Monday, August 6, 2018

မမေ့နိုင်သော မိထ္တီလာရဲ့ညတစ်ည

,
မိတ္ထီလာကိစ္စတုန်းကလည်း ဦးဇင်း အသက်အန္တရာယ်အထိ ရန်ရှာခံခဲ့ရပါတယ် . မွတ်စလင်ဒကာ ဒကာမပေါင်း ၁၀၀ ခန့်ရှိမယ် ' ဦးဇင်းရဲ့ ကျောင်းမှာ လာရောက်တည်းခိုခွင့်ပြုခဲ့ပါတယ်

သက်ကြီးရွယ်အို  မိန်းမသားတွေနဲ့ ကလေးငယ်လေးတွေကိုပါဖယ်လိုက်မယ်ဆိုရင် လောက်လောက်လားလား ယောက်ကျားသား ၂၀ ခန့်သာရှိပေမယ်

ဒီလိုနဲ့ တည်းခိုရက် ၂ ရက်မြောက် ညမှာ လူ ၈၀ ခန့်ရှိ လူအုပ်ကြီးတစ်အုပ် တုတ် ဓားအသီးသီးနဲ့ ရောက်ချလာပါတော့တယ် . မည်သို့မည်ပုံ သတင်းရသည်တော့ မသိ ..

ဝင်းပြင်ကနေပြီး ခေါင်းဆောင်ဖြစ်ဟန်တူသူက ' အရှင်ဘုရားတို့ကျောင်းမှာ ကုလားတစ်အုပ် လာရောက်ပုန်းခိုနေတယ်လို့ တပည့်တော်တို့ကြားသိရပါတယ် ' သူတို့ကို ထုတ်ပေးပါ ' တပည့်တော်တို့လက်ထဲကို အပ်ပေးပါ ' ဆိုပြီး အော်ဟစ်တောင်းဆိုတော့ သူ့ရဲ့နောက်လိုက်တွေကလည်း ကမ္ဘာပျက်သည့်အလား အော်ဟစ်နေလေရဲ့ ''

ဒါနဲ့ ဦးဇင်းကလည်း '' ဒကာတို့က ဗုဒ္ဓဘာသာဝင်တွေပါကွယ်  ' သူတစ်ပါးရဲ့အသက်အိုးအိမ်စည်းစိမ်ကို သတ်ဖြတ်ဖို့ မသင့်လျော်ပါဘူး

မလုပ်ကြပါနဲ့ကွယ် ဆိုတော့ ဘီလူးသဘက်စီးနေသည့်အလား ရုန့်ရင်းကြမ်းတမ်းစွာဖြင့် ' ဘုန်းကြီး ခင်ဗျား ထုတ်ပေးရင် ထုတ်ပေး  မထုတ်ပေးရင်တော့ ကျုပ်တို့ကိုယ်တိုင် အဓမ္မဝင်ရောက်ရလိမ့်မယ်နော် ' ခင်ဗျား ခေါင်းမမာနဲ့ ''

ဒါနဲ့ ဦးဇင်းနဲ့အတူ ပိတ်ဆိုကာရံပေးထားတဲ့ သံဃာတော် ၇ ပါးကိုပါ တွန်းထိုးဝင်ရောက်ဖို့အထိ မိုက်ရိုင်းလာလေရဲ့ . ဦးဇင်းတို့ကလည်း နောက်ဆုံးသေရင်လည်း သေရပါစေတော့ ' သတ္တဝါတွေရဲ့အသက်ကို ကယ်တင်မယ်ဆိုပြီး ယတိပြတ်ဆုံးဖြတ်ပြီးခဲ့ပါပြီ ..

ဒီလိုနဲ့ ရုန့်ရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာ '' အောင်မြင် ခန့်ငြားတဲ့အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရတယ်  ' မွတ်စလင် ဒကာတွေထဲမှ အသက် ၃၀ ဝန်းကျင်ခန့်ရှိ  အူမာရ် ( အမည် နောက်မှသိ ) လူငယ်တစ်ဦးမှ '' ဟေ့လူတွေ ခင်ဗျားတို့ရပ်လိုက် ' ခင်ဗျားတို့သတ်ချင်ရင် ကျုပ်တို့ကို အရင်ရအောင်လာသတ် . ဆရာတော်ဘုရားတို့နဲ့ ဘာမှမသက်ဆိုင်ဘူး .
ငါတို့ရဲ့ ကျေးဇူးရှင် ဆရာတော်တွေအတွက် ငါတို့သေဖို့ ဝန်မလေးတော့ဖူး ''

