Saturday, January 27, 2018

ရခိုင်မြောက်ပိုင်းကို ရွေ့ပြောင်းလာသူတွေ ဒုက္ခရောက်နေ တင်အောင်မိုး/RiA

,
ရသေ့တောင်၊ ဇန်နဝါရီ ၂၆ ရက်။ သံတွဲမြို့နယ်မှ ရခိုင်မြောက်ပိုင်းသို့ ပြောင်းရွှေ့လာသူ မိသားစုအချို့မှာ သူတို့ထင်ခဲ့သလို မဟုတ်ဘဲ ကွဲလွဲမှုတွေ ရှိနေတာကြောင့် ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ မိသားစု ၂၉ စုဟာ ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေဖြစ်ပျက်မှုအပြီး အဲဒီမှာ အလုပ်ကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနေတယ်လို့ သတင်းပေးသူတွေ ရှိတဲ့အတွက် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့ကျတော့ သူတို့ထင်ခဲ့သလို မဟုတ်ဘဲ အခုထက်တိုင် အလုပ်အကိုင်တွေ မရှိသေးဘဲ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ သံတွဲမှာကျန်ခဲ့တဲ့ မိသားစုတွေကိုပဲ အားကိုးပြီး စားသောက်နေရတယ်လို့ အဲဒီမှာနေတဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ မခင်သန်းနွယ်က RiA ကို ပြောပါတယ်။

အဲဒီမိသားစုတွေ အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက လာရောက် လှူဒါန်းထားတဲ့ ဂဏန်းထောင်မြူးတွေ ရှိပေမဲ့လည်း အဲဒီလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ မကျွမ်းကျင်တဲ့အတွက် ပိုပြီး အခက်အခဲတွေ ကြုံရတယ်လို့လည်း ဆိုပါတယ်။

သံတွဲမြို့နယ်က မိသားစုဝင်တွေကို ရခိုင်မြောက်ပိုင်းဒေသမှာ နေထိုင်ဖို့အတွက် ဝင်းမောင်ဆိုသူက အကြံပေးခဲ့ခြင်း ဖြစ်ပြီး အဲဒီ အိမ်တွေ ဆောက်ပြီးတဲ့နောက်မှာ သူတို့ကိုခေါ်လာတာဖြစ်တယ်လို့ မခင်သန်းနွယ်ကပြောပါတယ်။

သူတို့လက်ရှိနေထိုင်တဲ့ မြေနေရာတွေကို အဲဒီဒေသက ဦးမောင်အေးထွန်းဆိုသူက ပိုင်ဆိုင်တာဖြစ်ပြီး အိမ်တွေကို အပိုင်ပေးထားတာ မဟုတ်ဘဲ ယာယီထားထားတာဖြစ်တယ်လို့ ပြောင်းရွေ့လာသူတွေက ဆိုကြပါတယ်။

ARSA အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်းဒေသဟာ ပြန်လည် ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတစ်ခုဖြစ်လာစေရန် ရည်ရွယ်ပြီး ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ CRR မှ အိမ်တွေ ဆောက်ပေးထားပြီး စားဝတ်နေရေးနဲ့ စတဲ့ကိစ္စရပ်တွေကို လုပ်ဆောင်ပေးနေတာလို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ အဆိုပါ ဒေသကို ပြောင်းရွေ့ဝင်ရောက်လာသူတွေ လူဦးရေ ၁၀၀ နီးပါး နေထိုင်ကြတာလည်း ဖြစ်ပါတယ်။

https://m.facebook.com/story.php?story_fbid=2056843797919316&id=1563545443915823

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရခိုင်မြောက်ပိုင်းကို ရွေ့ပြောင်းလာသူတွေ ဒုက္ခရောက်နေ တင်အောင်မိုး/RiA”

Post a Comment

Related Posts Plugin for WordPress, Blogger...