Sunday, March 18, 2018

မန္တလေးကစခဲ့တဲ့ သမီးတော်ရာဇ၀င် (သမီးတော် ရာဇ၀င် - ၁)

,
၁၉၉၅ ခုနှစ်နှစ်ကုန်ပိုင်းက ဖြစ်သည်၊၁၉နှစ်ဆိုတော့ လွန်ခဲ့ပြီးသောအတိတ်
ဟုလည်း ပြောနိုင်သည်။မန္တလေး နန်းမြို့အတွင်း အလယ်ပိုင်းတိုင်း စစ်ဌာန
ချုပ် တိုင်းမှူးကတော် ဆရာဝန်မကြီးသည် သူ့ခင်ပွန်း တပ်မမှူးကို ဖြုတ်ပစ်
တော့မလိုလို လေသံလွှင့်ပြီးမှ မဖြုတ်ရုံမျှမက တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်
ပေးကာ စီးပွားရှာ၍ အကောင်းဆုံးဖြစ်သော မန္တလေးသို့ ပို့လိုက်သည့်ကျေး
ဇူးရှင်အပေါ် သူမတူအောင် ထူးခြားသည့်ကျေးဇူးဆပ်နည်းဖြင့် ကျေးဇူးဆပ်
ရန် စဉ်းစားနေသည်။

မဟုတ်သည့်အကြံအစည်ဆိုလျှင်ချက်ချင်းထွက်လေ့ရှိသည့်အတိုင်းတိုင်းမှ
းကတော် ဆရာဝန်မကြီးတွင် ထခုန်ချင်စိတ်ပေါက်လောက်အောင် ကောင်း
မွန်လှသည့်အကြံအစည်တစ်ရပ်က ချက်ချင်းပေါ်လာသည်။သို့ဖြင့် အလယ်
ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ မန္တလေးမှ တပ်မှူးကတော်များကို
အရေးပေါ် အထူးအစည်းအဝေး ခေါ်လိုက်သည် ။ ယခု အလယ်ပိုင်းတိုင်း
စစ်ဌာနချုပ် အစည်းအဝေး ခန်းမထဲတွင် တိုင်းမှူးကတော်၏ ရှေ့တွင်တော့
လက်အောက်ခံ တပ်မှူးကတော်များက တိုင်းမှူးကတော်၏ အရေးပေါ်
အစည်းအဝေးမှ နှုတ်မြွက်စကားကို နာခံရန် စောင့်ဆိုင်းနေကြသည်။

သို့ဖြင့် “ညည်းတို့ကို အရေးကြီး ပြောစရာ တစ်ခုရှိတယ်။ နောက်သုံးရက်
ဆိုရင် တပ်ချုပ်ကြီး မိသားစု လာမယ်။ တကယ်ပြောရရင် ငါတို့ နိုင်ငံတော်
အကြီးအကဲဆိုတာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင်ပဲ။ သူ့သားသမီး
တွေဟာ မင်းသား၊ မင်းသမီးတွေပဲ။ဒါကြောင့် ဒီတစ်ခေါက်ကစပြီး တပ်ချုပ်
ကြီး သမီးတွေကို အရင်ကလို မမလို့ မခေါ်ရတော့ဘူး ။ သမီးတော်လို့ ခေါ်
ရမယ်ကြားလား”ဟူသည့်ခေတ်သစ်မြန်မာနိုင်ငံသမိုင်း၏သမီးတော်ရာဇ၀င်
ကို စလိုက်တော့သည်။ နားထောင်နေသည့် တပ်မှူးကတော်များကား တိုင်း
မှူး ကတော်ကြီး၏ အဖားလွန်နေပုံကို စိတ်ထဲမှ ရယ်ချင်နေကြသော်လည်း
မျက်နှာသေလေးများဖြင့်သာ နားထောင်နေကြရသည်။သူတို့ ပါးစပ်မှ သမီး
တော်ဟု ခေါ်ရမည်ကို နှုတ်ထွက်မရဲကြ။ဤသည်ကို ရိပ်စားမိသောတိုင်းမှူး
ကတော်ကြီးက “ကဲကဲ...ညည်းတို့က သူတို့လာမှဆိုရင် ပါးစပ်က မထွက်
ဖြစ်နေဦးမယ်။ အခုအရင် လေ့ကျင့်လိုက်ရအောင် ငါ့ပါးစပ်က ရှေ့ကဆိုပြ
မယ်။ နင်တို့က စိတ်ပါ လက်ပါ လိုက်ဆိုကြ... "သမီးတော်” ဟု တိုင်းမှူး
ကတော်ကြီးက တိုင်ပေးလိုက်သည်နှင့် သမီးတော် ဆိုသည့် အသံကြီးက
တိုင်းစစ်ဌာနချုပ် အစည်းအဝေး ခန်းမကြီးထဲတွင် ဟိန်းထွက်လာသည်။

