Monday, December 25, 2017

နိုင်ငံသားစိစစ်ရေး( ဦးအုန်း​မောင်​-တရားလွှတ်​​တော်​​ရှေ့​နေ)

,
မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများသိစေရန် နိုင်ငံသားဥပဒေနှင့် နိုင်ငံသားစိစစ် ခြင်းအကြောင်းကို ဆောင်းပါးများစွာ ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။သို့သော် စာဖတ်အားအလွန်နည်းပါသည်။ ပြည်သူတွေ စာဖတ်ဖို့လိုပါသည်။ စာမတတ်လျှင် စာတတ် သူများကို မေးမြန်းဖို့လိုပါသည်။ ဥပဒေဆိုတာ ဥပဒေ တစ် ရပ် ပြဌာန်းပြီးလျှင် မသိလို့ပါဟု စောဒက တက်ခွင့်မရှိပါ။မြန်မာနိုင်ငံအတွင်းနေထိုင်သူမှန်သမျှ မိမိမည်သူမည်ဝါ ဖြစ်ကြောင်း၊ မည်သည့်အရပ်တွင် နေထိုင်သူဖြစ်ကြောင်း အထောက်အထားရှိထားဖို့ လိုပါသည်။ လက်ရှိမြန်မာနိုင်ငံ ၏ တည်ဆဲဥပဒေအရ ပြောခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ အတွင်း နေထိုင်သူဆိုတာ နိုင်ငံခြားသားလည်း ပါဝင်သည်။ နိုင်ငံသားလည်း ပါဝင်ပါသည်။ နိုင်ငံသားဆိုရာတွင် ယနေ့ မြန်မာနိုင်ငံမှာ မတိကျ၊ မသေချာ၊ မရေရာ မပြည့်စုံသော၊ စံချိန်စံညွှန်းနှင့်မညီသော ဥပဒေကြောင့် ပြဿနာပေါင်းစုံ ကြုံတွေ့ နေရပါသည်။ နိုင်ငံခြားသားဆိုတာ ၁၈၆၄-ခုနှစ် နိုင်ငံခြားသားများအက်ဥပဒေပုဒ်မ-၁ အရ ၊ မြန်မာနိုင်ငံ သား မဟုတ်သူ ” ကို နိုင်ငံခြားသားဟု အဓိပ္ပါယ်ဖွင့်ဆိုပါ သည်။ ၁၉၄ဝ-ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ-၂(က)တွင်နိုင်ငံခြားသားဆိုသည်မှာ နိုင်ငံခြားသားများ အက်ဥပဒေ(၁၈၆၄)တွင် အဓိပ္ပါယ်ဖွင့်ဆို ထားသော နိုင်ငံခြားသားကို ဆိုလိုကြောင်း ရည်ညွှန်း ဖော်ပြ ထားပါသည်။၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ-၂(င)တွင် နိုင်ငံခြားသားဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံသား မဟုတ်သူ” ကိုဆိုလိုကြောင်း ဖော်ပြထားပါသည်။ အလွန် ရှင်းပါသည်။
၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင်တော့ ပုဒ်မ-၂(င)၌၊ နိုင်ငံခြားသားဆိုသည်မှာ နိုင်ငံသား မဟုတ်သော သူ၊ ဧည့်နိုင်ငံသားမဟုတ်သောသူ၊ နိုင်ငံသားပြုခွင့်ရသူ မဟုတ်သောသူကို ဆိုလို သည်ဟုဖေါ်ပြထားပါသည်။ထိုသို့ ဆိုလျှင်အထက်ဖေါ်ပြပါ ဥပဒေများအရနိုင်ငံခြားသား ဆို သည်မှာ နိုင်ငံသားမဟုတ်သူကိုဆိုလိုကြောင်းနှင့် နိုင်ငံ သားဆိုသည်မှာ နိုင်ငံခြားသားမဟုတ်သူ ကိုဆိုလိုကြောင်း အဓိပ္ပါယ်သက်ရောက်ပါသည်။ ထို့ကြောင့် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေပုဒ်မ-၂(င) ပြဋ္ဌာန်းချက်အရ ပုဒ်မ-၂(ခ) ပါနိုင်ငံသား၊ ပုဒ်မ-၂(ဂ)ပါဧည့်နိုင်ငံသား၊ပုဒ်မ-၂ဃ) ပါ နိုင်ငံသား