Tuesday, January 29, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးဟုဆိုကာရှိသေး တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်

,
ဖွဲ့စည်းပုံပြင်ဆင်ရေးဟုဆိုကာရှိသေး တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်၊ ပထမအဆင့်သာရှိသေးပြီး အသေးစိတ်တင်ပြဆွေးနွေးလာချိန်ကျမှ ကန့်ကွက်နိုင်ပါကြောင်း လွှတ်တော် ဥက္ကဌ ရှင်းပြ
------ ------ ------ ----- -----

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတရပ်ကို ဖွဲ့စည်းရန် အရေးကြီးအဆိုတခုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးမှ တင်သွင်းမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်၏ အစီအစဉ်ကြေညာမှုအပြီးတွင် တပ်မတော်ကိုယ်စားလှယ်တဦးက ကန့်ကွက်ခဲ့သည်။

ဇန်န၀ါရီ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်နာယက ဦးတီခွန်မြတ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုတခုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က တင်သွင်းမည်ဖြစ်ပါကြောင်း ဦးတီခွန်မြတ်က အသိပေးကြေညာပြီး လွှတ်တော်၏သဘောထားတူညီချက်ရယူခြင်း အစီအစဉ်ကို ပုံမှန်အစည်းအဝေးများအပြီးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်ကိုယ်စားလှယ်တဦးက“ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေတွေမှာပေးထားတာက (က)မှာ ပေးထားတာရှိပါတယ်။ နည်းဥပဒေပုဒ်မ ၁၃၃၊ ၁၃၅၊ ၁၃၆ မှာပေးထားတာတွေရှိပါတယ်။ အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် ပေးထားတဲ့လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး(၂၀)ဦး လက်မှတ်ထိုးထားတဲ့ ဥပဒေမူကြမ်းအဖြစ်နဲ့တင်သွင်းပြီးတော့မှ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရမှာဖြစ်ပါတယ်။ အခု ကော်မတီဖွဲ့လိုက်တယ်ဆိုတာကို ကျွန်တော်တို့မသိရသေးပါဘူး။ ပြင်ဆင်မယ့်ဟာကို ဥပဒေမူကြမ်းအဖြစ်နဲ့ တင်သွင်းပြီးတော့မှသာလျှင် ဘာတွေ ပြင်ဆင်သင့်တယ်၊ ပြင်လို့ရမယ်ဆိုတာကို ဆက်စပ်လေ့လာနိုင်မှာဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းအရ နည်းနည်းလေးလွဲမှားနေတယ်လို့ ယူဆတဲ့အတွက် ပြန်လည်စဉ်းစားဆောင်ရွက်ပေးဖို့ တင်ပြအပ်ပါတယ်”ဟု တင်ပြခဲ့သည်။

အဆိုပါ တပ်မတော်သားကိုယ်စားလှယ်၏ကန့်ကွက်မှုကို ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဖြေကြားရာ“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ပထမအဆင့် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ အဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကို အသေးစိတ်ဆွေးနွေးတင်ပြလာတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အဲဒီအချိန်မှာဆွေးနွေးနိုင်ပါတယ်။ အားလုံး မျှမျှတတ ပွင့်လင်းမြင်သာစွာနဲ့ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေကြမ်း ပူးပေါင်းကော်မတီနဲ့ပူးပေါင်းဆောင်ရွက်ပြီးမှ လွှတ်တော်မှာ ပါတီစုံဒီမိုကရေစီဖြစ်တဲ့အတွက် ပါတီစုံတွေ အကုန်ပါဝင်နိုင်ရေးအတွက် ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ခြင်းဖြစ်တယ်ဆိုတာကို ရှင်းလင်းတင်ပြလိုပါတယ်”ဟု ဖြေကြားသည်။

တပ်မတော်သားကိုယ်စားလှယ်က ၎င်းအနေဖြင့် အရေးကြီးအဆိုအဖြစ် တင်ပြလာခြင်းကို ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ နည်းဥပဒေပုဒ်မ ၆၆ (က) အရ ပြည်သူလူထုအတွက် အမှန်တကယ်အရေးကြီးသည့်ကိစ္စကို ဆောင်ရွက်ရန် အခြားနည်းလမ်းမရှိတော့သည့်အခါမှသာ အရေးကြီးမဆိုအဖြစ် တင်ပြသင့်ကြောင်း လွှတ်တော်နာယက၏ ဖြေကြားချက်အပေါ် ထပ်မံတင်ပြသည်။

ယင်းအပေါ် ဦးတီခွန်မြတ်က“အဆိုရှင်က တင်ပြလာတဲ့အပေါ်မှာ နားထောင်ပါ။ ပြီးတဲ့နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တင်ပြစရာရှိတာတွေကို တင်ပြနိုင်ပါတယ်။ ဒါပေမယ့် ဒီမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆောင်ရွက်နေတာမှန်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုအဆင့်ဆင့် ပြဋ္ဌာန်းချက်အတိုင်း အဆင့်ဆင့်ပြင်ဆင်နိုင်ရေးအတွက် ပထမအဆင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပါတီစုံက ကိုယ်စားလှယ်တွေ ပါဝင်နိုင်ရေး ရည်ရွယ်ပြီးဆောင်ရွက်တာဖြစ်ပါတယ်။ ဒီကိစ္စကို ဆွေးနွေးတင်ပြလာတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ကန့်ကွက်တင်ပြလို့ ရပါတယ်”ဟု ဖြေကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD ပါတီက တဖန်ပြန်လည်လှုပ်ရှားခြင်းမှာ ရွေးကောက်ပွဲကတိကြောင့်လည်းဖြစ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သင့်တော်သည့် အချိန်အခါကို စောင့်ရမည်ဖြစ်ပြီး ယခုကဲ့သို့ ငြိမ်းချမ်းရေးအားနည်းနေချိန်တွင် ဆောင်ရွက်ရန်မသင့်ကြောင်း သမ္မတရုံးဝန်ကြီးဟောင်းနှင့် ကယားပြည်နယ် ဘော်လခဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၉) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောသည်။

“အချိန်က ၂၀၁၉ ရောက်လာပြီ။ လုပ်ကွက်အချိန်နည်းလာတာကြောင့် နိုင်ငံရေးအရပြင်မယ်လို့ပြောတာလည်းဖြစ်ချင်ဖြစ်မှာပေါ့”ဟု ၎င်းက ပြောသည်။

ဒုတိယပိုင်းဆက်လက်ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေးအဆိုကိုတင်သွင်းခဲ့ရာ တပ်မတော်သားကိုယ်စားလှယ်များက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသည်။

ယင်းနောက် အဆိုကို မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးသူ ၆၀၁ ဦးအနက် ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲ၊ ကြားနေ ၃ မဲ ဖြင့် အဆို အောင်သွားကြောင်း သိရသည်။

ထွန်း(နေပြည်တော်)


https://www.facebook.com/343551955682612/posts/2032796173424840/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖွဲ့စည်းပုံပြင်ဆင်ရေးဟုဆိုကာရှိသေး တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်”

Post a Comment

Related Posts Plugin for WordPress, Blogger...