Tuesday, March 20, 2018

မြန်မာ့စီးပွားရေး ပြိုလဲခဲ့လျှင် ရဲရဲကြီးတာဝန်ယူမယ့်သူ ရှာထားပါ - (လက်စောင်းထက်)

,
03/20/2018 - 13:57

 အခွန်သက်သာခွင့် အစီအစဉ်ကို မကြာခင် အတည်ပြုမယ့် ၂၀၁၈ ခု ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် မထည့်သွင်းရန် လွှတ်တော် ကိုယ်စားလှယ်များက ဆုံးဖြတ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က မီဒီယာများသို့ ထုတ်ဖော် ပြောကြားနေချိန်မှာ မြန်မာလူငယ် သုံးသောင်းကျော်ဟာ နှစ်လတာကာလအတွင်း ပြည်ပနိုင်ငံများဆီ အလုပ်ကြမ်းများ လုပ်ကိုင်ရန် ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

အခွန်အကောက် ဥပဒေကြမ်းရဲ့ ပုဒ်မ (၂၅) မှာ ပထမ ခြောက်လအတွက် အခွန် ၃ ရာခိုင်နှုန်း၊ ဒုတိယ ခြောက်လ အတွက် အခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံပြီး နှေးကွေးလေးလံနေတဲ့ မြန်မာ့စီးပွားရေး ကဏ္ဍထဲကို ငွေကြေးတွေ စီးဆင်းလာအောင် ရည်ရွယ်လုပ်ဆောင်တဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဌာနရဲ့ ကြိုးပမ်းမှုဟာ အဟောသိကံ ဖြစ်သွားခဲ့ပါတယ်။ NLD အစိုးရရဲ့ ၀န်ကြီးဌာန ဥပဒေကြမ်းပါ အခွန်သက်သာခွင့်ဟာ လူမမြင်ရသော မှော်ဆရာများရဲ့ ဖန်တီး ချက်တွေနဲ့ အတူ ငြင်းပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးက အခွန်လွတ်ငြိမ်း သက်သာခွင့်ကို အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ လူတွေ အောင်ပွဲခံသွားတဲ့ အချိန်မှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေက အလွန်ဆိုးရွားနေတယ်လို့ ၈၃ ရာခိုင်နှုန်းက ဆန္ဒပြုထားကြောင်း Myanmar Insider Business Journal ရဲ့ သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှု အညွှန်းကိန်းစစ်တမ်းက ဖော်ပြထားပါတယ်။ ဒီစစ်တမ်းဟာ လတ်တလော စီး ပွားရေးအခြေအနေပေါ် သုံးသပ်ထားတာ ဖြစ်ပြီး (၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ-မတ်လ) ထုတ်ဖြစ်ပါတယ်။

ဒီစစ်တမ်းဟာ မြန်မာ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းရှင် ၅၀ အထက် ကို အခြေခံကောက်ယူထားတာဖြစ်ပြီး ယခင်သုံးလ (၂၀၁၇ အောက်တိုဘာ-ဒီဇင် ဘာ) စီးပွားရေးအညွှန်းကိန်း  (-၁၄) ပြခဲ့ပြီး လက်ရှိ စစ်တမ်းမှာတော့ (-၂၅) ပြခဲ့တဲ့အတွက် သိသိသာသာ ကျဆင်းသွားတာ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်က စီးပွားရေးစီမံခန့်ခွဲမှု ကောင်းမွန်ခြင်း မရှိမှုဟာ ၁၉ ရာခိုင်နှုန်းရှိခဲ့ပြီး NLD အစိုးရ လက်ထက် စီးပွားရေးစီမံခန့်ခွဲမှု မကောင်းမွန်မှုဟာ ၅၉ ရာခိုင်နှုန်းရှိရာကနေ လက်ရှိ အခြေအနေမှာတော့ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ NLD အစိုးရရဲ့ စီးပွားရေးဆိုင်ရာ ရလဒ်တွေဟာ ဆွဲဆောင်နိုင်မှု မရှိတာကြောင့် မကောင်းဘူးဟု ဖြေဆိုသူ များပြားလာကြောင်း Myanmar Insider က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