ပြုခွင့်ရသူတို့သည်နိုင်ငံသားဖြစ်ကြောင်း မြင်သာ ပါသည်။ သို့ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းချက် များအရ နိုင်ငံသားသည် နိုင်ငံသားအခွင့်အရေးနှင့် တာဝန် များ တန်းတူရည် တူ အပြည့်အဝရှိကြောင်း လက်ခံရမည် ဖြစ်ပါသည် ။၂ဝဝ၈-ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ-၃၄၈ အရ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာဘာသာကို အကြောင်းပြု၍ ခွဲခြား ခွင့်မရှိဟု ပြဌာန်း ထားချက်အရနိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု ခွင့်ရသူအားလုံး ပုဒ်မ-၃၄၇ ပြဌာန်း ချက်နှင့်အညီ ပုဒ်မ-၃၄၉၊ ၃၅၂ ပါ စီးပွားရေးနှင့် အလုပ်အကိုင်၊ ပုဒ်မ-၃၅၄ အရ ပုဂ္ဂလိက လွတ်လပ်မှု၊ပုဒ်မ-၃၅၄ ပါ လွတ်လပ်စွာ ဆောင်ရွက်ခွင့်များ၊ ပုဒ်မ-၃၅၅ ပါ နိုင်ငံအတွင်း အခြေစိုက် နေထိုင်ခွင့်၊ ပုဒ်မ-၃၅၆ ပါ ပစ္စည်းပိုင်ဆိုင်ခွင့်၊ ပုဒ်မ-၃၆ဝ ပါဘာသာ၊ သာသနာလွတ် လပ်စွာ ယုံကြည်ကိုးကွယ် ဆောက်တည်ခွင့်၊ ပုဒ်မ-၃၆၆ ပါ ပညာသင်ကြားပိုင်ခွင့်၊ ပုဒ်မ-၃၇၅ ပါ ဥပဒေနှင့်အညီ ခုခံချေပပိုင်ခွင့် စသည့် အခွင့်အရေးများလည်း တန်းတူရပိုင်ခွင့်ရှိရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းနေထိုင်သူအားလုံးသည် ဥပဒေ နှင့်အညီနေထိုင်သူဖြစ်ကြောင်း၊ နိုင်ငံခြားသား လက်မှတ်၊ အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား၊ နိုင်ငံသား စိစစ်ရေးကတ်တစ်မျိုးမျိုး၊ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) စသည်တို့ ကိုင်ဆောင်ထားရန် လိုအပ်ပါ သည်။ နိုင်ငံခြားသားမဟုတ်သော်လည်း နိုင်ငံသားဖြစ် ကြောင်း အထောက်အထားတစ်ရပ်ရပ်မရှိလျှင် မြန်မာနိုင်ငံ အတွင်းနေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၆(၁) နှင့်၆(၂)တို့အရအရေးယူခံ ရနိုင်ကြောင်း အကြိမ်ကြိမ် တင်ပြ ခဲ့ပြီး ဖြစ်ပါသည်။ နောက်ဆက်တွဲနိုင်ငံသားဆိုင်ရာ ပြဿနာ အရှုပ်အထွေးများ ဖြစ်ပေါ်လာနိုင်ပြီး သံသယ ဖြစ်ခံရကာ နိုင်ငံသားဘဝ ဆုံးရှုံးနိုင်ပါသည်။ နိုင်ငံခြားသား မဟုတ်သည့် နိုင်ငံသားအခွင့်အရေးရှိသူတိုင်း၊ နိုင်ငံသား ဖြစ်ထိုက်ခွင့်ရှိသူတိုင်း၊ နည်းလမ်းတကျ အမြန်ဆုံး နိုင်ငံသား လျှောက်ထားကြရန် တိုက်တွန်းလိုပါသည်။ မသိနားမလည် သဖြင့် လည်းကောင်း၊ ရုံးကို ကြောက်သဖြင့် လည်းကောင်း၊ ခြောက်လှန့်ပြောဆို၊ တလွဲပြောဆို၊ အနိုင်အထက် ပြုလုပ် ခံရသဖြင့် လည်းကောင်း၊ တောင်းခံသည့် ငွေကြေးမပေး နိုင်သဖြင့် လည်း ကောင်း၊ စီးပွားရေးမပြေလည်၍ အလုပ် အကိုင်ပစ်ပြီး ဝေးသည့်အရပ်ရှိရုံးတွင် သွားရောက်မလုပ် နိုင် သဖြင့်လည်းကောင်း၊ နိုင်ငံသား