Thursday, January 4, 2018

ဗမာပြည်လွတ်လပ်ရေးနေ့

,
လွန်ခဲ့တဲ့အနှစ် (၇၀) ဒီလိုနေ့ မနက်စောစော ၀၄၂၀ နာရီမှာ ရန်ကုန်ဆိပ်ကမ်းက ဘာမင်ဂမ်စစ်သင်္ဘောကနေ အမြှောက်သံတွေ ထွက်ပေါ်လာခဲ့ပါသတဲ့။ ဒါဟာ ဗမာပြည်လွပ်လပ်ရေးအတွက် အလံချ၊ အလံတင်အခမ်းအနားလုပ်ဖို့ အခါပေးလိုက်တာဖြစ်ပါတယ်။ သတ်မှတ်စီစဉ်ထားတဲ့အတိုင်းဘဲ ဗြိတိန်အလံကိုတိုင်ပေါ်ကချ၊ ဗမာ့ ခြောက်ပွင့်ကြယ်အလံကိုတင်ပြီး လွတ်လပ်ရေးအခမ်းအနားကိုစတင်လိုက်ပါတော့တယ်။ ဒီအခမ်းအနားကို ဗြိတိန်ဘက်က ဗမာပြည်ရဲ့နောက်ဆုံးဘုရင်ခံ ဆာ ဟူးဘတ် ရဲန့် တက်ရောက်ပြီး ဗမာပြည်ဘက်ကတော့ လွတ်လပ်ပြီးဗမာပြည်ရဲ့ ပထမဦးဆုံး သမ္မတစဝ်ရွှေသိုက်တက်ရောက်ခဲ့ပါတယ်။ သခင်အောင်ဆန်းတို့ပြည်ချစ်သားတွေ ရည်ရွယ်မျှော်မှန်းခဲ့ကြတဲ့ ဖက်ဒရယ်ဗမာပြည်ဟာ တိုင်းရင်းသားသမ္မတကိုအကြီးအမှူးထားခြင်းနဲ့အစပြုပြီး အဖွင့်လှပကြော့ရှင်းခဲ့တာတော့ အမှန်ဘဲဖြစ်ပါတယ်။

၁၈၈၅မှာ ဗမာတစ်ပြည်လုံး ဗြိတိသျှကိုလိုနီဖြစ်ခဲ့တာမို့ နိုင်ငံချစ်သူတွေဟာ ကိုယ့်အထွာနဲ့ကိုယ် နည်းမျိုးစုံသုံးပြီး နိုင်ငံလွပ်လပ်ရေးအတွက်ကြိုးပမ်းခဲ့ကြပေမယ့် သခင်အောင်ဆန်းတို့လိုစုစည်းမှုမျိုးတော့ မရရှိခဲ့တာအမှန်ပါဘဲ။ သခင်အောင်ဆန်း ရန်ကုန်တက္ကသိုလ်ရောက်ပြီးနောက်မှာမှ တိုင်းပြည်အတွက်တကယ့်ကိုစွန့်လွှတ်စွန့်စား အနစ်နာခံ၊ ဘဝပေး အသက်ဆုံးခံခဲ့ကြတဲ့လူငယ်တွေကြောင့်သာ ဗမာပြည်လွပ်လပ်ရေးခရီးကြီး ပွင့်လန်းခဲ့တာ ငြင်းမရတဲ့သမုတိသစ္စာ ဖြစ်ပါတယ်။ အချို့ကလည်း ရှေ့သွားသူတွေတွန်းခဲ့ကြတဲ့တံခါးတစ်ချပ်ကို သခင်အောင်ဆန်းတို့တွေ ဆက်တွန်းတာမို့ ပွင့်ထွက်သွားခဲ့ခြင်းသာဖြစ်တယ်ဆိုတဲ့ကောက်ချက်များလည်း ဆွဲကြပါသေးတယ်။ အဆိုပါကောက်ချက်အတွက် ဘယ်သူတွန်းတွန်း ပွင့်ဖို့အဓိကမို့ ပွင့်အောင်တွန်းနိုင်သူသာ အထက်မြက်ဆုံးဆိုတဲ့စကားနဲ့သာ ခြေဆိုသွားရမှာ ဖြစ်ပါတယ်။