လွှတ်တော်မှာ အခွန်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ရက်ပေါင်းအတော်ကြာ ငြင်းခုံဆွေးနွေးနေတဲ့ အချိန်မှာ ဖေဖော်ဝါရီလအတွင်း ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ဖို့ ထွက်ခွာသွားတဲ့ လူငယ်လူရွယ် ၁၅၆၅၃ ဦး ရှိခဲ့ပါတယ်။ ပြည်ပ ထွက်ခွာသွားသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။ သူတို့ လုပ်ဆောင်ရမယ့် အလုပ်တွေကတော့ ထိုင်းနိုင်ငံရဲ့ ရေလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနဲ့ စားသောက်ဆိုင်တွေ၊ အ၀တ်အထည်ဆိုင်တွေမှာ ထိုင်းလူမျိုးတွေ မလုပ်လိုတဲ့အလုပ်တွေကို လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အခြေခံလုပ်ခလစာဟာ တစ်လဘတ် ၁၀,၀၀၀ အနိမ့်ဆုံး ရှိတာကြောင့် မြန်မာငွေနဲ့ တွက်ကြည့်ရင် သုံးသိန်းကျော်တာကြောင့် သွားရောက်အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ အခြေခံအလုပ် အတွက် တစ်လ ကျပ်သုံးသိန်း မပေးနိုင်ပါဘူး။ ပြည်ပထွက်ခွာသူ တစ်လ ၁၅၀၀၀ အထက် ရှိနေတာဟာ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ လုပ်ခလစာ နိမ့်ကျမှုကြောင့် ဖြစ်ကြောင်း စီးပွားရေး ပညာရှင်တွေက ဝေဖန် ထောက်ပြကြပါတယ်။ ဒီ စာရင်းဟာ တရားဝင် ထွက်ခွာသွားတဲ့ စာရင်းသာဖြစ်ပြီး ထိုင်းနိုင်ငံမှာ တရားမ၀င် အလုပ် လုပ်ကိုင်နေတဲ့ မြန်မာလူမျိုးပေါင်း ၄၄၀၀၀၀ ကျော်ရှိတယ်လို့ ထိုင်း လ၀က,က ဆိုပါတယ်။ ဒီအထောက်အထားမဲ့တွေကို တရားဝင် မှတ်ပုံတင် ပြုလုပ်ပေးနေတာတောင် လက်ရှိ ထိုင်းနိုင်ငံထဲမှာ ၁၅၀၀၀၀ လောက် ကျန်နေသေးတယ် ဆိုတာလည်း သိရပါတယ်။ ပြည်တွင်းမှာ စီးပွားရေး မကောင်းရင် အလုပ်အကိုင် အခွင့်အလမ်း မကောင်းနိုင်ပါဘူး။ အလုပ်အကိုင် အခွင့်အလမ်း မကောင်းရင် ပြည်တွင်းက လူငယ်တွေအားလုံး ပြည်ပကို ထွက်ခွာနေကြဦးမှာပါပဲ။ တစ်နှစ်ကို လူနှစ်သိန်းလောက် ထွက်ခွာသွားပြီဆိုရင်တော့ ပြည်တွင်း ကုန်ထုတ်လုပ်မှုနှုန်းထား ကျဆင်းသွားမှာကတော့ မြေကြီးလက်ခတ် မလွဲပါဘူး။

