Monday, February 5, 2018

"တရားရုံးအပေါ် ဖိအားပေးခြင်း လျစ်လျူမရှုသင့်"

,
အများပြည်သူမြင်ကွင်းရှေ့တွင် လူနှစ်ဦးကိုသတ်ခဲ့သည့် လူသတ်သမားအား လေးစားချစ်ခင်၍ တရားရုံးသို့လာရောက်အားပေးသော ပုဂ္ဂိုလ်အချို့ ရှိလာမည်ဟု ကျွန်ုပ်တို့တစ်ခါမျှမတွေးခဲ့ဖူးပေ။ ထို့အပြင် လူသတ်သမားကိုအားပေးသောထိုပုဂ္ဂိုလ်လေးဦးက လက်ညှိုးထိုးထား သောပုံနှင့် ‘မင်းတို့ထမင်းဝအောင်စားထား’ စာတန်းပါ တီရှပ်ကို လူသတ်သမားကြည်လင်းနှင့် အပေါင်းအပါများအား ပေးဝေခဲ့သလို ၎င်းတို့လေးဦးအနက်တစ်ဦးက အတင့်ရဲစွာဖြင့်ဝတ်ဆင်၍ပင်ထား လိုက်သေးသည်။

ဘုရားခိုးမှုဖြင့် ထောင်နှစ်ရှည်ကျရာမှ သမ္မတလွတ်ငြိမ်းခွင့်ဖြင့် လွတ်လာပြီး လူသတ်မှုထပ်မံကျူးလွန်သော ကြည်လင်းနှင့် အပေါင်းအပါ ဒုစရိုက်သမားများကြောင့် အချိန်မတိုင်မီကြွေလွင့်ခဲ့ရသူနှစ်ဦးမှာတိုင်းပြည်အတွက်တရားစီရင်ရေးမဏ္ဍိုင်တွင်
ကျရာတာဝန်ကို အကောင်းဆုံး ထမ်းရွက်နေသော နာမည်ကျော် တရားလွှတ်တော်ရှေ့နေ လည်းဖြစ်၊ အာဏာရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေးလည်းဖြစ်သောဦးကိုနီနှင့် မိသားစုအတွက်သမ္မာအာဇီဝကျစွာဖြင့် အိမ်ထောင်တာဝန်ကိုထမ်းရွက်နေစဉ် မတရားမှုရွံမုန်းသောအငှား ယာဉ်မောင်းဦးနေ၀င်းတို့ဖြစ်၍ယနေ့အထိအမှန်တရားမြတ်နိုးသော
ပြည်သူများက နှမြောတသဖြစ်နေဆဲပင်။

ထို့ကြောင့် မိသားစုနှင့်တိုင်း ပြည်အတွက် တန်ဖိုးရှိလှသောရှေ့နေ ဦးကိုနီနှင့် ဦးနေ၀င်းကိုလုပ် ကြံခဲ့သည့်ရာဇ၀တ်သားကြည်လင်း၏
လုပ်ရပ်ကိုအားပေးသူများမှာ လည်း လူသတ်မှုကိုဝစီကံ၊ မနောကံဖြင့်ကျူးလွန်ခြင်းပင်ဖြစ်လေသည်။

မည်သည့်ဘာသာတရားတွင်မဆို သူတစ်ပါး အသက်သတ်ဖြတ်ခြင်းအပေါ် အားမပေးပါ။ မြန်မာနိုင်ငံသားအများစုကိုးကွယ်သော
ဗုဒ္ဓဘာသာတွင် ပါဏာတိပါတာဆိုသည့် သူတစ်ပါးအသက်သတ်ဖြတ်ခြင်း အပေါ်ကာယကံမပြောနှင့် ၀စီကံ၊ မနောကံဖြင့်ပင် မပြစ်မှားရန်ဆုံးမ၊ တားမြစ်ထားပါသည်။

