Wednesday, August 29, 2018

မုဒိမ်းလူသတ် ခါးပိုက်ဆောင်စစ်တပ် ခေါင်းကြီးပိုင်းတွေ ပေးဆပ်ကြဖို့ အချိန်တန်ပြီ

,
နိုင်ငံတကာဇာတ်ခုံပေါ်ရောက်လာတဲ့ မြန်မာပြည်-လယ်ရီဂျေဂင်/ဘန်ကောက်ပို့စ်

ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေက မြန်မာနိုင်ငံအနောက်ခြမ်းက ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့ အကြပ်အတည်းနဲ့ပတ်သက်ပြီး အပြင်းထန်ဆုံးသော ရှာဖွေတွေ့ရှိမှုတွေကို ထုတ်ပြန်လိုက်ပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ အစီရင်ခံစာဟာ အပိုင်းပိုင်း ခုတ်ထစ်ဖြတ်တောက်ထားတဲ့စကားလုံးတွေနဲ့ ရေးထားတာမဟုတ်သလို အဆုံးသတ်သုံးသပ်ချက်တွေပါ ပါဝင်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာသာမက နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာပါ ရှုပ်ထွေးပြီး မနှစ်မြို့စရာတွေကိုပါ ဖြစ်ပေါ်သွားစေခဲ့ပါတယ်။

ဒီအစီရင်ခံစာပါ ဖော်ပြချက်နဲ့ သုံးသပ်ချက်တွေဟာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို လက်တွေ့ကျကျ ထောက်ပြထားပြီး ကန့်လန့်ပိတ်ဆို့နေတဲ့အရာတွေကို ရှင်းလင်းနေအောင် ပြောထားတာကြောင့် မြန်မာခေါင်းဆောင်တွေ တုန်လှုပ်သွားစေခဲ့တယ်လို့ မြန်မာ့အရေးတွေကို အနီးကပ်လေ့လာနေတဲ့ အာရှသံတမန်တစ်ဦးက ဆိုပါတယ်။

 မြန်မာပြည်က ထိပ်ပိုင်း အရပ်ဖက်နဲ့ စစ်ဖက်ခေါင်းဆောင်တွေကတော့ ဒီအစီရင်ခံစာပါ ဖော်ပြချက်တွေကို အသေးစိတ် လေ့လာနေဆဲဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ကျုးလွန်ခဲ့တယ်ဆိုတဲ့ သတ်ဖြတ်မှုစွပ်စွဲချက်တွေကို တန်ပြန်တွန်းလှန်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို တဖြည်းဖြည်း သဘောပေါက်လာဖွယ်ရှိနေပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ ဒီအစီရင်ခံစာကို ဆုံးဖြတ်ချက်မပေးရသေးပေမယ့် လာမယ့်ရက်တွေအတွင်းတော့ ဆွေးနွေးကြဖွယ်ရှိနေပါတယ်။ သက်သေအထောက်အထားတွေနဲ့တကွ ဖော်ပြချက် အပြည့်အစုံတွေကို နောက်လကျရင် အတိအကျ ပုံနှိပ်ဖော်ပြတော့မှာမို့ အခု တင်သွင်းလိုက်တဲ့ အစီရင်ခံစာအနှစ်ချုပ်ကတော့ အာရုံစိုက်စရာဖြစ်လာပါတယ်။

နိဂုံးချုပ် သုံးသပ်ချက်တွေကတော့ ပါဝင်လာမယ့်သဘောရှိတယ်လို့ နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ သံတမန်သတင်းရပ်ကွက်တွေက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအစီရင်ခံစာဟာ မြန်မာပြည်အခြေအနေတွေကို နိုင်ငံတကာရာဇဝတ်တရားရုံး - ICC ကိုဖြစ်စေ နိုင်ငံတကာရာဇဝတ်ခုံရုံးဖွဲ့စည်းပြီးဖြစ်စေ စစ်ဆေးဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာနိုင်ငံမှာတည်မြဲနေတဲ့ အပြစ်ကျုးလွန်ပြီး အပြစ်ပေးမခံရတဲ့ယဉ်ကျေးမှုကို အဆုံးသတ်ပေးဖို့ တိုက်တွန်းထားပြီး အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေက တာဝန်ယူမှုတာဝန်ခံမှုပေါ်လာရေး နိုင်ငံတကာအသိုင်းအဝိုင်းကြောင့်သာ ပေါ်ပေါက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