အူမာရ်နှင့်အတူ လူငယ် ၂၀ ခန့်  အုတ်ခဲကျိုး တုတ်ပိုင်း သစ်ပိုင်းများကို ကိုင်ဆောင်ထားလျှက် သေမထူး နေမထူးတော့ဟန်ဖြင့် နှုတ်မှလည်း လာ အစ် လာလာ မိုဟာမက် ဟူသော အသံအားလည်း ရွတ်ဆိုလျှက်ရှိပေသည် .. ကျားရဲများအလား မာန်သွင်းသံအပြည့်ဖြင့် ရွတ်ဆိုနေကြသည်မှာ ထိုလူအုပ်ကြီးအဖို့ ဘယ့်နှယ့်နေမည်တော့မသိ . ကြားရသူ ဦးဇင်းအဖို့ပင် ကြက်သီးမွေးညှင်းတဖြန်းဖြန်းထမိပေသည် ..

ထို့နောက် အူမာရ်မှ ထိုလူအုပ်ကြီးအား '' ငါတို့က ဘာသာမတူပေမဲ့ ငါတို့ရဲ့ကျေးဇူးရှင် ဆရာတော်ဘုရားကြီးတေ
ွအတွက်ရော ငါတို့ရဲ့သက်ကြီးရွယ်အို ညီမ အမ  ကလေးငယ်လေးတွေအတွက် အသက်ပေးဖို့ ဝန်မလေးဘူး  ' မင်းတို့ကတော့ အနန္တော အနန္တငါးပါးမှာ အပါအဝင်ဖြစ်တဲ့ တန်ဖိုးဖြတ်မနိုင်တဲ့ သတ္တဝါတွေအတွက် မိမိတို့ရဲ့ အသက်အိုးအိမ်ကိုပင် မငဲ့ကွက်ပဲ မေတ္တာထားကာကွယ်ပေးနေတဲ့ စစ်မှန်တဲ့ သံဃာရှင်သူမြတ်ကြီးတွေရဲ့ အသက်ကိုပါ ရန်ရှာနေတာပေါ့လား ' လာခဲ့ကြ ငါတို့တွေအသင့်ပဲကွ ''

'လူအုပ်ကြီး ခေတ္တငိုင်သွားစဉ်  ကိုယ်ရင်လေးတစ်ပါးမှ မြဝတီမင်းကြီးဆရာတော် ကြွလာတယ်ဟေ့ '

လူအုပ်ကြီးလည်း မိမိတို့၏ တုတ်ဓားလက်နက်များအား ဘေးသို့ချကာ  သံဃာတော်ရှင်သူမြတ်များနှင့်တကွ လက်အုပ်ချီ၍ ဖူးမြော်နေကြစဉ် . ဆရာတော်ဘုရားကြီးမှ  ' ဒကာတို့ အတော်မိုက်မဲကြပေတာပဲ ' ဘာလဲ သူတို့ကို သတ်ကြဖို့လား ' ငါ့ကျောင်းလည်း လူအုပ်ကြီးတစ်အုပ် မနေ့ကလေးတင် ရောက်လာခဲ့ကြပြီးပြီ  ' အခုလည်း သူတို့ကို သတ်ချင်ရင် ငါ့ကိုအရင်သတ်ကြလို့ မိန့်တော့ ''

လူအုပ်ကြီးမှ ဦးသုံးကြိမ် ဝတ်ဖြည့်ကာ '' တပည့်တော်တို့မှားသွားပါတယ် ဘုရား   ' တပည့်တော်တို့ကို ခွှင့်လွှတ်ပါဟု တောင်းပန်လျှောက်ထားကာ ပြန်လည်၍ထွက်ခွာသွားကြလေသည် .. ကျေးဇူးတော်ကြီးမြတ်လှသော မြဝတီမင်းကြီးဆရာတော်အား တပည့်တော်တို့ သံဃာတော်များမှ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးဦးတင်ပါတယ် ဘုရား '

ဆရာတော်ဘုရားကြီးမှ သူ၏ကျောင်းမှာလည်း လာရောက်ခိုလှုံသူ လူထောင်ကျော်ရှိနေသည့်ကြားမှ ဦးဇင်းတို့ကျောင်း၌ လာရောက်ခိုလှုံနေသူများအတွက်လည်း တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးခဲ့ပါတယ် . ရှိခိုးဦးတင်ပါတယ် ဘုရား  …

