Wednesday, September 19, 2018

၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးမလုပ်လျှင် ပြင်းထန်သောတောင်းဆိုမှု ဖြစ်ပေါ်လာမည်ဟုဆို

,
ရန်ကုန်၊ စက်တင်ဘာ ၁၈

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး တွေ့ဆုံညှိနှိုင်းမှုများလုပ်ဆောင်မှုမရှိလျှင် ပြင်းထန်သော တောင်းဆိုမှုများဖြစ်ပေါ်လာမည်ဟု ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးက္ကဿရိယ(မင်းသုည)က မိန့်ကြားသည်။

ထိုသို့ ဖွဲ့စည်းပုံဖျက်သိမ်းရေးလုပ်ဆောင်ရာတွင် အစိုးရ ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ ၊ တိုင်းရင်းသားကိုယ်စားပြုအဖွဲ့အစည်းများပါဝင်ပြီးနောက် ပြည်သူလူထုအားလုံး၏ သဘောဆန္ဒနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအသစ်တစ်ရပ်အမြန်ဆုံး အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရန်ဖြစ်သည်ဟု ဆရာတော်က မိန့်ကြားသည်။

"တစ်နိုင်ငံလုံးရဲ့ သံဃာထုတွေ ပြည်သူလူထုတွေကနေ ပြင်လာတဲ့အထိ ဖျက်သိမ်းလာတဲ့အထိ လုပ်ဆောင်မယ်"ဟု ဆရာတော်က မိန့်ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အာဏာရှင် အဟောင်း၊အသစ်များအတွက်သာအကျိုးခံစားနေရပြီး ပြည်သူလူထုသည် တစ်နေ့ထက်တစ်နေ့ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်ဟု ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိ (ဦးဇင်းပုရစ်)ကမိန့်ကြားသည်။

လက်ရှိချိန်သည် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလ၌ တွေ့ကြုံခံစားနေရသော အခြေအနေများအတိုင်း ပြည်သူများခံစားနေရကာ ထိုအရာများမှလွတ်မြောက်ရန်အတွက် ဖွဲ့စည်းပုံဖျက်သိမ်းရေးသည် လွန်စွာအရေးကြီးကြောင်း ဆရာတော်က ထပ်မံမိန့်သည်။

"ဖွဲ့စည်းပုံဖျက်သိမ်းနိုင်မှ ပြည်သူလူထုဘဝ မြင့်မားမယ်။ နိမ့်ကျနေတဲ့ အခြေအနေတွေ ပြန်လည် မြှင့်တင်နိုင်မယ်"ဟု ဆရာတော်က မိန့်ဆိုသည်။

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၁၁နှစ်ပြည့်အခမ်းအနားကို စက်တင်ဘာလ ၁၈ရက်တွင် ကျိုက္ကဆံဓမ္မပိယကျောင်းတိုက်၌ကျင်းပခဲ့သည်။

ထိုအခမ်းအနားမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ပြည်တွင်းစစ် လုံးဝရပ်ရေး၊ စားဝတ်နေရေး ပြေလည်ရေး၊ ပြည်သူ့ဘဝလုံခြုံရေး စသော သဘောထား ၄ချက်ထုတက်ကို ရွှေဝါရောင်ဆရာတော်များက ထုတ်ပြန်ခဲ့ပြီး အစိုးရ ၊လွှတ်တော်၊ တပ်မတော်နှင့်တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းများထံသို့ ဆရာတော်များ၏ သဘောထားကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။


https://m.facebook.com/story.php?story_fbid=287900891811196&id=116494362285184

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးမလုပ်လျှင် ပြင်းထန်သောတောင်းဆိုမှု ဖြစ်ပေါ်လာမည်ဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...