေးပြီလားဟု ယူဆဖွယ်ဖြစ်သည် ။ ဘာပဲဖြစ်ဖြစ် ကုန်လွန်ခဲ့သောအတိတ်ကိုပြန်ပြင်၍မရတော့ ။ လာမည့်အနာဂါတ်တွင်မသေမချင်းဘယ်လိုဆက်သွားမလဲဆိုတာကိုသာကြည့်၍ သူရဦးရွှေမန်းသည် ခြံစည်းရိုးခွထိုင်သူလား၊ အပြောင်းအလဲကိုလိုလားသူလားဆိုတာ သမိုင်းရေးထိုးမည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)  

စောင့်ကြည့်ဂျာနယ်
၂၆.၁.၂၀၁၈

Ko Nyi ဆရာသရဝဏ်(ပြည်)အားလေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

https://m.facebook.com/story.php?story_fbid=574877242858877&id=100010098195181

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ခြံစည်းရိုးခွထိုင်သူလား ၊ အပြောင်းအလဲကိုလိုလားသူလား သရ၀ဏ်(ပြည်)”

Post a Comment

Related Posts Plugin for WordPress, Blogger...