Saturday, January 6, 2018

သမ္မတဟောင်း ဦးသိန်းစိန် နာယကတာဝန်မှအနားယူရန်တင်ပြထားဟု ပြည်ခိုင်ဖြိုးပြော

,
ဒီဗွီဘီ
BurmaDemocracy, 6 January 2018

သမ္မတဟောင်း ဦးသိန်းစိန်အနေနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီနာယက တာဝန်ကနေ အနားယူဖို့ ပါတီကို တင်ပြထားတယ်လို့ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ပါတီရဲ့ ညီလာခံကနေ ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ်တွေကို ရွေးချယ်ပြီး ဦးသိန်းစိန်အပါအဝင် ဝန်ကြီးဟောင်း ကိုးယောက်က ဗဟိုဦးဆောင်ကော်မတီအဖြစ် တာဝန်ယူခဲ့တာပါ။

ဗဟိုအလုပ်အမှုဆောင်တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ခြောက်လတကြိမ် ဗဟိုဦးဆောင်ကော်မတီကို တင်ပြတယ်လို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ရှင်းလင်းတင်ပြတာကို သူကျေနပ်အားရတယ်။ ပါတီလည်း ပိုပြီးအားကောင်းလာတယ်၊ လက်ရှိ အလုပ်အမှုဆောင်အဖွဲ့သစ်က တော်တော်ကို ဆောင်ရွက်နိုင်တယ်။ လှုပ်ရှားမှုတွေလည်း ပိုပြီးသွက်လာတယ်။ ဒါကြောင့် သူတို့ကြီးကြပ်ကွပ်ကဲမှုဆိုတာ တကယ်တမ်းတော့ မလိုအပ်တော့ဘူး။ ဒီလိုပဲမြင်တယ်။ ပြီးတော့ သူတို့အနေနဲ့ ကျန်းမာရေးအခြေအနေအရ၊ သမ္မတကြီး (ဦးသိန်းစိန်) ရဲ့ ဆန္ဒအရကတော့ သူတို့ အနားယူချင်တယ်။ ဒီလိုပြောတာပါ” လို့ ပြောပါတယ်။

မနေ့က မိတ္ထီလာမြို့က ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တွေ့တဲ့အချိန်မှာလည်း ဦးသိန်းစိန်က သူ့အနေနဲ့  ဗဟိုဦးဆောင်ကော်မတီနာယကအဖြစ်က နုတ်ထွက်ထားပြီလို့ ပြောခဲ့ကြောင်း မိတ္ထီလာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်က ဆိုပါတယ်။

“ဗဟိုဦးဆောင်အဖွဲ့ကတော့ နုတ်ထွက်သွားပြီလို့ ပြောပါတယ်။ အခုရှိနေတဲ့သူတွေလည်း လူတော်တွေပဲ။ လောင်းရိပ်မိနေရင် မကောင်းဘူးလို့ ပြောတယ်။”

ဒေါက်တာ နန္ဒာလှမြင့်က “ဒါကို ဒီမှာလည်း ပြောပါတယ်၊ ပါတီဝင်နဲ့ တွေ့တဲ့အချိန်မှာလည်း ပြောတဲ့သဘောပါ။ ပါတီအနေနဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး” ပြောပါတယ်။

ဗဟိုဦးဆောင်ကော်မတီမှာ သူရဦးအေးမြင့်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဌေးဦး၊ ဦးခင်ရီ စတဲ့ ဝန်ကြီးဟောင်းတွေ ပါဝင်ပါတယ်။

သံပါးစပ်
6.1.2018

http://burmese.dvb.no/archives/246985

ဒီဗွီဘီ မှကူးယူဖော်ပြပါသည်။ #BurmaDemocracy

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သမ္မတဟောင်း ဦးသိန်းစိန် နာယကတာဝန်မှအနားယူရန်တင်ပြထားဟု ပြည်ခိုင်ဖြိုးပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...