စိစစ်ခံရန် အခက်အခဲရှိသူ မြောက်မြားစွာရှိနေပါသည်။ နားလည်တတ်ကျွမ်းသူများ၊ ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များ၊ ရပ်ကွက်ကျေးရွာ လူကြီးများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လုပ်ငန်းရှင် များကစေတနာရှေ့ထား၍ အကူအညီပေးရေးအဖွဲ့များ ဖွဲ့စည်းပြီး နိုင်ငံသားကတ် မှန်ကန်မြန်ဆန်စွာ ရရှိရေး ကူညီ ပေးကြစေလိုပါသည်။ လ.ဝ.ကဝန်ထမ်းများကလည်း ခွဲခြားဆက်ဆံမှုမရှိဘဲ ကွင်းဆင်းပြီး အမြန်ဆုံး ကူညီဆောင် ရွက်ပေးပါရန် တိုက်တွန်းမေတ္တာရပ်ခံလိုပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လ.ဝ.က ပြည် ထောင်စုဝန်ကြီးကလည်း ဖြေလျှော့မှုများဖြင့် ဥပဒေဘောင် အတွင်းကနိုင်ငံသားစိစစ်ရေးလုပ်ငန်းကို ဆောင်ရွက်ပေး နေကြောင်း ပြောထားပါ သည်။ လ.ဝ.က ရုံးချုပ် အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးများကလည်း အခက်အခဲများကို ကူညီပေးပါမည်ဟု ပြောပါသည်။ ရန်ကုန်တိုင်းဒေသကြီး လ.ဝ.က တိုင်းဦးစီးမှူးကြီးကလည်း စိတ်ကောင်းစေတနာ ဖြင့် နိုင်ငံသားရ သင့်ရထိုက်သူများကို စိစစ်ထုတ်ပေး ကြောင်း ကောင်းသောသတင်းများ ကြားသိရပါသည်။ ဒေသအသီးသီးမှ မြို့နယ် လ.ဝ.က တာဝန်ရှိဝန်ထမ်းများ အနေဖြင့် ကုသိုလ်လည်းရ၊ ဝမ်းလည်း ဝ ပြည်သူတို့၏ အခက်အခဲကို စေတနာထား၍ အပြန်အလှန်ကူညီပေးကြ စေလိုပါ သည်။ ပြည်သူတို့ကလည်း ဝန်ထမ်းများနှင့်ပူးပေါင်း ဆောင်ရွက်ကြစေလိုပါသည်။ တစ်ဦးနှင့်တစ်ဦး အခက်အခဲ ရှိသူကိုကူညီပေးကြစေလိုပါသည်။အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကိုလည်း လေးစားလိုက်နာကြဖို့ သတိပြုစေလိုပါသည်။ မြန်မာ့ဓလေ့ အတိုင်း တစ်ဦးက စေတနာ၊တစ်ဦးက မေတ္တာဖြင့် နိုင်ငံတော် နှင့်နိုင်ငံသားများ အကျိုးရှေးရှုလျက်စိတ်ဓါတ်များပြောင်းလဲ ကြစေလိုပါသည်။

အသွင်သဏ္ဍာန်နှင့်အနှစ်သာရပါ အမှန် တကယ်ပြောင်းလဲကြဖို့ အကြံပြုလိုပါသည်။ ဖြစ်နိုင်လျှင် လ.ဝ.က အငြိမ်းစားဝန်ထမ်းများက နိုင်ငံသား စိစစ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို စေတနာ အလျောက်ကူညီဆောင် ရွက်ပေးကြပါက ပြိုင်တူတွန်းလျှင် ရွေ့နိုင်မည်ထင်ပါသည်။ သို့မဟုတ် ဝန်ဆောင်မှုကုမ္ပဏီများ (ပွဲစားမဟုတ်ပါ) က ပြည်သူများနိုင်ငံသား လျှောက်ထားရာ တွင်လွယ်ကူ မှန်ကန်မြန်ဆန်စေရန် ဥပဒေဘောင်အတွင်းမှ နည်းလမ်း တကျဝန် ဆောင်မှုပေးနိုင် လျှင်ကောင်းမည် ထင်ပါသည်။အရပ်ဘက်အဖွဲ့အစည်းများကလည်း အားစိုက်ခွန်စိုက် ကူညီဆောင်ရွက် ပေးကြစေလိုပါသည်။
