Saturday, March 10, 2018

ဦးကိုနီအား လုပ်ကြံ သတ်ဖြတ်မည့် အကြောင်းကို ကြိုတင် သိရှိနေပြီး လုပ်ကြံသည့် အခါ ဓာတ်ပုံ မှတ်တမ်း ယူထားသည့် အဖွဲ့ တစ်ဖွဲ့ ရှိနေ

,
March 9, 2018
ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရသည့် အမှုတွင် လက်ရှိ ဖမ်းဆီထားသော တရားခံအများအပြင် လုပ်ကြံ သတ်ဖြတ်မည့် အကြောင်းကို ကြိုတင် သိရှိနေပြီး လုပ်ကြံသည့် အခါ ဓာတ်ပုံမှတ်တမ်း ရယူထားသည့် အဖွဲ့ တစ်ဖွဲ့ရှိနေပြီး အဆိုပါ ဓာတ်ပုံ များသည် သက်သေခံ တင်သွင်းသည့် အထဲတွင် ပါဝင်လာကြောင်း တရားလို ရှေ့နေ ဦးခင်မောင်ဌေးက ပြောကြားသည်။

ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာ စစ်ဆေးနေသော ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရသည့် အမှု ၄၈ ကြိမ်မြောက် ရုံးချိန်း အပြီးတွင် ဦးခင်မောင်ဌေးက သတင်း မီဒီယာများကို ပြောကြားခဲ့သည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှု မဖြစ်ခင်တွင် အဖွဲ့ တစ်ဖွဲ့သည် အများသူငါ ၀င်ထွက်သွားလာလို့ မရသည့် လေဆိပ် အဆာက်အဦ၏ ပထမထပ်တွင် ဓာတ်ပုံများကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု တရားခံ ရှေ့နေများက ပြောကြားလာသည်ဟု ၄င်းက ဆိုသည်။

“တရားခံဘက်ကတော့ ပြောနေတာကတော့ လေဆိပ်ရဲ့ ပထမထပ် အများသူငါ ၀င်ထွက်သွားလာခွင့် မရှိတဲ့ တာဝန်ရှိတဲ့သူတွေ VIP တွေပဲ သွားလာလို့ရတဲ့ နေရာကနေပြီးတော့ ဆင်ပြီးတော့ ရိုက်နေတာ။ နောက် တစ်ခုက ဒီဟာသည် ကျွန်တော်တို့ဗျာ လူသတ်မှု တစ်ခု ဖြစ်ပြီဗျာ ဒီလိုဟာမျိုးဆိုတာ ဒိုင်းခနဲ သေနတ်သံကြားမှ ကျွန်တော်တို့သိတာ။ သို့သော် ဗွီဒိယို ရိုက်နိုင်လောက်အောင် ဒိုင်ခနဲ သေနတ်သံမကြားခင် ကတည်းက အမှုဖြစ်တဲ့ အနေအထားကို အမှုတကယ် ဖြစ်ပါတယ် ဆိုတဲ့အကြောင်း Confirm လုပ်ဖို့ ရိုက်တာပါလို့ တရားဘက်က ပြောလာတယ်ဆိုတဲ့ အခါကြတော့ ဒါက ကြည်လင်းရှေ့နေမေးတာ” ဟု ဦးခင်မောင်ဌေးက ပြောကြားသည်။

အဆိုပါကိစ္စကို ကြည်လင်းက အခုမှ ထုတ်ပြောတာလား၊ အရင် ကတည်း ထုတ်ပြောနေခြင်းလား၊ အရင် ကတည်းက ထုတ်ပြောနေခြင်းကို အခုမှ ခုခံရေး လမ်းကြောင်းကို ပြောင်းရန် လုပ်ခြင်းလားဟု ၄င်းက မေးခွန်းထုတ်သည်။

`သို့သော် ကျွန်တော်တို့ သေခြာတာကတော့ အရင် ခုခံနေတဲ့ လမ်းကြောင်းမျိုး မဟုတ်ပဲနဲ့ အခု ခုခံရေး လမ်းကြောင်း အသစ် ထွက်လာတယ်။ ဒါကို ကျွန်တော်တို့ ပြောလို့ရတယ်။ အခုခံရေးလမ်းကြောင်း အရဆိုရင် ကိုအေင်ဝင်းဇော်တို့၊ ကိုအောင်ဝင်းခိုင်တို့ သာမက နောက်ထပ် ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ မဖြစ်ခင် ကတည်းကိုက ဖြစ်တော့မယ် ဆိုတာသိနေတဲ့ အဖွဲ့သည် ဗွီဒီယိုဆင်ပြီး ရိုက်နေတဲ့အတွက် နောက် တစ်ဖွဲ့ဟာ ဦးကိုနီလုပ်ကြံခံရတဲ့ အချိန်တုန်းက လေဆိပ်ရဲ့ ပထမထပ် အများပြည်သူဝင်ထွက် သွားလာခွင့်မရှိတဲ့ အခန်းထဲမှာ ရှိနေသေးတယ်၊ အကြောင်းတော့ တရားခံရဲ့ ရှေ့နေမေးမြန်းချက်အရ ကျွန်တော်က မြင်နေရတယ်” ဟု ဦးခင်မောင်ဌေးက ပြောကြားသည်။

