Sunday, January 28, 2018

မနက်ဖန်မှာကျင်းပမယ့် ဆရာဦးကိုနီ နဲ့ ကိုနေ၀င်း တစ်နှစ်ပြည့်အောက်မေ့ဖွယ် အခမ်းအနားသို့ဒေါ်အောင်ဆန်းစုကြည် အမှတ်တရစကား သ၀ဏ်လွှာပေးပို့မည်

,
၂၀၁၇ ဇန်န၀ါရီ ၂၉ တနင်္ဂနွေနေ့ မှာ နိုင်ငံတော်မှ စေလွှတ်တဲ့ ပြည်ထောင်စုဝန်ကြီးအဆင့် အင်ဒိုနီးရှားနိုင်ငံ လေ့လာရေး ခရီးစဉ် ကနေ ပြန်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေ အကြံပေး ဦးကိုနီ ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့  လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

ဦးကိုနီ ကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်သူ ကြည်လင်း(ဘုရား ခိုးမှုဖြင့် ထောင်ဒါဏ် ကျခံခဲ့ဖူးသူ)ဟာ အခင်းဖြစ်ရာကနေ လေဆိပ် အပြင်ဘက်သို့ ထွက်ပြေးရာ အဌားယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုနေ၀င်း မှ ၀င်ရောက်ဟန့် တားဖမ်းဆီးရင် သေနတ်ဖြင့် ထပ်မံပစ်ခတ်ခံရကာ ကွယ်လွန်ခဲ့ပါတယ်။

မနက်ဖြန်ဟာ ဦးကိုနီ နဲ့ ကိုနေ၀င်းတို့  လုပ်ကြံသတ်ဖြတ်ခံရတာ တစ်နှစ်တင်းတင်း ပြည့်မှာဖြစ်ပါတယ်။
ဦးကိုနီ နဲ့ ကိုနေ၀င်းတို့ ရဲ့ တိုင်းပြည်ချစ်စိတ်၊အမှန်တရားအတွက် အသက်ပေးခဲ့မှုတွေအတွက် မြန်မာပြည်သူတွေဟာ အမြဲထာဝရ အောက်မေ့သတိရနေကြမှာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ဦးကိုနီ နဲ့ အတူ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းမှာ အတူ လက်တွဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကိုထွန်းကြည် နဲ့ နိုင်ကျဉ်း မိတ်ဆွေများ ဦးဆောင်ကာ ဦးကိုနီ နဲ့ ကိုနေ၀င်း တစ်နှစ်ပြည့် အောက်မေ့ဘွယ် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့ နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ အခမ်းအနား စီစဉ်သူတစ်ဦးက MUNA ကို ပြောပါတယ်။

မနက်ဖြန် ဇန်န၀ါရီ ၂၉ တနလာင်္နေ့ နေ့ လည် ၂နာရီမှာ
ကျင်းပ ပြုလုပ်မဲ့ အောက်မေ့ဘွယ်အခမ်းအနားအတွက်
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလည်း အမှတ်တရ သ၀ဏ်လွှာပေးပို့ ထားတယ်လို့ သိရပါတယ်။

အခမ်းအနားမှာ အစိုးရ အဖွဲ့ ဝင်များ၊လွှတ်တော်ကိုယ်စားလှယ် များ၊နိုင်ငံခြားသံတမန်များ နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက် အမှာစကားပြောကြားဖို့ ဖိတ်ကြားထားတယ်လို့  ကိုထွန်းကြည်က ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဦးကိုနီ အမှုမှာ လိုက်ပါ ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့ နေ အပါအ၀င် ဥပဒေ နဲ့  စာပေနယ်ပယ်မှ ဆရာ ဦးကိုနီရဲ့ မိတ်ဆွေများလည်း အမှတ်တရ စကားပြောကြားသွားမယ်လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဆရာ ဦးကိုနီ နဲ့ ကိုနေ၀င်းတို့ ကျဆုံးခဲ့တဲ့ နှစ်ပတ်လည်ဝမ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ် ကို ရန်ကုန်မြို့၊ပန်းဆိုးတန်းလမ်းက Kafe In Town မှာ ရန်ကုန်ရှေ့နေအသင်း၊ မြန်မာနိုင်ငံ မီဒီယာ ရှေ့နေကွန်ရက်နဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက် တို့က ဒီကနေ့  ပူးပေါင်း ကျင်းပခဲ့ပါတယ်။

မင်းသက်နိုင် - MUNA
Thura Aung

https://m.facebook.com/story.php?story_fbid=385581085220732&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မနက်ဖန်မှာကျင်းပမယ့် ဆရာဦးကိုနီ နဲ့ ကိုနေ၀င်း တစ်နှစ်ပြည့်အောက်မေ့ဖွယ် အခမ်းအနားသို့ဒေါ်အောင်ဆန်းစုကြည် အမှတ်တရစကား သ၀ဏ်လွှာပေးပို့မည်”

Post a Comment

Related Posts Plugin for WordPress, Blogger...