ကျွန်တော်တို့လူမျိုးတွေရဲ့ သဘော သဘာဝအရ Issues တစ်ခု ထွက်ပေါ်လာရင် အမြဲငြင်းခုံလေ့ရှိပါတယ်။ အခြား လူမျိုးတွေက ငြင်းခုံမှုအပေါ်မှာ ကောင်းမွန်တဲ့ ရလဒ်ကို ရှာဖွေနိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ ငြင်းခုံမှုအဆုံးမှာ အမုန်းတရားတွေနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ အခုလည်း ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ အခွန်လွတ်ငြိမ်း သက်သာခွင့် အပေါ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ စီးပွားရေး ပညာရှင်တွေ၊ မီဒီယာသမားတွေ ဝေဖန်ငြင်းခုံခဲ့ကြတာ သောသောညံပါတယ်။ နောက်ဆုံးရလဒ်ကတော့ ဧပြီလ ၁ ရက်နေ့မှာ အကျုံးဝင်နိုင်မယ့် ၂၀၁၈ ခုနှစ် အခွန်အကောက် ဥပဒေထဲမှာ အခွန် လွတ်ငြိမ်းသက်သာခွင့် အချက်ကို ထည့်သွင်းခြင်း မပြုတော့ပါဘူး။

ဒီသတင်းတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ တုံ့ဆိုင်းနေတဲ့ လက်ရှိ စီးပွားရေးအခြေအနေများအရ လုပ်ငန်းများ ရပ်တန့်ရတော့မယ့်အပြင် ဆင့်ကဲဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို စီးပွားရေးလုပ်ငန်းရှင်များက ရှင်းလင်းတင်ပြတဲ့ အစီအစဉ်ကို မတ်လ ၁၉ ရက် တနင်္လာနေ့ မနက် တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း မီဒီယာတွေကို အသိပေးခဲ့ပါတယ်။ ဒီအခြေအနေကြောင့် တောင့်မခံနိုင်တော့တဲ့ စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ရပ်တန့်ခြင်း၊ လျှော့ချခြင်းတွေ ပြုလုပ်ရတော့မယ်လို့ သိရပါတယ်။ NLD အစိုးရ လက်ထက် နှစ်နှစ်တာကာလအတွင်းမှာ အခြေခံ စားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်ပြီး စားဝတ်နေရေး ခက်ခဲစွာ လည်ပတ်နေရသလို တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း ပြည်တွင်းမှာ စီးပွားရေး လုပ်ကိုင်ရတာ တဖြည်းဖြည်း ပိုဆိုးလာတယ်လို့ ညည်းတွား နေကြပါတယ်။ အချို့ကလည်း အစိုးရအပေါ် ယုံကြည်မှု အားနည်းတာကြောင့် ၄င်းတို့ပိုင် ငွေကြေးတွေကို ပြည်တွင်းမှာ မထားဘဲ ပြည်ပမှာရွှေ့ပြောင်းထားကြပါတယ်။ ဒီလို လူအများစုဟာ အရင်အစိုးရ လက်ထက်က ဥပဒေအထက်မှာ အခွင့်အရေးများစွာ ရခဲ့သူတွေနဲ့ လုပ်ပိုင်ခွင့်များစွာ ရခဲ့သူတွေ ဖြစ်ပါတယ်။

ပြည်တွင်းမှာပဲ စာရင်းဖျောက်ပြီး လည်ပတ် နေတဲ့သူတွေ ရှိပါတယ်။ ပြည်ပမှာ အလုပ်လုပ်နေတဲ့ နိုင်ငံသားတွေကလည်း မိသားစုထံ ပြန်ပို့ပေးငွေတွေကို အခွန်မဆောင်လိုတဲ့အတွက် တရားမ၀င် ငွေလွှဲလုပ်ငန်းတွေက တစ်ဆင့် ပို့နေကြပါတယ်။ လက်ရှိ အခွန်ဥပဒေအရ ၁၀ ရာခိုင်နှုန်း သူတို့အပေါ် အခွန်ကောက်ယူကလည်း ဖိစီးမှုတွေရှိနေပြန်ပါတယ်။ ဒီငွေတွေကို အတွင်းထဲပြန်ဝင်ဖို့ ကြိုးပမ်းမှု တွေကတော့ လတ်တလော ပြီးဆုံးသွားခဲ့ပါပြီ။

ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုတိုးလာဖို့ အစိုးရက ဆန္ဒရှိနေပေမယ့် မြန်မာနိုင်ငံရဲ့ လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေးနဲ့ ရှေ့နောက် မညီသော ဥပဒေ၊ ပုဒ်မများကြောင့် မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ ၀န်လေးနေကြတာလည်း အားလုံးအသိပါပဲ။ တောင်ကိုရီးယား နိုင်ငံက Samsung ကုမ္ပဏီဟာ မြန်မာ အစိုးရရဲ့ ပံ့ပိုးကူညီမှု အားနည်းတဲ့အတွက် စက်ရုံ မဆောက်တော့ဘဲ လှည့်ပြန်သွားတာ သက်သေ ဖြစ်ပါတယ်။ ၂၀၁၈ မှာ SMEs လုပ်ငန်းတွေ ကြီးထွားလာအောင် ချေးငွေတွေ ထုတ်ပေးပြီး လုပ်ဆောင်မယ် ဆိုပေမယ့် အစိုးရ၀န်ကြီးဌာနတွေ ကိုယ်တိုင်က တင်ဒါခေါ်ယူရာမှာ နိုင်ငံခြား ကုမ္ပဏီနဲ့ ဖက်စပ် ကုမ္ပဏီတွေကို ပြည်တွင်း ကုမ္ပဏီတွေထက် မျက်နှာသာပေးနေတာလည်း တွေ့မြင်နေရပါတယ်။

စီးပွားရေးလုပ်ငန်းတွေဟာ ခက်ခဲသော အချိန်ကာလကို ဖြတ်သန်းရာမှာ ဘဏ်တိုးကြီးမားမှုကြောင့် တောင့်မခံနိုင်တော့ဘဲ ပြိုလဲမယ့် အခြေအနေတစ်ရပ်ကို တရွေ့ရွေ့လှမ်းနေပါတယ်။ ဒီကဏ္ဍတွေကို အသက်ဆက်ပေးဖို့အတွက် စီးပွားရေး ပညာရှင်တချို့နဲ့ မီဒီယာသမား တချို့ရဲ့ ထောက်ပြမှုတွေထဲမှာ အခွန်လွတ်ငြိမ်း သက်သာခွင့်နဲ့ ဘဏ်တိုး လျှော့ချရေး အချက်နှစ်ချက် ပါဝင်ခဲ့ပါတယ်။ ဒီနှစ်ချက် ပေးလိုက်ရင် သူတို့အနေနဲ့ အသက် ဆက်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ခဲ့ကြပါတယ်။ လက်ရှိစီးပွားရေးလောကမှာ လုပ်ငန်းရှင် တော်တော်များများဟာ ဘဏ်ကနေ ငွေချေးပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