"အပြစ်ပေးအရေးယူခြင်းမခံရတဲ့စနစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ တရားဥပစေနစ်တွေထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး တပ်မတော်ကို ဥပဒေရဲ့အထက်မှာ ရှိနေစေဖို့ပါ အားကောင်းကောင်းနဲ့ ဖန်တီးထားတယ်"လို့ အစီရင်ခံစာက ဆိုပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ မတရားသတ်ဖြတ်ခံခဲ့ရသူတွေအတွက် တရားမျှတမှု ရှိရမယ်လို့လည်း ဆိုထားပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေဟာ ARSA လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့က ဦးဆောင်ပြီး လုံခြုံရေးကင်းစခန်းတွေကို အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မနှစ်ကစလို့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့ပြီးနောက်မှာတော့ မွတ်ဆလင် ၇သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာကို ရေးသားခဲ့သူ နိုင်ငံတကာဥပဒေရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ ၃ဦးက မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အပါအဝင် အခြားသော ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ တပ်မတော်က ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို ဝရမ်းထုတ်ပြီး စုံစမ်းဖို့ ခိုင်မာတဲ့ လုံလောက်တဲ့ သက်သေအထောက်အထားတွေရှိတယ်လို့ ဆိုပါတယ်။

၁၈လအတွင်း တွေ့ဆုံမေးမြန်းထားချက်ပေါင်း ရာနဲ့ချီကို အခြေခံပြီး ရေးသားထားတဲ့ ဒီအစီရင်ခံစာဟာ နိုင်ငံတကာရဲ့အပြင်းထန်ဆုံးသော ပြစ်တင်ရှုတ်ချမှုကို တောင်းဆိုထားပြီး ကုလသမဂ္ဂက ကိုင်တွယ်မယ့်အစား နိုင်ငံတကာတရားရုံးကို လွှဲပြောင်းဖို့ အကြံပေးထားပါတယ်။

ဒီအစီရင်ခံစာဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် ထိပ်ပိုင်းတာဝန်ရှိသူ ၆ယောက်ကို နာမည်နဲ့တကွ ဖော်ပြထားပြီး လူမဆန်တဲ့ ရာဇဝတ်မှုတွေနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိကြောင်း ICC ကို လွှဲပြောင်းပေးဖို့ အကြံပြုထားပါတယ်။

 ရခိုင်ပြည်နယ်မှာ စစ်တပ်က ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ ထိတ်လန့်တုန်လှုပ်ဖို့ကောင်းတယ်လို့လည်း ရေးသားထားပါတယ်။
ဒါ့အပြင် ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ လူသတ်မှု၊ ထောင်ချဖမ်းဆီးမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ အဓမ္မကျင့်မှု၊ လိင်စော်ကားမှု၊ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ကျွန်ပြုမှုတွေ စတဲ့ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့တာမို့ နိုင်ငံတကာဥပဒေအောက်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အဆိုးရွားဆုံးသော ရာဇဝတ်မှုတွေလို့ ဖော်ပြထားပါတယ်။ လူမျိုးစုတွေကို မောင်းထုတ်ရှင်းလင်းတာတွေဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