နိုင်ငံသားဥပဒေတွင် နိုင်ငံသားတစ်ဦးသည် ပုဒ်မ-၁၂(ဂ)အရနိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေး များကို ခံစား ခွင့်ရှိသည်ဟုဆိုထားပါသည်။သို့သော် ဧည့်နိုင်ငံသားနှင့် စပ်လျဉ်း၍ ပုဒ်မ-၃ဝ တွင် လည်းကောင်း၊ နိုင်ငံသားပြုခွင့် ရသူနှင့် စပ်လျဉ်း၍ ပုဒ်မ-၅၃ တွင် လည်းကောင်း၊နိုင်ငံတော်အစိုးရ က အခါအားလျော်စွာ သတ်မှတ်သော အခွင့် အရေးများမှအပ နိုင်ငံတော်၏ ဥပဒေပါအခွင့်အရေး များ ကို ခံစားခွင့်ရှိသည်ဟု ဆိုထားသဖြင့် နိုင်ငံသားနှင့်တန်းတူ အခွင့်အရေး အပြည့်အဝမရရှိနိုင် ကြောင်း၊ မတူကြောင်း တွေ့ရမည်ဖြစ်ပါသည်။ထိုသို့ဆိုလျှင် နိုင်ငံသားပြည်သူ အားလုံးရှင်းလင်း စွာသိရှိနိုင်ရန်၊ နိုင်ငံတော်အစိုးရက အခါ အား လျော်စွာသတ်မှတ်သော အခွင့်အရေးများ ဆိုသည် မှာ မည်သည့်အခွင့်အရေးမျိုးများဖြစ်ကြောင်း ” အသိပေး ကြေညာထားသင့်ပါသည်။ ယခုအခါ ပညာသင်ကြားခွင့်၊ ဘွဲ့ရယူခွင့်၊ အလုပ်အကိုင်လုပ်ကိုင်ခွင့်၊ ခရီးသွားလာခွင့်၊ ပစ္စည်းပိုင်ဆိုင် လွှဲပြောင်းခွင့်များငြင်းပယ်ခံနေရပြီး အခွင့် အရေး ဆုံးရှုံးနေကြပါသည်။ ခွဲခြားဆက်ဆံခံ နေရပါ သည်။ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေပုဒ်မ-၆ အရ နိုင်ငံသား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူ တို့သည် နိုင်ငံသားအဖြစ်မှ ဆုံးရှုံး၊ ရပ်စဲ၊ ရုပ်သိမ်းခံရနိုင်သည်ကို သတိပြုကြစေလိုပါ သည်။ ထိုသို့ဆုံးရှုံးလျှင် ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသား ပြုခွင့်ရသူလက်မှတ်တွင် အမည်စာရင်းပါသူ သားသမီးများ ပါ ဥပဒေအရ ကတိသစ္စာမပြုရသေးလျှင် နိုင်ငံသားအခွင့် အရေး ဆုံးရှုံးနိုင်ပါသည်။ ထိုသို့ဆိုလျှင် ပုဒ်မ-၇(ဃ) (င) (စ) ပါ တတိယမျိုးဆက်(မြေး)ထိ အကျိုးဆက် ခံစားရနိုင် ဖွယ် ရှိပါသည်။

အထက်တွင် တင်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံ အတွင်း နေထိုင်သူတစ်ဦးသည် ဥပဒေနှင့်အညီ မည်သည့် လက်မှတ်အထောက်အထားမျှမရှိ၊ ကိုင်ဆောင်ခြင်းမရှိလျှင် ပုဒ်မ-၆၅ အရ စိစစ်ခြင်း ခံရသည့်အခါတွင်နိုင်ငံသားမဖြစ် ဟု ဆုံးဖြတ်ခံရပါက နိုင်ငံခြားသားလက်မှတ်ကိုင် ဆောင်ရ နိုင်ပါ သည်။ ကိုင်ဆောင်ခြင်းမပြုလျှင် အရေးယူခံရနိုင်ဖွယ် ရှိပါသည်။ ကံမကောင်းပါက နိုင်ငံမဲ့ဘဝ ရောက်နိုင်ပါ သည်။ ပြည်နှင်ဒဏ်ပေးခံရနိုင်ပါသည်။ ထို့ကြောင့်နိုင်ငံ အတွင်းနေထိုင်သူအများစု သည် အကြောင်းကြောင်း ကြောင့် နိုင်ငံသားစိစစ်မှုတွင် ငြင်းပယ်ခံနေကြရသူများ ဖြစ်သဖြင့် မည်သည့် အထောက်အထားမျှ လက်ဝယ် မရှိဘဲ နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြရသူများဖြစ်ကြောင်း ထောက် ထား၍နိုင်ငံသား စိစစ်မှုကိစ္စတွင်တရားမျှတစွာ ဆောင်ရွက် ပေးခြင်းဖြင့် နိုင်ငံတကာ ကွန်ဗင်းရှင်းများက တိုက်တွန်း ထားသည့် အကြောင်းမဲ့စွာဖြင့် နိုင်ငံမဲ့ ဖြစ်ပေါ်စေမှုကို ထိန်းကျောင်းနိုင်မည်ဟု ယူဆပါသည်။
