Tuesday, May 22, 2018

အလုပ်သမားနှင့် လ.၀.က ၀န်ကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခံရ

,
မေ(၂၂) ၂၀၁၈၊ ရန်ကုန်
The Nyang News

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေသည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရကြောင်း ငြမ်းမီဒီယာ၏ သတင်းရင်းမြစ်များ နှင့် ငြမ်းမီဒီယာ က ရရှိထားသော ခိုင်မာသည့် အထောက်အထားများအရ သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားသူမှာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ကြောင်း ငြမ်းမီဒီယာ ၏ သတင်းရင်းမြစ်များ ကဆိုသည်။

ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ သက်သေခံ အထောက်အထား လက်မှတ်၊ CI(Certificate of Identity) ထုတ်ပေးရေး လုပ်ငန်းစဉ်တွင် ထိုင်း - မြန်မာ နှစ်နိုင်ငံ သဘောတူညီခဲ့သော ကုန်ကျစရိတ် များထက် အလုပ်သမားများ အပိုကြေးများစွာ ကုန်ကျခဲ့ရသော နစ်နာမှုဖြစ်စဉ်၌ တာဝန်ရှိမှုအတွက် ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေကို တိုင်ကြားထားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင်တို့ထံ ငြမ်းမီဒီယာက အကြိမ်ကြိမ်ဆက်သွယ်၍ အတည်ပြုချက် ရယူရန် ကြိုးစားခဲ့သော်လည်း “အစည်းအဝေးသွားနေကြောင်း” သာ ပြန်လည်ပြောဆိုခဲ့ ကြသည်။

ငြမ်းမီဒီယာအနေဖြင့်အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ငြင်းဆန်ခြင်း၊ အတည်ပြုခြင်း မရှိခဲ့ပေ။

မကြာသေးမီက စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းသည် မိသားစုဝင်တစ်ဦးနှင့် ပတ်သက်၍ တိုင်ကြားခံရခြင်း ကြောင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ထို့အပြင် မေလ (၂၁) ရက်နေ့ထုတ် သတင်းစာတစ်စောင်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ရာထူးမှ နုတ်ထွက်ရန် စာတင်ထားသည်ဟု သတင်းထွက်ပေါ် လာခြင်းကို အတည်ပြုရန် ကြိုးစားနေကြောင်း အဆိုပါ သတင်းစာတွင်ဖော်ပြထားသည်။

“အဂတိ လိုက်စားမှု ဆိုတာ ဘယ်လောက်လေးပဲ အဂတိဖြစ်ဖြစ် ကျွန်တော်တို့က လုံးဝ လက်မခံဘူး၊ သည်းညည်းမခံဘူး၊ လျစ်လျူ မရှုဘူး” ဟု မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း “အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံးရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စား ဖျက်ဆီးပါတယ်။ ထို့ပြင် အဂတိလိုက်စားခြင်းဟာ လူအနည်းစုရဲ့ အကျိုးကို အများအကျိုးထဲမှာ ထားခြင်း ဖြစ်တာကြောင့် ဒီမို ကရေစီရဲ့ ဗဟိုမူ ဖြစ်တဲ့ ပြည်သူ့ကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးကို ထိပါးစေပါတယ်” ဟု ပြောကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ပြည်သူသို့ ပြောကြားခဲ့သော ၎င်း၏ ပထမဆုံး မိန့်ခွန်းတွင် “ပြုပြင် ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့ တရား စီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်” ဟု ထည့်သွင်း ပြောကြား ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ (၆) ဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တိုင်ကြားစာများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပြည့်စုံစွာ ရရှိစေရန်အတွက် ကြိုတင်စုံစမ်းမှု (၁၈) မှုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

https://m.facebook.com/story.php?story_fbid=301700233701050&id=100015832272209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အလုပ်သမားနှင့် လ.၀.က ၀န်ကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခံရ”

Post a Comment

Related Posts Plugin for WordPress, Blogger...