တိုင်းမှူးကတော်ကြီးကား ပီတိသောမနုဿ ဖြစ်သွားသည်။ထို့နောက် မှာ
ကြား စရာရှိသည်များကို မှာကြားကာ တပ်မှူးကတော်များထဲမှ ဆရာဝန်မ
များကိုချန်လှပ်ပြီး ကျန်သူများကိုတန်းဖြုတ်ပေးလိုက်သည်။တပ်မှူးကတော်
ဆရာဝန်မများသာကျန်သည့်အခါတိုင်းမှူးကတော်ဆရာဝန်မကြီးက“ညည်း
တို့ကို တမင်ချန်ထားတာ ညည်းတို့ကလည်း ဆရာဝန် ငါကလည်း ဆရာဝန်
ဆိုတော့ ငါတို့က သူများထက် ပိုရင်းပြီးသား၊ ဒီတော့ ညည်းတို့ကို အထူး
တာဝန်ပေးဖို့ ချန်ထားတာ။ တပ်ချုပ်ကြီး သမီးတွေ ဆောရီး ဆောရီး ငါက
စမှားပြန်ပြီ။သမီးတော်တွေလာရင် ညည်းတို့ကသမီးတော်တစ်ယောက်ချင်း
အတွက် တာဝန်ယူရမယ်။ ဒါမှသာ ကျန်းမာရေးကို အနီးကပ် ဂရုစိုက်နိုင်မှာ
ဖြစ်သလို ညည်းတို့က အိုင်ကျူမြင့်တော့ လိုတာကို ချက်ချင်းဆောင်ရွက်
ပေး နိုင်လိမ့်မယ်။ ညည်းတို့ ယောက်ျားတွေအတွက်လည်း တက်လမ်းပွင့်
တာပေါ့။ နားလည်တယ်နော်” ဟုဆိုကာ အနီးကပ်မှာကြားပြီး ပွဲကို အဆုံး
သတ်လိုက်သည်။

တိုင်းမှူးကတော် အတွက် တပ်ချုပ်ကြီး၏ ကောင်းချီးမင်္ဂလာကို ရယူရန်
အချက်သုံးချက်ရှိသည်။ ပထမ အချက်မှာ သူမ၏ခင်ပွန်းက လုပ်ရည်ကိုင်
ရည် မရှိသောကြောင့် ဖြစ်သလို သမီးတစ်ဦးက လူမျိုးခြား၊ ဘာသာခြားဖြင့်
လူရှေ့ သူရှေ့ မရှောင်တွဲနေသည့် ဓာတ်ပုံများကလည်း ပျံ့နှံ့နေသည်။ ထို
ထက်ဆိုးသည်မှာ သားဖြစ်သူကမူးယစ်ဆေးစွဲနေခြင်းပင်ဖြစ်သည်။ထောက်
လှမ်းရေးတန်ခိုးထွားနေသောအချိန်သမယတွင်သူ့ခင်ပွန်းတိုင်းမှူးကလည်း
မန္တလေးထောက်လှမ်းရေး ၁၆တပ်မှူးဖြစ်သူနှင့် လုံးဝမတည့်။ထောက်လှမ်း
ရေးတပ်မှူးက သူ့ခင်ပွန်း၏ တယ်လီဖုန်းများကို ကြားဖြတ်နားထောင် နေ
သည်ဟုလည်း သတင်းများထွက်နေသည်။ထို့အတွက် သူ၏ အားကိုးရာမှာ
တစ်နိုင်ငံလုံးက ပြားပြားဝပ် ကြောက်ရသော တပ်ချုပ်ကြီး မိသားစုတစ်စု
သာ ရှိတော့သည်။

