Thursday, December 26, 2013

နှစ်(၃၀)ကျော်ကြာပြီဖြစ်သော ရန်ကုန်မြို့ရှိ ဓါတ်အားလိုင်းကြိုးများ လဲမည်

,
ရန်ကုန်တစ်မြို့လုံးရှိ ဓာတ်အားလိုင်း ကြိုးများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း လဲလှယ်နိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ လက်ထောက် အင်ဂျင်နီယာချုပ် ဦးရဲမြင့်ဌေးက ဒီဇင်ဘာ ၂၃ ရက်က ပြောကြားသည်။
ယင်းသို့လဲလှယ်ရခြင်းမှာ ရန်ကုန်မြို့အတွင်း တပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားလိုင်းကြိုး အများစုမှာ နှစ်သုံးဆယ်ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်သောကြောင့် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ အစီအစဉ် အတွက် ပရောဂျက်များ စတင်ရေးဆွဲ စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ကြိုးတန်းများ အဆင့်မြှင့်တင် ပြင်ဆင်မည့်ရန် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို စတင်တိုးမြှင့်မည့် နှစ်ဖြစ်ပြီး တစ်နှစ်လျှင် ကျပ် ၁၈၅ ဘီလျံ အရှုံးခံ ထုတ်လုပ်နေရသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေရမှု အတွက် အများပြည်သူ (အိမ်သုံး) တစ်ယူနစ် မှ ၁၀၀ ယူနစ်အထိ လက်ရှိဈေးအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ် အထက် သုံးစွဲသူများကို ကျပ် ၅၀ သို့ တိုးမြှင့်ကောက်ခံမည်ဟု လျှပ်စစ်ဝန်ကြီးဌာနမှ ပြောကြားသည်။
လက်ထောက် အင်ဂျင်နီယာချုပ် ဦးရဲမြင့်ဌေးက ”နောင်နှစ်အတွင်းမှာ ပြင်ဆင်နိုင်ဖို့မျှော်မှန်းထားပါတယ်။ ပြင်ဆင်ဖို့ အဓိကလိုအပ်တဲ့ နေရာတွေကို ဦးစားပေး ပြင်ဆင်သွားမှာပါ” ဟု ပြောကြားသည်။
သို့သော် ပြင်ဆင်မှုဘတ်ဂျက် အနေဖြင့် ရေးဆွဲစီစဉ်ခြင်း အဆင့်သာ ရှိနေသဖြင့် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း၊ အသစ်ပြန်လည် တပ်ဆင်သွားမည့် ကြိုးများကို အဆင့်မြှင့်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ သိရသည်။
ဦးရဲမြင့်ဌေးက ”ရန်ကုန်မှာက Under Ground နဲ့ သွားတာရှိသလို Over Head တွေနဲ့ သွားတာလည်း ရှိတယ်။ ဒါပေမဲ့ Over Head တွေနဲ့သွားတာ များပါတယ်။ အဲဒီမှာ အရင်လို သစ်ကိုင်းကျိုးကျရုံနဲ့ ပျက်စီးတက်တဲ့ လျှပ်စစ်ကြိုးမျိုးတွေ မဟုတ်တော့ဘဲ နိုင်ငံတကာ အဆင့်မီနိုင်တဲ့ ပစ္စည်းမျိုးတွေပဲ သုံးသွားမှာဖြစ်တယ်” ဟု ပြောကြားသည်။
Source : EMG
ပုံရိပ်(burmesehearts.com)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နှစ်(၃၀)ကျော်ကြာပြီဖြစ်သော ရန်ကုန်မြို့ရှိ ဓါတ်အားလိုင်းကြိုးများ လဲမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...