ပြသနာတွေအားလုံးပြီးသွားတော့ ဦးဇင်းနားမလည်သည့်အချက်တစ်ချက်အား ဒကာအူမာရ်အား မေးကြည့်ခဲ့ပါတယ် '' ဒကာလေးတို့ကို ဦးဇင်းသိပ်ချီးကျူးမိပါတယ် ' ကိုယ့်ထမင်းတစ်လုပ်ကျေးဇူးအတွက် မိမိတို့ရဲ့အသက်ကို ပဓာနမထားပဲ ရဲရဲရင့်ရင့်ထွက်လာခဲ့တာ  ' ဦးဇင်းနားမလည်တဲ့အချက်က လူအုပ်ကြီးနဲ့ရင်ဆိုင်နေရတဲ့
အချိန်မှာ တပည့်တော်တို့ ရွတ်ဖတ်နေတဲ့ စာတွေက ဘာစာတွေလဲကွယ့်  ' မိုဟာမက်အမည်လည်းပါသေး  ' ဦးဇင်းဖြင့် ကြက်သီးပါ တဖြန်းဖြန်းထမိသကွယ် '

'' ဒီလိုပါ ဦးဇင်း  ' တပည့်တော်တို့ နောက်ဆုံးရင်ဆိုင်နေရတဲ့အချိန်မှာ တပည့်တော်တို့ရဲ့ အသက်သေမယ် မသေးဘူးဆိုတာကို တပည့်တော်တို့ မသိနိုင်ဘူး  ' မိမိတို့သေဆုံးသွားခဲ့မယ်ဆိုရင်လည်း တပည့်တော်တို့ရဲ့ ကလေမာ ယုံကြည်ချက်ဖြစ်တဲ့ ဘုရားသခင်တစ်ပါးတည်းရှိကြောင်း  မိုဟာမက်သခင်ဟာ တမန်တော်ဖြစ်ကြောင်း စာသားကို ကြိုတင် ဖတ်ရွတ်ထားကြတာပါ ' ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေကတော့ သရဏံဂုံတင်တယ် ခေါ်တာပေါ့နော် ''

' အေးကွယ် ဦးဇင်းချီးကျူးပါတယ်  ' မိမိတို့ရဲ့ နောက်ဆုံးထွက်သက်မတိုင်ခင်တောင် နှလုံးသားထဲကနေပြီး မိမိတို့ရဲ့ ယုံကြည်ချက်ကို သတ္တိရှိရှိရွတ်ဆိုရဲတဲ့ ဒကာတို့ကို ချီးကျူးပါတယ်ကွယ် . '

လက်ရှိအချိန်မတော့ ဒကာလေးအူမာရ်နဲ့ ထိုနေ့က ခိုလှုံလာသူ မွတ်စလင် ဒကာ ဒကာမလေးများ ကျောင်းကို မကြာခဏ လာရောက်ပြီး လိုအပ်သည်များကို မကြာခဏလာရောက် လှူဒါန်းလျှက်ရှိကြပါတယ်ကွယ် .

မေတ္တာတရားသည်သာလျှင် လောကီ လောကုတ္တရာ နှစ်ဌာနအတွက် လွတ်မြောက် ငြိမ်းချမ်းရာ အရာတစ်ခုပင် မဟုတ်တုံလား ...

 ဒီအဖြစ်အပျက်လေးကတော့ ဦးဇင်းဘဝအတွက် မမေ့နိုင်တဲ့  မိထ္တီလာရဲ့ ညလေးတစ်ညပေါ့ကွယ် ..

မြဝတီမင်းကြီး ဆရာတော်အား တပည့်တော်ပညာဝံသမှ ရိုသေမြတ်နိုးစွာဖြင့် ဦးတင်လိုက်ရပါသည် ဘုရား  ………

လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲကြ
ပါစေကွယ်  .

( အရှင်ပညာဝံသ )

Myn Kyawမှ တဆင့်ကူးယူဖေါ်ပြပါသည်

https://m.facebook.com/story.php?story_fbid=1870667139679950&id=100002100465867

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မမေ့နိုင်သော မိထ္တီလာရဲ့ညတစ်ည”

Post a Comment

Related Posts Plugin for WordPress, Blogger...