ယင်းသက်သေခံ ဓာတ်ပုံများသည် CCTV ကင်မရာက ရိုက်ထားသည့် ပုံမဟုတ်ကြောင်း၊ သီးခြားပုံများ ဖြစ်ကြောင်း၊ ၄င်းတို့ CCTV  ထုတ်ပေးလိုက်သည့် ပုံများထဲတွင် အဆိုပါပုံများ မပါဝင်ကြောင်းကို ပြန်ခေါ်သက်သေးဖြစ်သည့် ရန်ကုန်လေဆိပ် လေကြောင်း လုံခြုံရေးမှ ဦးဇော်ဇော်လွင်၊ လေဆိပ်ဝန်ဆောင်မှု လုံခြုံရေး ၀န်ထမ်း ဒေါ်သဇင်ထွေးတို့က တရားရုံးတွင် ထွက်ဆို သွားသည်ဟု ဆိုသည်။

`သူတို့ဆီက ထုတ်ပေးတဲ့အထဲမှာ ဒီဓာတ်ပုံမပါဘူး။ နောက်တစ်ခုက ဒီဓာတ်ပုံဟာ CCTV ကင်မရာ ကနေ ရိုက်တဲ့ အမြင့် Level ကနေ ရိုက်ထားတာမဟုတ်ဘူး။ အောက်အနိမ့် Level က။ ဦးကိုနီကို နောက်က သေနတ်ချိန်နေတဲ့ပုံ။ ဒါဆိုရင် မပစ်ခင်တုန်းက ချိန်နေတဲ့ပုံ၊ မပစ်ခင်တုန်းက ပစ်တော့မယ်ဆိုတဲ့ အကြောင်းအရာကို မြင်နေတဲ့ သက်သေတွေရှိနေပြီ။ အဲဒီပုံဟာ တစ်နေရာက ရိုက်တာ။ နောက်ထပ် ဒီရဲ့ ဆန့်ကျင်ဘက် နောက်တစ်နေရာ ကနေပြီးတော့ ပထမထပ်ကနေပြီးတော့ ရိုက်နေတဲ့ပုံတွေ ရှိနေသေးတယ်။ အခုသက်သေခံတင်တဲ့ အထဲမှာပါလာပြီ` ဟု ဦးခင်မောင်ဌေးက ပြောကြားသည်။

သည့်အတွက်ကြောင့် မဖြစ်ခင်ကတည်းက ဖြစ်တော့မည် ဆိုသည်ကို သိနေပြီး ကြိုတင် ပြင်ဆင်ထားခြင်းကြောင့် ကြိုဆောင်ရွက်နေသည့် အကြောင်းအရာသည် ပေါ်လွင်နေသည် သို့သော်ငြားလည်းပဲ အခင်းဖြစ်သည့် အချိန်က လေဆိပ်အပေါ်ထပ်မှာ ရှိနေသည့် အဖွဲ့အစည်းသည် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင် တို့နှင့် ဘယ်လို ပတ်သက်နေသည်ဆိုသည့် အကြောင်းကိုမူ မသိရသေးဟု ၄င်းက ဆိုသည်။

`သေချာတာကတော့ ဒီလူတွေတင် မကသေးဘူး။ နောက်ထက်လူတွေ ရှိနေသေးတယ်။ နောက်ထပ်အဖွဲ့ ရှိနေသေးတယ် ဆိုတာကတော့ မြင်သာနေတဲ့ အနေအထားပဲ” ဟု ဦးခင်မောင်ဌေးက မှတ်ချက်ပြုသည်။

သက်သက်သေခံအဖြစ် တင်သွင်ထားသော ဦးကိုနီအား သေနတ်ဖြင့် မပစ်မီချိန်ထားသည့်  ဓာတ်ပုံနှင့် ပတ်သက်ပြီး တရားလိုပြ သက်သေများအဖြစ် ရန်ကုန် လေဆိပ်မှ CCTV ၀န်ထမ်းများကို မေးမြန်းသည့်အခါ ယင်းပုံသည် CCTV မှတ်တမ်းမှ ကူးယူသည့် ဓာတ်ပုံ မဟုတ်ကြောင်း တရားရုံတွင် ထွက်ဆိုခဲ့သည်ဟု အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့၏ ရှေ့နေဖြစ်သူ ဦးအောင်ခိုင်က ပြောကြားသည်။

အောင်ရဲနောင်
The Ladies News
http://www.theladiesnewsjournal.com/news/fri-2018-03-09-1700/9775

via-Aye Aye Khaing.


https://m.facebook.com/story.php?story_fbid=2061539687462800&id=100008203668808

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးကိုနီအား လုပ်ကြံ သတ်ဖြတ်မည့် အကြောင်းကို ကြိုတင် သိရှိနေပြီး လုပ်ကြံသည့် အခါ ဓာတ်ပုံ မှတ်တမ်း ယူထားသည့် အဖွဲ့ တစ်ဖွဲ့ ရှိနေ”

Post a Comment

Related Posts Plugin for WordPress, Blogger...