တပ်မတော်အနေနဲ့ စစ်သွေးကြွနဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို တုန့်ပြန်တဲ့ နယ်မြေရှင်းလင်းရေးသာဖြစ်တယ်လို့ တပ်မတော်ကရော အစိုးရကပါ တစိုက်မတ်မတ်ပြောနေပေမယ့် စစ်တပ်ကသုံးတဲ့နည်းတွေဟာ တကယ့်လုံခြုံရေးခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ရာမှာ မသင့်တော်တဲ့နည်းတွေကို အစဉ်တစိုက်သုံးစွဲနေခဲ့တြာ့ဖစ်ပြီး ARSA ရဲ့သတ်ဖြတ်မှုတွေ ရှိပေမယ့်လည်း ဒါတွေအားလုံးဖြစ်ရတာဟာ မြန်မာ့တပ်မတော်ကြောင့် သာလျင်ဖြစ်ရတယ်လို့ ခိုင်ခိုင်မာမာ ဆိုထားပါတယ်။
"ရက်စက်ကြမ်းကြုတ်မှု၊ ပမာဏနဲ့စနစ်တကျ ကျုးလွန်တဲ့ ဖောက်ဖျက်မှုတွေဟာ အရပ်သားတွေကို ကြောက်လန့်တုန်လှုပ်သွားစေအောင်၊ အပြစ်ပေးနိုင်အောင် ရန်စတိုက်ခိုက်တဲ့ နည်းလမ်းအဖြစ် စစ်ဗျူဟာမြောက်စွာ သုံးစွဲခဲ့တယ်"လို့ အစီရင်ခံစာက ဆိုပါတယ်။ စစ်တပ်ဟာ ကျေးရွာတစ်ရွာလုံး မီးလောင်တိုက်သွင်းတာ၊ ကလေးငယ်နဲ့ အမျိုးသမီးတွေကို တိုက်ခိုက်ပြီး စော်ကားတာနဲ့ ခွဲခြားဆက်ဆံပြီး ရှင်းထုတ်တာတွေဟာ တရားမျှတမှုနဲ့ အကြီးအကျယ်ဆန့်ကျင်နေတယ်လို့ ဆိုထားပါတယ်။
မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအကြမ်းဖက်မှုကြီး ရပ်တန့်သွားအောင် ဝင်ရောက်တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ အပြင်းအထန် ဝေဖန်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အရပ်သားအစိုးရဟာ စစ်တပ်ကို ထိန်းချုပ်လို့မရတာကို နားလည်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ ရေငုံ့နှုတ်ပိတ်နေမှုဟာ အကြမ်းဖက်မှုကို ဖုံးကွယ်ထားရာရောက်ပြီး လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုကို တိုင်ကြားဖို့အတွက် မဖြစ်နိုင်ခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ သူတို့ရဲ့အလုပ်တွေကို ပြီးမြောက်အောင် လုပ်ခဲ့ပေမယ့် ဒီဇာတ်လမ်းတစ်ခုလုံး အဆုံးသတ်ပြီးဆုံးဖို့ကတော့ အဝေးကြီးလိုပါသေးတယ်။ မြန်မာပြည်အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးပြီး အထွေထွေညီလာခံမတိုင်ခင် ဒီအစီရင်ခံစာ အပြည့်အစုံ ပေါ်ထွက်လာမှာမို့ မြန်မာပြည်အနေနဲ့ကတော့ ဒီအကျပ်အတည်းကြီးကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့က ICC ကိုလွှဲပြောင်းပြီး လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးအတွက် တရားမျှတမှုရအောင် အကြံပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အခြားသောနည်းလမ်းတွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ တစ်ခုကတော့ မြန်မာပြည်ဟာ လူမဆန်တဲ့ ရာဇဝတ်မှုကြီးနဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ICC ကိုလွှဲပြောင်းပြီး ရင်ဆိုင်ဖြေရှင်းတာက တစ်နည်းပါ။ အဲဒီအတွက်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်လိုတာမို့ တရုတ်နဲ့ရုရှကတော့ ဗီတိုသုံးပြီး ပယ်ချမှာက သေချာနေပါတယ်။
နိုင်ငံတကာရဲ့ဝင်ရောက်စွက်ဖက်မှုကို မြန်မာအစိုးရက တောက်လျှောက် ငြင်းဆန်ခဲ့တာမို့ ICC အနေနဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့်ကို ငြင်းဆန်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ စီရင်ဆုံးဖြတ်မှုမှန်သမျှကို လက်မခံကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကြေညာချက်ထုတ်ပြန်ထားပြီဖြစ်ပါတယ်။ မြန်မာပြည်ဟာ ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
ရခိုင်ပြည်နယ်အရေး ဘယ်နိုင်ငံတကာရဲ့ဝင်ရောက်မှုကိုမဆို မြန်မာအစိုးရက လက်မခံဘဲ ပယ်ချမှာဖြစ်ပါတယ်။ အစိုးရအတွင်းသတင်းအရတော့ ဒီကိစ္စမှာ အစိုးရအနေနဲ့ တပ်မတော်ကို အားပေးထောက်ခံနေမယ့်ပုံရှိတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ICC ရောက်မယ့်အရေး လက်မခံဘူးလို့ လူချင်းတွေ့တိုင်း ပြောခဲ့တာမို့ ဒီကိစ္စကို ပြည်တွင်းရေးပြသနာအဖြစ်သာ ဖြေရှင်းမယ့်သဘော ရှိနေပါတယ်။