ထို့ကြောင့် အမျိုးသားလှုပ်ရှားသူအမည်ခံ ထိုသူလေးဦးလုပ်ဆောင်ချက်မှာ ဗုဒ္ဓဘာသာဝင်များအတွက်ရော၊ မြန်မာနိုင်ငံသားအားလုံး အတွက်ပါ အရှက်ရစရာပင်။ ထို့အပြင် ဦးကိုနီလုပ်ကြံခံရမှု၊ တရားစွဲဆိုမှုရုံးချိန်း ၄၂ ချိန်းအပြီး ရုံးတော်က စွဲချက်တင်သင့်၊ မတင်သင့်
အမိန့်ချရန်တစ်ပတ်အလိုတွင် တရားရုံးလာပြီး လက်ညှိုးထိုးနေပုံနှင့်‘မင်းတို့ထမင်းဝအောင်စားထား’စာတန်းပါ အင်္ကျီဝတ်ဆင်ခြင်း၊
ကြည်လင်းနှင့်အပေါင်းအပါများကိုပေးခြင်းက မည်သူ့ကိုမျှဂရုစိုက်စရာမလိုဘဲ တရားရုံးနှင့် ပြည်သူအားလုံးကိုဖိအားပေးခြိမ်းခြောက်
ခဲ့ခြင်းလည်း ဖြစ်ပေသည်။

လူသတ်သမားကြည်လင်းကို ၀န်းရံသူလေးဦးအနက် မြတ်ဘုန်းမိုရ်နှင့်
တင်ဌေးအောင်တို့သည် ၂၀၁၇ မေလ ၉ ရက်ညက မင်္ဂလာတောင်ညွန့်
မြို့နယ် ၁၂၂ လမ်းထောင့်ရှိတိုက်ခန်းတစ်ခန်းတွင် ခိုးဝင်ဘင်္ဂါလီများ
ရောက်နေသည်ဆိုကာ လုပ်ပိုင်ခွင့်ကျော်ကာ ကိုယ်တိုင်လိုက်စစ်ပြီး
မတွေ့သောအခါ အနီးရှိရပ်ကွက်နေပြည်သူအချို့ကို ရန်ရှာပြီးလူမျိုးရေး၊ ဘာသာရေးအသွင်ဖန်တီးလှုံ့ဆော်သူများထဲတွင် ပါဝင်ခဲ့သူ နှစ်ဦးဖြစ်
သည်။ လွန်ခဲ့သည့်တစ်နှစ်ခန့်က ဖန်တီးခဲ့သော အဆိုပါပြဿနာတွင် ရန်ကုန်မြို့ထဲ၌ရော၊ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာပါ အချိန်ကိုက် သွေးထိုးလှုံ့ဆော်မှုများကို ပြည်သူများကမယုံကြည် သည့်အတွက် ၎င်းတို့ဆင်သောခွင်ထဲ မ၀င်ခဲ့သည်ကိုပြည်သူများ သတိရနေဆဲဖြစ်၏။ ယခုတစ်ဖန်ဘာသာနှင့်လူမျိုးအပေါ် နိုင်ငံတကာကပင် အထင်မြင်လွဲနိုင်သော
လူသတ်သမားကို တရားရုံးထိလာရောက်အားပေးသည့်လုပ်ရပ် ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဦးကိုနီသည် အာဏာရဒီချုပ်ပါတီ၏ ဥပဒေအကြံပေးဖြစ်သော်လည်း အမှုစစ်ဆေးနေသောကာလတစ်လျှောက်အစိုးရ၊ လွှတ်တော်နှင့်ပါတီ က၀င်စွက်ဖက်ခြင်းမပြုဘဲ လွတ်လပ်သောတရားစီရင်ရေးဖြစ်ရန်စောင့်ကြည့်နေသည်ကိုတွေ့ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(က)တွင် တရားစီရင်ရေးနှင့်ပတ်သက်၍ ‘ဥပဒေနှင့် အညီလွတ်လပ်စွာတရားစီရင်ရေး’ ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် လွတ်လပ်သောတရားစီရင်ရေးအပေါ်တွင် ဖိအားပေးရာရောက်သော တရားရုံးထိလာပြီး
‘မင်းတို့ထမင်းဝအောင်စားထား’ စာတန်းပါ တီရှပ်ဝတ်၍ အင်အားပြသောလုပ်ရပ်အပေါ် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်မှ တာဝန်ရှိသူများက အလေးအနက်ထားအရေးယူဆောင်ရွက်ရန်တိုက်တွန်းလိုက်ရပါသည်။

http://www.7daydaily.com/story/119591

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"တရားရုံးအပေါ် ဖိအားပေးခြင်း လျစ်လျူမရှုသင့်"”

Post a Comment

Related Posts Plugin for WordPress, Blogger...