လူငယ်ကျောင်းသားဘဝကတည်းက နိုင်ငံ့လွပ်လပ်ရေးကြိုးပမ်းစိတ် အမြုတေပမာကိန်းအောင်းလာတဲ့ သခင်အောင်ဆန်းဟာ တက္ကသိုလ်ပညာတတ်၊ အဲဒီကမှတစ်ဆင့်ဝံသာနုလူငယ်၊ အဲဒီကမှတစ်ဆင့်ပြည့်လက်ရုံးဖြစ်တဲ့ လက်နက်ကိုင်တပ်ထူထောင်သူ၊ အဲဒီကမှတစ်ဆင့်တကယ့်ပရိုအဆင့်နိုင်ငံရေးသမား စသဖြင့်အဆင့်ဆင့်ရင့်ကျက် တက်လှမ်းခဲ့သူဖြစ်တာမို့ တစ်ပြည်လုံးကိုသိမ်းသွင်းစုစည်းနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် နိုင်ငံ့လွတ်လပ်ရေးအတွက်တကယ်လိုအပ်လာချိန်မှာတော့ အင်အားကြီးမားလှတဲ့ အင်္ဂလိပ်တို့ကို နိုင်ငံရေးနည်းနဲ့သာ ချဉ်းကပ်ခဲ့ရတာအမှန်ပါဘဲ။ အင်္ဂလိပ်လက်ကျန် မီးကျိုးမောင်းပျက်လက်နက်တွေ၊ ဂျပန်လက်ကျန် ခြေတစ်ပေါင်ကျိုးခဲယမ်းတွေနဲ့ နေမဝင်အင်ပိုင်ယာပိုင်ရှင်အင်္ဂလိပ်ကို စိတ်ဓာတ်ကလွဲလို့ကျန်တာဘာမှမရှိတဲ့ အဲဒီအချိန်က ဗမာ့တပ်မတော်အနေနဲ့ ဘယ်လိုမှယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့တာမဟုတ်ပါဘူး။ တိုက်ခဲ့ရင်လည်း တပ်လုံးပြုတ်ပြီး တစ်ယောက်မကျန်သေမှာ ဧကန်မုချပါဘဲ။ ဒါကြောင့် ဗမာပြည်ရဲ့လွပ်လပ်ရေးကို ရအောင်ယူပေးခဲ့တာ စစ်တပ်မဟုတ်ကြောင်းထင်ရှားလှပါတယ်။ တစ်နည်းအားဖြင့် ဗမာပြည်စစ်တပ်ဟာ ဗမာပြည်လွတ်လပ်ရေးအတွက် "လုံးဝ" ကျေးဇူးမရှိပါဘူး။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံပါဝင်ခဲ့တဲ့ အဲဒီအချိန်ကမျိုးချစ်တပ်မတော်အနေနဲ့ နေမဝင်အင်ပိုင်ယာအရှင်သခင်အင်္ဂလိပ်ကိုတိုက်လို့မရနိုင်မှန်းလည်း အင်မတန်ထက်မြက်ပါးနပ်တဲ့သခင်အောင်ဆန်း ကောင်းကောင်းသိခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂါစုံတဲ့တိုင်းပြည်တစ်ခုအဖြစ်တည်ထောင်ဖို့ လက်နက်ကိုင်တပ်ဟာ မရှိလို့မရပါဘူး။ လွတ်လပ်ပြီးဗမာပြည်ဖြစ်လာခဲ့ရင် အင်္ဂလိပ်တပ်ရှိတော့မှာမဟုတ်တာမို့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ကိုယ်ပိုင်တပ်ရှိနေရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း လွပ်လပ်ပြီးဗမာပြည်ကိုကာကွယ်ဖို့အတွက် ကိုယ်ပိုင်တပ် အင်နဲ့အားနဲ့ကျန်နေစေဖို့ အင်္ဂလိပ်ကိုတိုက်ပြီး ခွန်အားဖြုန်းတီးလို့မရတာလည်း ထင်ရှားလှပါတယ်။ နောက်ပြီး ဒုတိယကမ္ဘာစစ်ကြောင့် စစ်ပန်းပြီး တိုင်းပြည်ထူထောင်ဖို့လည်းလိုအပ်နေတဲ့ ဗြိတိန်ရဲ့အခက်အခဲကိုလည်း ကောင်းကောင်းအသုံးချဖို့ သခင်အောင်ဆန်းနဲ့ လူငယ်နိုင်ငံရေးသမားတွေ ကွက်ကျော်မြင်ခဲ့ကြပါသေးတယ်။ ဒါကြောင့်လည်း အခြေအနေအချိန်အခါကိုအလစ်ဟင်းမခံဘဲ အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေးတောင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က အင်္ဂလိပ်ပါလီမန်မှာ လေဘာပါတီကအသာစီးရပြီး ဝန်ကြီးချုပ်က ကလီးမန့်အက်တလီဖြစ်ပါတယ်။ အက်တလီရဲ့ဖိတ်ခေါ်မှုနဲ့ ဗမာ့လွပ်လပ်ရေးအကြောင်းဆွေးနွေးဖို့ သခင်အောင်ဆန်းလန်ဒန်ကိုအသွား လက်နက်ကိုင်တပ်ဝေးလို့ အပ်တိုတစ်ချောင်းမပါခဲ့ပါဘူး။ ပြင်းထန်တဲ့အင်္ဂလန်ဆောင်းကိုအံတုဖို့တောင် အင်္ကျိမပါလို့ အိန္ဒိယကို လေယာဉ်ပျံတစ်ထောက်ဝင်နားချိန်မှာ နေရူးလက်ဆောင်ပေးခဲ့တဲ့ကုတ်အင်္ကျိရှည်ကိုသာ အဓိကထားပြီး ဝတ်ဆင်ခဲ့ရတာဖြစ်ပါတယ်။ သခင်အောင်ဆန်း ခေါ် ဦးအောင်ဆန်းဟာ အဲဒီအချိန်မှာ ဗမာပြည်လက်နက်ကိုင်တပ်ရဲ့ အဓိပတိလည်းမဟုတ်တော့ပါဘူး။ ဒီအချက်ကိုထောက်ရှုခြင်းအားဖြင့် ဗမာပြည်လက်နက်ကိုင်တပ် သို့တည်းမဟုတ် ဗမာစစ်တပ်ဟာ လွတ်လပ်ရေးတောင်းပွဲမှာ အရေးမပါကြောင်းထင်ရှားပါတယ်။ တပ်ဟာ တပ်ရဲ့တာဝန်ဖြစ်တဲ့ တိုင်းပြည်ကိုစောင့်ရှောက်တဲ့အလုပ်ကိုလုပ်ရင်းသာ ကျန်နေရစ်ခဲ့တာဖြစ်ပါတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွာ့လို့ ဘယ်လိုဘဲပြောနေပြောနေ အိမ်ကြီးရှင်ရဲ့အလုပ်ကို ဒလဝမ်ကလုပ်စရာအကြောင်းမရှိသလို ကိုယ့်အလုပ်ကိုယ်လုပ်မှ ဂုဏ်ရှိတဲ့အလုပ်ဖြစ်နိုင်လိမ့်မယ်လို့လည်း ဆင့်ပွါးနားလည်ယူလို့ရပါသေးတယ်။