နိုင်ငံသားစိစစ်သည့်ကိစ္စတွင် ဥပဒေနှင့်မညီမှု၊ တရား မျှတမှုမရှိမှု၊ မတရားပိတ်ဆို့တားဆီး ငြင်း ပယ်ခံရမှု စသည့် ခွဲခြားဆက်ဆံမှုတို့ကြောင့် နိုင်ငံသားဖြစ်သင့်ပါလျက် မရရှိ သူများသည် ဘဝရပ် တည်မှုအခက်အခဲများ တွေ့ကြုံရင် ဆိုင်ခံစားကြရပြီး ဘဝကို ဖြစ်သလို ရုန်းကန်ကြရာမှ ဥပဒေ အပြင် ရောက်ရှိသွားပြီး ရာဇဝတ်သားကောင် ဖြစ်သွားကြ ရသူများရှိနိုင်ပါသည်။ ဘဝပျက် သွားကြပါသည်။ မိသားစု ပြိုကွဲသွားကြရပါသည်။

စိတ်ဝေဒနာစွဲကပ်ခံစားသွားကြရ ပါသည်။  ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်လိုကြသည့် ပြည်သူအများစု နစ်နာ ကြရပါသည်။နိုင်ငံသားအသိအမှတ်မပြုဘဲ လျစ်လျူရှုခံ ရခြင်း၏ အကျိုးဆက်အချို့ဖြစ်တတ်သည့်သဘောကို တင်ပြခြင်းဖြစ်ပါ သည်။ထို့ကြောင့် နိုင်ငံ သားဖြစ်ခြင်းသည် နိုင်ငံအတွက် အလွန်အရေးကြီးပါသည်။ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စိစစ်ပေးသင့်ပါသည်။ လူမျိုး၊ဘာသာ မခွဲခြားဘဲ နိုင်ငံသားအသိအမှတ်ပြုသင့်ပါသည်။

 ၁၈၂၃-ခုနှစ် မတိုင်မီက ရှိနေပြီးသော လူမျိုးများကိုလည်းကောင်း၊ ဘိုးဘွားများလက်ထက်ကစ၍ ပင်ရင်း တိုင်းပြည်အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ်အခြေစိုက် နေထိုင်ခဲ့ကြသူများကို လည်း ကောင်း၊ နှစ်ပေါင်း(၆ဝ)ကျော်ခန့်ကတည်းက နေထိုင် လာခဲ့ကြသော လူမျိုးများကိုလည်းကောင်း ဥပဒေနှင့်အညီ နိုင်ငံသားအသိအမှတ်မပြုဘဲ လျစ်လျူရှုပြီး ကိုယ်ကျိုး အတွက်အမြတ်ထုတ်ခဲ့မှု များကြောင့် ယနေ့ ရခိုင်မြောက် ပိုင်းဒေသတွင် တရားဥပဒေစိုးမိုးမှုကင်းမဲ့ပြီး လုံခြုံရေး ထိခိုက် ခဲ့ရခြင်းမှာ နိုင်ငံသားဖြစ်ထိုက်သူတွေကို အချိန်နှင့် တစ်ပြေးညီ နိုင်ငံသားစိစစ်ပေးခြင်း မပြုဘဲ နှစ်ပေါင်း များစွာ နိုင်ငံမဲ့ဘဝ ရောက်အောင်တွန်းပို့ခဲ့သည့် လုပ်ရပ်သည် အဓိက အချက် တစ်ခုဖြစ် ကြောင်း သုံးသပ်တွေ့ရှိရမည် ဖြစ် ပါသည်။ ထို့ကြောင့်စုံစမ်းရေးကော်မရှင်များ၏ အစီရင်ခံစာ များတွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းအကြံပြု တိုက်တွန်း ချက်များပါဝင်နေခြင်း ဖြစ်ပါသည်။ ယင်းအကြံပြု တိုက် တွန်းချက်များအတိုင်း အရှိန်အဟုန်ဖြင့် အကောင်အထည် ဖေါ်သင့်ပါသည်။ ယခုစတင်နေကြောင်းတွေ့ရပါသည်။သို့သော် NVC ကြောင့် နှောင့်နှေးနေတာတွေရှိနေကြောင်း ကြားသိနေရပါသည်။ NV Card သည်၁၉၅၁-ခုနှစ် ပြည် ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူ များမှတ်ပုံတင်ရေး နည်းဥပဒေအပိုဒ်၁၃(၄)အရပေးခြင်း ဖြစ်သည်ဆိုလျှင် ယခင်ကယာယီ သက်သေခံလက်မှတ် အစားထုတ်ပေးသည့် သဘောဖြစ်နေ၍ ပြန်လည် သုံးသပ်သင့်ပါသည်။