နန်းတွင်းသို့ ရဟတ်ယာဉ် နှစ်စီးဖြင့် တပ်ချုပ်ကြီး မိသားစု ရောက်ရှိလာချေ
ပြီ။ နန်းတွင်းမှ ရဟတ်ယာဉ်ဆင်းကွင်းကြီးတွင် တန်းစီစောင့်နေသော တန်
ဖိုးကြီး ကားများ၊ ၀တ်စုံပြည့် တပ်ထိန်းများ၊ လာရောက်ကြိုဆိုနေသော စစ်
ဖက်နယ်စပ်မှ ပုဂ္ဂိုလ်များဖြင့် ပွဲလမ်းကြီး တစ်ခုသဖွယ် စည်ကားနေသည်။
ရဟတ်ယာဉ်ကွင်းတွင် တပ်ချုပ်ကြီး မိသားစုကို ရေပူရေချမ်း ကမ်းလှမ်းပြီး
တိုင်းမှူးကတော်က လက်ရွေးစင် တပ်မှူးကတော် ဆရာဝန်မလေးများကို
သမီးတော် တစ်ဦးချင်းစီအတွက် အနီးကပ်ပြုစုရန် ထည့်ပေးနေသည်။ မှာ
ကြားချက်အတိုင်း တိုင်းမှူးကတော်များထဲမှ ဆရာဝန်မလေးများက သမီး
တော် တစ်ယောက်ချင်းစီ၏ ပစ္စည်းများကို ကားပေါ်သယ်ပို့ခြင်း ၊ အနီးကပ်
စောင့်ရှောက်ခြင်းများဖြင့် မျက်နှာ မညိုရအောင် ပြုစုနေရသည် ။ အစိုးရ
အဆက်ဆက် တည်းခိုခဲ့သော ရတနာပုံ ဧည့်ရိပ်သာကို ဟောင်းနေပြီဟုဆို
ကာ အာဏာရှင် လက်ထက်တွင်မှ အသစ် ဆောက်လိုက်သော ရန်ကြီး
အောင် ဧည့်ရိပ်သာကြီးထဲတွင် သမီးတော်များ အပါအ၀င် တပ်ချုပ်ကြီး
မိသားစုက တည်းခိုနေ သည်။ ညဖက် ထမင်းစားအပြီး တွင် သမီးတော်
တစ်ဦးက သူ့ အခန်းထဲမှ အပြင်ကို လှမ်းအော်သည်။ “အပြင်မှာ ဘယ်သူရှိ
သလဲ၊ ၀င်ခဲ့စမ်း”ဟု အပြင်တွင် စောင့်နေသော တပ်မှူးကတော် ဆရာဝန်မ
လေးက ပြာပြာသလဲဖြင့် “ရှိပါတယ်သမီးတော်”ဟု အသံပေးရင်း အခန်းထဲ
ဝင်လိုက်သည်။တပ်မှူးကတော်ထက် အသက်များစွာငယ်သော သမီးတော်
က “ငါ အခုရေချိုးမလို့၊ငါ့ အိတ်ကိုဖွင့်ပြီး အထဲက အပြာရောင်ည၀တ်အင်္ကျီ
ကို ထုတ်ထား”ဟု မိန့်ကြားသည်။ဆရာဝန်မလေးက “ဟုတ်ကဲ့ သမီးတော်”
ဟု ပြောရင်း ခရီးဆောင် သေတ္တာကို ယူလိုက်သည်။