အခု စီးပွားရေး ကျဆင်းနေတဲ့အချိန်မှာ ဗဟိုဘဏ်က စီးပွားရေးသမားတွေကို ချေးငွေတွေ ပြန်ဆပ်ခိုင်းတာဟာ ဘယ်လိုကြောင့်လဲဆိုတာ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။ တစ်ဖက်မှာ အရောင်းအ၀ယ် လုပ်လို့မရအောင် လုပ်ထားပြီး တစ်ဖက်မှာ ဘဏ်အကြွေးတောင်းတဲ့ အစီအစဉ်ဟာ ကောင်းတဲ့လုပ်ရပ် ဟုတ်မဟုတ် အစိုးရ တာဝန်ရှိသူတွေ သုံးသပ်ကြည့်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ဘဏ်တိုး လျှော့လိုက်ရင် ဘဏ်ထဲမှာရှိတဲ့ငွေတွေ အလုံးအရင်းနဲ့ ပြန်ထုတ်သွားမယ်ဆိုတဲ့ ခြောက်လုံးကလည်း လူတွေအတော်များများကို စည်းရုံးသွားနိုင်ပါတယ်။ လက်တွေ့ စဉ်းစားကြည့်ရင်တော့ ယနေ့ခေတ်မှာ ဘဏ်ကငွေတွေကို ပြန်ထုတ်ပြီး ဆာလာအိတ်တွေနဲ့ အိမ်မှာ ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာလည်း ပြည်တွင်းထဲက ဘဏ်တွေကို မည်သူတွေပိုင်သလဲဆိုတာ လေ့လာကြည့်ဖို့ လိုပါတယ်။ တပ်မတော်အစိုးရ လက်ထက်မှာ တစ်မုဟုတ်ချင်း ကြီးပွားချမ်းသာလာတဲ့ သူဌေးကြီးတွေ အားလုံးဟာ ကိုယ်ပိုင်ဘဏ် ကိုယ်စီရှိကြပါတယ်။ သူတို့အချင်းချင်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်ကြပေမယ့် ပြည်ပက ဘဏ်တွေ ၀င်လာမယ့် ကိစ္စမှာတော့ ကာထားဖို့၊ တစ်လေသံတည်းထွက်ဖို့ အလွန် ညီညွတ်ကြပါတယ်။

တစ်ဖက်မှာလည်း အခွန် လွတ်ငြိမ်းသက်သာခွင့်ကြောင့် မူးယစ်ဆေးဝါးငွေတွေ၊ တရားမ၀င်ငွေတွေ အားလုံးကို ငွေကြေးခ၀ါချပြီး လုပ်သွားကြမယ် ဆိုတဲ့ စိုးရိမ်မှုရှိပါတယ်။ သေချာပြန်စဉ်းစားကြည့် လိုက်ရင် ၃ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းကြောင့် တရားဝင်ဖြစ်လာမယ့် ဒီငွေကြေးကို ပိုင်ဆိုင်ထားတဲ့သူ မှတ်ပုံတင်အမှတ်နဲ့ နေရပ်လိပ်စာတို့ ရှိပြီးသား ဖြစ်ပါတယ်။ သူဟာ တစ်နှစ်တည်းနဲ့ ပျောက်သွားမှာ မဟုတ်လို့ အခွန်သက်သာခွင့် ပြီးတဲ့နောက်မှာ သူ့ရဲ့ ငွေကြေးရာဇ၀င်ကို သိနိုင်ဖို့ အချိန်မရွေး ခေါ်ယူစစ်မေးပိုင်ခွင့် ရှိပါတယ်။

ဆန့်ကျင်ဘက်အမြင်နဲ့ ပြန်တွေးကြည့်ရင် လက်ရှိ အခွန် ၂၅ ရာခိုင်နှုန်း ဆောင်ထားတဲ့ လုပ်ငန်းရှင်သူဌေးကြီးတွေရဲ့ မူလဇာစ်မြစ် ငွေကြေးကရော ဘယ်က လာသလဲဆိုတာ ဘယ်သူမှမေးခွန်းမထုတ် ကြသေးပါဘူး။ လက်ရှိ အခွန် ၂၅ ရာခိုင်နှုန်း ဆောင်ပြီး ငွေဖြူပြထားတဲ့ ခရိုနီသူဌေးကြီးတွေရဲ့ ငွေတွေဟာ လုံးဝ ငွေဖြူ ဟုတ်မဟုတ် အာမခံနိုင်သူ ရှိသလားဆိုတာလည်း မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိသူဌေးကြီးတွေ အားလုံးဟာ အရင်အစိုးရ လက်ထက်မှာ ဥပဒေထက် ကျော်လွန်ပြီး အခွင့်ထူးတွေရလို့ ကြီးပွားလာခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာမဟုတ်လို့ပါပဲ။