ယနေ့မြန်မာနိုင်ငံတွင် ဥပဒေနှင့်အညီ တရားဝင် နေ ထိုင်သူအားလုံးမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိပြီးသည် ဖြစ်စေ၊ မရသေးသည်ဖြစ်စေ (မည်သည့်လက်မှတ်၊ ကတ် ပြားမျှမရှိသေးသူ ၁၁ သန်းခန့်ရှိသည်ဟုသိရသည်။) နိုင်ငံ ခြားသားမဟုတ်ပါက ပြည်ထောင်စုသားများပင် ဖြစ်ကြ ပါသည်။ ပြည်ထောင်စုသား အားလုံး နိုင်ငံသားဖြစ်ရေးနှင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိရေးသည် မဖြစ်မနေ လုပ်ဆောင်ရမည့်ကိစ္စဖြစ်ပါသည်။ တိုင်းရင်းသားဖြစ်၊ မဖြစ် နှင့် တိုင်းရင်းသား အခွင့်အရေးသည် ဥပဒေဖြင့်သီးခြား ပြဌာန်းရမည့်ကိစ္စဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးအမည် ဖြစ်တိုင်း မြန်မာနိုင်ငံတိုင်းရင်းသားမဟုတ်ပါ။ တိုင်းရင်းသား လူမျိုး အမည်ဖြစ်တိုင်း မြန်မာနိုင်ငံသားမဟုတ်ပါ။တိုင်းရင်း သားလူမျိုးအမည် နိုင်ငံခြားသား များရှိပါ သည်။ နိုင်ငံသား ဆိုတာ နိုင်ငံတော်အပေါ် သစ္စာခံယူ၊ သစ္စာစောင့်သိရိုသေ ရသူဖြစ်ပါသည်။ နိုင်ငံခြားသားအဖြစ်မှ နိုင်ငံသားပြုခံရ လျှင် နိုင်ငံခြားသားအဖြစ် ရယူထားခြင်းကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိရိုသေကြောင်း ကျမ်းကျိန် ကတိသစ္စာ ပြုရပါသည်။ မြန်မာ နိုင်ငံ သားအဖြစ် စွန့်လွှတ် ပြီး အခြားနိုင်ငံသားအဖြစ်ခံယူလျှင် ထိုနိုင်ငံ၏ သစ္စာကို စောင့်သိပါမည် ဟု သစ္စာပြုဆိုရပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံသားဥပဒေပုဒ်မ-၁၃အရ လူတစ်ဦးသည် တစ်ချိန် တည်း တွင် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ် ကိုခံယူခွင့်မရှိပါ။ အခြားနိုင်ငံ၏ သစ္စာခံယူပြီး အခြားနိုင်ငံသား အဖြစ်ခံ ယူသွားသော မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးဖြစ်စေ၊ နိုင်ငံ သား ဖြစ်ခဲ့သူဖြစ်စေ၊ ထိုသူ သစ္စာခံသောနိုင်ငံနှင့် မြန်မာ နိုင်ငံစစ်မက်ဖြစ်ပွားလျှင် ထိုသူသည် မြန်မာနိုင်ငံအပေါ် သစ္စာစောင့် သိရန် တာဝန်မရှိသူဖြစ်ပါသည်။ ထိုကဲ့သို့ အခြားနိုင်ငံသားခံယူသွားသော မြန်မာနိုင်ငံသား တိုင်းရင်း သားလူမျိုးတစ်ဦးကိုပင် ဂုဏ်ပြုချီးမွမ်းနိုင်လျှင် အသိအမှတ် ပြုနိုင်လျှင် မြန်မာနိုင်ငံကို သစ္စာခံယူထားသော ထူးချွန်သူ များကိုပို၍ပင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပါ သည်။