ရာဇဝတ်မှုတွေအတွက် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပြမယ်ဆိုရင် အရေးယူကိုင်တွယ်မယ်လို့လည်း အစိုးရက ဆိုထားတာကြောင့် နိုင်ငံတကာရဲ့အရေးယူမှုတွေ မဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာသံတမန် ၂ဦးနဲ့ မြန်မာနိုင်ငံသား ကျွမ်းကျင်သူပညာရှင် ၂ဦးနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို မြန်မာကလက်မခံသလို ပူးပေါင်းဆောင်ရွက်ဖို့လည်း ငြင်းထားပါတယ်။ ပြည်တွင်းက ကော်မရှင်ကလည်း ၁၂လအတွင်း စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ်ရမှာဖြစ်ပေမယ့် ကြားဖြတ်အစီရင်ခံစာကို လာမယ့်လတွေအတွင်း အမြန်ပြီးအောင်လုပ်ဖို့ ကော်မရှင်အဖွဲ့ဝင်တွေဟာ မြန်မာပြည်ကို အမြန်ဆုံးပြန်သွားနေကြပါတယ်။ အချက်အလက်ရှာဖွေရေးမစ်ရှင် တောင်းဆိုထားတာက နိုင်ငံတကာက လွတ်လပ်ပြီး ဘက်မလိုက်တဲ့ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းဖို့ဖြစ်ပြီး ဆီးရီးယားအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက အထူးတရားခုံရုံး ဖွဲ့စည်းသလိုမျိုး တောင်းဆိုထားတာပါ။ ယူဂိုဆလားဗီးယားရဲ့ စစ်ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့နည်းလမ်းတွေအတိုင်းဖြစ်တာမို့ ဒီအတွက် အချက်အလက်တွေ ဖော်ထုတ်ခဲ့တာပါ။
ဒီလိုဆိုရင်တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို မလိုဘဲ ကုလသမဂ္ဂ အထွေထွေညီလာခံမှာတင် ဗီတိုအာဏာမပါဘဲ အကောင်အထည်ဖော်လို့ရနေတာပါ။ မြန်မာနိုင်ငံကို လာရောက်ခွင့်မရဘဲ အင်တာဗျုး ၈၄၇ခုကိုအခြေခံ၊ ဂြိုဟ်တုဓာတ်ပုံအထောက်အထားတွေ၊ အချက်အလက်အစစ်အမှန်တွေ၊ ဓာတ်ပုံနဲ့ဗီဒီယိုသက်သေတွေနဲ့တကွ အစီရင်ခံစာ အနှစ်ချုပ် စာမျက်နှာ ၂ဝကို ထုတ်ပြန်ထားပါတယ်။ ၂ဝ၁၁ကနေ ဒီကနေ့အထိ မြန်မာစစ်တပ်က ကျုးလွန်ထားတဲ့ ရာဇဝတ်မှုတွေအမြောက်အများအတွက် အထောက်အထားတွေကို စုစည်းထားတာလည်း ဖြစ်ပါတယ်။
အခုတော့ မြန်မာအစိုးရဟာ တပ်မတော်အပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို လမ်းကြောင်းလွှဲပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘောလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကွင်းဘက်ကို ရောက်သွားပါပြီ။ နိုင်ငံတကာရဲ့ စွက်ဖက်မှုကို ရှောင်လွှဲဖို့နဲ့ တပ်မတော်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်ကောင်တွေအဖြစ် နိုင်ငံတကာစစ်ခုံရုံးတင်မယ့်ကိစ္စတွေကို ရှောင်လွှဲဖို့တော့ လူထုခေါင်းဆောင်ဟာ အချိန်မဆိုင်းဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်ဖို့လိုနေပါတယ်။
ဒီကိစ္စဟာ အရပ်သားအုပ်ချုပ်ရေးအပေါ်မှာရှိနေပြီး နယ်စပ်ရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးတွေကို ခန့်အပ်ပြီး ဒုတိယသမ္မတတစ်ဦးကိုပါ ခန့်အပ်ခွင့်ရထားသလို လွှတ်တော်ထဲမှာပါ ၂၅% နေရာဝင်ယူထားတဲ့ တပ်မတော်ကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍက ဖယ်ရှားဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အတွက် အခွင့်အလမ်းကြီးတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒီမိုကရေစီဆန်တဲ့ ဖွဲ့စည်းပုံသစ်တစ်ခုပေါ်လာပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာဖို့ စစ်တပ်က နိုင်ငံရေးကနေ နောက်ဆုတ်သွားစေမယ့် ထိပ်တိုက်ရင်ဆိုင်မှုမျိုး လုပ်ဖို့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုသာ တပ်မတော်နဲ့ အပေးအယူလုပ်နိုင်မယ်ဆိုရင် ၁၉၉၅ကစလို့ ၂ဝ၁ဝအထိ နှစ်ပေါင်းများစွာ သူ့အပေါ် နေအိမ်အကျယ်ချုပ်ဖမ်းထားခဲ့တဲ့ စစ်တပ်ကို ရှေ့တန်းစခန်းတွေပြန်သွားအောင် လုပ်နိုင်ဖို့ဆိုရင်တော့ မြန်မာလူထုလည်းကျေနပ်၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကောင်းချီးသြဘာပေးနိုင်မယ့် ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးအပေးအယူကြီးတစ်ခုကို ရှာဖွေဖို့အချိန်ရောက်လာပြီဖြစ်ပါတယ်။

KAMAYUT Media
Via ထင်ရီ




https://m.facebook.com/story.php?story_fbid=274153559867341&id=100018180966386

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မုဒိမ်းလူသတ် ခါးပိုက်ဆောင်စစ်တပ် ခေါင်းကြီးပိုင်းတွေ ပေးဆပ်ကြဖို့ အချိန်တန်ပြီ”

Post a Comment

Related Posts Plugin for WordPress, Blogger...