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဆိုးဆိုးရွားရွား ကျဆင်းနေတယ်ဆိုရင် တိုက်ရိုက် တာဝန်ရှိသူတွေအနေနဲ့လည်း တာဝန်ယူပေးဖို့ လိုလာပါလိမ့်မယ်။ NLD အစိုးရရဲ့ စီးပွားရေးပေါ်လစီကို အကောင်အထည် ဖော်ပေးနေတဲ့ ဒေါက်တိုင်တွေက များများစားစား မရှိပါဘူး။ အစိုးရအဖွဲ့ မှာဆိုရင် စီးပွား/ကူးသန်းနဲ့ စီမံ/ဘဏ္ဍာ ၀န်ကြီးဌာန နှစ်ခုရှိပါတယ်။ ဒီဝန်ကြီးဌာနကို ဦးဆောင်နေတဲ့ ၀န်ကြီးနှစ်ဦး ရှိပါတယ်။

ငွေကြေးပိုင်းဆိုင်ရာမှာ သြဇာအရှိဆုံး အဖွဲ့အစည်းကတော့ ဗဟိုဘဏ် ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌဟာ တာဝန်အရှိဆုံး လူတွေပါပဲ။ ဒါပေမဲ့ ဒီတိုင်းပြည်မှာတော့ ထူးဆန်းစွာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေး ကော်မတီကလည်း အရေးပါနေပြန်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ ဗဟိုစီးပွားရေး ကော်မတီက အရေးပါတဲ့သူ တစ်ဦး နုတ်ထွက်ခဲ့ရပါတယ်။ တချို့တွေရဲ့ အဆိုအရ ဗဟိုဘဏ် အဖွဲ့ဝင်ဖြစ်ဖို့ ဒီချုပ်စီးပွားရေး ကော်မတီရဲ့ ထောက်ခံချက် လိုတယ်လို့ သိရပါတယ်။ ဗဟိုစီးပွားရေး ကော်မတီက အစိုးရ၀န်ကြီးဌာနတွေ အပေါ်မှာလည်း လွှမ်းမိုးမှုရှိနေတဲ့ အဖြစ်အပျက်တွေလည်း ကြားနေရပါတယ်။ လွှတ်တော်မှာ ဆိုရင်တော့ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ရှိပါတယ်။

ဆိုလိုတာက အကယ်၍များ တိုင်းပြည်ရဲ့ GDP နဲ့ အဓိက ဆက်စပ်နေတဲ့ စီးပွားရေး ကဏ္ဍတွေ ပြိုလဲသွားခဲ့ရင် အနာဂတ် နိုင်ငံရေးကို ထိခိုက်နိုင်ပါတယ်။ နိုင်ငံရေး ထိခိုက်ရင် တစ်ဖက်အသင်း ၂၀၂၀ မှာ ရည်ရွယ်ထားတဲ့ (၂၅+၂၆=၅၁) ရလဒ်ဟာ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် နိုင်ငံရေးပတ်ဝန်းကျင်နဲ့ ဒီမိုကရေစီ အုတ်မြစ် ယိမ်းယိုင်သွားနိုင်ပါတယ်။ ဒါကြောင့် စီးပွားရေး ပြိုလဲမှုအတွက် ဖော်ပြပါ အဖွဲ့အစည်းတွေ အနေနဲ့သော်လည်းကောင်း၊ လူပုဂိ္ဂုလ်အနေနဲ့ သော်လည်းကောင်း ရဲရဲကြီး တာဝန်ယူဖို့လည်း လိုအပ်ကြောင်း ဒီနေရာကနေ ဝေဖန်ထောက်ပြလိုက်ပါတယ်။

Tomorrow

https://m.facebook.com/story.php?story_fbid=2011562989099649&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာ့စီးပွားရေး ပြိုလဲခဲ့လျှင် ရဲရဲကြီးတာဝန်ယူမယ့်သူ ရှာထားပါ - (လက်စောင်းထက်)”

Post a Comment

Related Posts Plugin for WordPress, Blogger...