တိုင်းပြည်ကိုတကယ်ချစ်တဲ့ သခင်အောင်ဆန်းဟာ အက်တလီတို့နဲ့ဆွေးနွေး၊ ထိရောက်တဲ့ဆုံးဖြတ်ချက်တွေချ၊ နိုင်ငံတွင်းပြန်လာပြီး ပြည်မ-တောင်တန်းညီညွှတ်မှုကိုရအောင်ယူပြီး ဗမာပြည်လွတ်လပ်ရေးအတွက် အာမခံချက်စစ်စစ်ကို ခိုင်မာစေခဲ့သူဖြစ်ပါတယ်။ အခုနိုင်ငံတော်အတိုင်ပင်ခံဖြစ်နေတဲ့ သူ့သမီးလိုဘဲ သူ့ကိုယ်ပိုင်လုံခြုံရေးကို ဂရုတစိုက်ကြပ်မတ်ကွပ်ကဲဖို့လစ်ဟင်းတာကြောင့် နုပျိုဆဲအသက် ၃၂ နှစ်အရွယ်မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူတိမ်းပါးခဲ့ပေမယ့် သူချခဲ့တဲ့လမ်းကြောင်းကို သူ့လောက်မထက်မြက်သော်လည်း သူ့ရဲ့စီနီယာလို့ပြောလို့ရမယ့် သခင်နုကဆက်လက်အကောင်အထည်ဖော်ပေးနိုင်တာကြောင့်သာ နိုင်ငံလွပ်လပ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပါတ်သက်ပြီး အတွေးအခေါ်ရော အစဉ်အလာပါရှိပေမယ့် ခပ်ရှောင်ရှောင်နေလေ့ရှိတဲ့သခင်နုဟာ သခင်အောင်ဆန်းရဲ့ အတင်းအကြပ်ဆွဲသွင်းမှုကြောင့် ဗမာပြည်နိုင်ငံရေးထဲပါဝင်ခဲ့ရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူ့ထက် အသက်အားဖြင့်လည်းငယ်၊ ဂျူနီယာလည်းဖြစ်ပေမယ့် နိုင်ငံချစ်စိတ်၊ စည်းရုံးနိုင်စွမ်း၊ စွန့်လွတ်အနစ်နာခံနိုင်မှု အစရှိတဲ့ အရည်အသွေးတွေမှာ သခင်အောင်ဆန်းကသူ့ထက် အပြတ်အသတ်သာလွန်တာမို့ လေးစားသမှုနဲ့ ဗမာပြည်နိုင်ငံရေးအရှုပ်အထုပ်ထဲ ဝင်ပါခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါသားမှာသခင်နုကသူ့လုပ်ဖော်ကိုင်ဖက် ဂျူနီယာတွေကို "ဟိုကောင်တွေ ဗမာပြည်ချစ်တယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း  -ီးဖြဲပြီးအိပ်နေသလောက်ရှိတယ်" လို့ သခင်အောင်ဆန်းရဲ့နိုင်ငံချစ်စိတ်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ပြီး ကျေးဇူးတရားကိုချီးမြှောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် ဗမာပြည်လွတ်လပ်ရေးအတွက် တကယ့်ကိုကျေးဇူးရှိသူတွေဟာ သခင်အောင်ဆန်း၊ သခင်နု နဲ့ အခြားသော တိုင်းချစ်ပြည်ချစ်လူငယ်နိုင်ငံရေးသမားများသာဖြစ်ကြောင်း အတိအလင်း ရေးသားဖော်ပြလိုက်ရပါတယ် ။     ။

ချစ်တဲ့
လင်းမြတ်

https://m.facebook.com/story.php?story_fbid=375653766213464&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဗမာပြည်လွတ်လပ်ရေးနေ့”

Post a Comment

Related Posts Plugin for WordPress, Blogger...