ထူးချွန်သူကိုဂုဏ်ပြုရမည် ဖြစ်ပါသည်။ လူမျိုးရေး မုန်းတီးမှုဖန်တီးပြီး အရှေ့ပေါက်က တံခါးမရှိ၊ ဓါးမရှိ ဝင်လာသူများကိုတော့တိုင်းရင်းသားဖြစ်သယောင် မသိ ကျိုးနွံပြုနေပြီး အနောက်ဘက် ပေါက်ကို အကြောင်းပြု၍ အစ္စလာမ်ဘာသာဝင် နိုင်ငံသားမွတ်စလင်များအပေါ် ခွဲခြားဆက်ဆံနေ ခြင်းများသည် နိုင်ငံသားဆိုင်ရာ အခွင့် အရေး ပြဿနာတစ်ရပ်ပင် ဖြစ်ပါသည်။ စိတ်ဓါတ်များ ပြုပြင်သင့်ကြပြီဖြစ်ပါသည်။ လုပ်ရပ်များပြုပြင်သင့်ကြပြီ ဖြစ်ပါသည်။ ဥပဒေအထက်ကို ရောက်နေသောအမိန့် ညွှန်ကြားချက်များ ပြင်သင့်ပါသည်။
လူတစ်ဦးတစ်ယောက်သည် အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံမဲ့ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံမဲ့ဖြစ်မှု လျှော့ချရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (Convantion On The Reductin Of Statelessness) ကို (၃ဝ-၈-၁၉၆၁) ရက်က အတည်ပြု ချမှတ်ခဲ့ပါသည်။၁၉၆၁-ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်သည်၊ နိုင်ငံမဲ့ဖြစ်မှုပေါ်ပေါက်လာခြင်းကို ကာကွယ် တားဆီးရန် နိုင်ငံသားဖြစ်မှုကို အပ်နှင်းခြင်းနှင့်ပြန်လည် မရုပ်သိမ်းစေ ခြင်းတို့အတွက် စည်းမျဉ်း များချမှတ်ပေးသည့်အဓိက အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းဖြစ်ပါသည်။ နိုင်ငံမဲ့ ဖြစ်စေမှုကို ကန့်သတ်ရန်စည်းမျဉ်းများကိုချမှတ်ပေးခြင်းဖြင့်၊ လူတိုင်းသည် နိုင်ငံသားအဖြစ်ရပိုင်ခွင့်ရှိသည် ”ဆိုသည်ကို အသိအမှတ်ပြုသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၏အပိုဒ်-၁၅ကိုအကျိုးသက်ရောက်စေ ပါသည်။ နိုင်ငံမဲ့ဖြစ်မှု အားတားဆီးခြင်းကို ကာကွယ်စောင့် ရှောက်ရာ ရောက်သည့် ၁၉၆၁-ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို လိုက်နာ လက်ခံခြင်းဖြင့် အချိန်ကုန် လွန်လာသည်နှင့်အမျှ နိုင်ငံများသည်နိုင်ငံမဲ့ဖြစ်ခြင်းကို လျော့နည်းအောင်ပြုလုပ်ရာတွင်အထောက်အကူ ဖြစ်စေခဲ့ သည်ဟု ဆိုပါသည်။
လူ့စွမ်းအားအရင်းအမြစ်သည် နိုင်ငံအတွက် အလွန် အရေးကြီးပါသည်။ နိုင်ငံသားဆိုသည်မှာ လူမျိုး၊ ကိုးကွယ် သည့်ဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ။ နိုင်ငံသားအရည် အချင်းသတ်မှတ်ချက်နှင့် သာ သက်ဆိုင်ပါသည်။ဥပဒေ အတိုင်းဖြစ်ရပါမည်။ အုပ်စိုးသူအာဏာရှင်၏ သဘောထား မဖြစ်စေရပါ။ နိုင်ငံတော်သည် နိုင်ငံသားများ၏ စွမ်းရည် ကို နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စနစ်တကျမှန်ကန်စွာစွမ်းအားဖြည့် အသုံးချနိုင်ရ မည်ဖြစ်ပါသည်။ လူမှန်၊ နေရာမှန်နေရာချတတ်ရမည်ဖြစ် ပါသည်။ လူမျိုး၊ဘာသာကို မကြည့်ဘဲ အရည်အချင်းကို ကြည့်ရမည်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်လူမျိုး ဘာသာ မခွဲ ခြားဘဲ အရည်အချင်းရှိသူများကို နေရာပေးသည့် နိုင်ငံများ သည် ဖွံ့ဖြိုးတိုးတက်ကြသည်ကို ငြင်းနိုင်မည်မဟုတ်ပါ။ထို့ကြောင့် နိုင်ငံသားစိစစ်ရန် ကျန်နေသူ(၁၁)သန်း အနက် အသက်(၁ဝ)နှစ်ပြည့်၊ (၁၈)နှစ်ပြည့်သူများကို အမြန်ဆုံး စိစစ်ပြီး နောင်အရှုပ်အရှင်းကင်းမည့် နိုင်ငံသားကတ် စနစ်တစ်ခုကို အမြန်ဆုံးပြင်ဆင် ကျင့်သုံးသင့်ပြီဖြစ်ပါ သည်။ ထိုသို့ကျင့်သုံးရာတွင်လည်း လူတစ်ဦးရရှိပြီးဖြစ်သည့် နိုင်ငံသားအခွင်အရေးကို နောက်ကြောင်းပြန်ထိခိုက်စေခြင်း မဖြစ်သင့်ပါ။
သို့ဖြစ်ရာ နိုင်ငံသားစိစစ်ရေးတာဝန်ရှိဌာန အဖွဲ့ အစည်း ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံသားစိစစ်ခံရန် လျှောက် ထားသူများတွေ့ကြုံနေကြရသည့် နိုင်ငံသားလျှောက်ထားမှု အား လက်မခံခြင်း၊ လျှောက်ထားမှု မပြည့်စုံဟုဆိုကာ အမှု တွဲပြန်ပေးခြင်း၊ အချက်အလက်များတောင်းယူ စိစစ်ပြီး နောက် ၂-နှစ်ကျော်ခန့်ကြာမှ နိုင်ငံသားစိစစ်ရေးကတ် မရ ဟုဆိုကာ အမှုတွဲပြန်ပေးခြင်း၊ ဥပဒေ ပုဒ်မ-၆၊၇၊ နှင့်ညီညွတ် ပါလျှက် နိုင်ငံသားစိစစ်ရေးကတ်ပြား-နိုင်-၃(က) ၆(က) မထုတ် ပေးခြင်း၊ မမှန်မကန်၊မပြည့်မစုံ ရေး သွင်းဖြည့် စွက် ပြင်ဆင်ပြီး ပုဒ်မ-၆၅အရ အဆုံးအဖြတ်ခံရန် လျှောက် ထား စေခြင်း၊ တင်ပို့ခြင်း၊ NV Card ကိုင်ရန်မလိုဘဲ NV Card ကိုင်ရမည်ဟုပြောခြင်း၊ လျှောက် ထားမှုအား အမှုတွဲဖွင့် မပေးခြင်း၊ ရက်ချိန်း မကြာခဏပေးခြင်း၊ နှစ်ချီကြာမြင့်ခြင်း၊ အမှုတွဲဖွင့် စိစစ်ခြင်းမပြုရသေးဘဲ နိုင်ငံသားပြုခွင့်ရ လက်မှတ်သာရမည်ဟု ကြိုပြောခြင်း၊ ကာယကံရှင်၏ အထက်မိဘ၊ ဘိုးဘွားများ လ.ဝ.က ပုံစံ(၁)ပါ ရေးသွင်း ချက်များကို ပြင်ဆင်ခြင်း၊ရရှိပြီး နိုင်-၃(က)ကို နိုင်-၆(က) လဲသည့်အခါ ကာယကံရှင်မသိဘဲ၊ သဘောမတူဘဲလူမျိုး အမည်များပြင် ရေးခြင်း၊ လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာကို ခွဲခြားဆက်ဆံခြင်း၊ ငွေကြေးများစွာတောင်းခံခြင်းတို့ ကြောင့် တွေ့ကြုံနေကြရသော အခက်အခဲများကို ဥပဒေနှင့်အညီ အမှန်တကယ် ကူညီဖြေရှင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
                                                                                                 (တရားလွှတ်​​တော်​​ရှေ့​နေ ဦးအုန်း​မောင်​)

https://m.facebook.com/groups/744771108988849?view=permalink&id=1183741321758490

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ နိုင်ငံသားစိစစ်ရေး( ဦးအုန်း​မောင်​-တရားလွှတ်​​တော်​​ရှေ့​နေ)”

Post a Comment

Related Posts Plugin for WordPress, Blogger...