သမီးတော်ကား ရေချိုးခန်းထဲ ၀င်သွားချေပြီ ။ ပြဿနာက ထိုသေတ္တာကို
ဆရာဝန်မလေးက မဖွင့်တတ်ပါ။မည်သည့်နေရာမှ မည်ပုံဖွင့်ရမည်ကို မသိ
လောက်အောင် ခရီးဆောင် သေတ္တာက အရည်အသွေး မြင့်မားတန်ဘိုးကြီး
လွန်းလှသည်။ ဟုတ်နိုးနိုးဖြင့် ဖွင့်နေသော်လည်း သေတ္တာက ပွင့်မလာဘဲ
ဇောချွေးများသာ ပြန်လာသည်။တစ်ကိုယ်လုံးလည်း ကြောက်စိတ်ဖြင့် တုန်
ရီနေချေပြီ။ ထိုအချိန်တွင် ရေချိုးခန်းတံခါး ပွင့်လာသည်။ သေတ္တာ ယခုထိ
ဖွင့်မထားရသေးသည်ကိုမြင်သည်နှင့် သမီးတော်ကား ဒေါသအမျက်ချောင်း
ချောင်း ထွက်လေပြီ။

ဒီသေတ္တာလောက်မှ မဖွင့်တတ်ဘူးလားဟုကျားဟိန်းသံပေးကာသူ့သေတ္တာ
ကို သူ့ဟာသူ ဖွင့်သည်။ အ၀တ်အစား ထုတ်ဝတ်ပြီးသော် “နင်က သိပ်ညံ့
တယ်။ ဒီတော့ နင့်ကို ဒဏ်ပေးရမယ်။ ဒီအခန်းထဲမှာ တစ်ညလုံး မတ်တပ်
ရပ်နေ”ဟု ပြစ်ဒဏ်ကို တစ်မဟုတ်ချင်း ချမှတ်လိုက်သည်။ ဆရာဝန်မလေး
မှာ ညစာလည်း မစားရသေး။ အိမ်တွင်လည်း လူမမယ် သမီးလေးက ကျန်
သေးသည်။ သို့သော်လည်း အာဏာရှင်၏ သမီးတော် ချမှတ်သည့်ပြစ်ဒဏ်
ကို အယူခံခွင့်မရှိပါ။

သမီးတော်က ထပ်မံပြီး “အခန်း ထဲကမီးတွေ အားလုံးပိတ်လိုက် ၊ ရေခဲ
သေတ္တာ တံခါးဖွင့်ထား၊ အဲဒီ မီးရောင်နဲ့ နင်တစ်ညလုံး ရပ်နေ မနေကို ငါ
တစ်ရေးနိုးတိုင်း ကြည့်မယ်”ဟု အမိန့်ထပ်မံ ချမှတ်လိုက်သည်။ အဆိုပါ
ဆရာဝန်မလေးမှာ တစ်ညလုံး အခန်းထဲတွင် မတ်တပ်ရပ် နေရတော့သည်။
သမီးတော်ကား လေအေးပေးစက်ကို တစ်ဆုံးဖွင့်ပြီး ကုတင်ပေါ်တွင် ဂွမ်း
ကပ်ကြီးခြုံကာ တစ်ခေါခေါနှင့် ဟောက်သံပေးရင်း အိပ်ပျော်သွားချေပြီ။

တပ်မှူး ကတော်လေးသာ အနွေးထည်လည်းမပါ၊ ထမင်းကလည်း မစားရ
သေး။ နာရီပေါင်းများစွာကြာ မတ်တပ်ရပ်ရင်း ရင်ထဲတွင်မတော့ နာကျည်း
စိတ်များ၊ သိမ်ငယ်စိတ်များ၊ မခံချင်စိတ်များ ရောပြွမ်းနေသော်လည်း မလှုပ်
ဝံ့ပါ။ မနက် လေးနာရီ သမီးတော် ရှုးရှုးပေါက်ရန် နိုးလာချိန်ရောက်မှ “ပြန်
တော့” ဟူသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အခန်းပြင် ထွက်ရတော့သည်။

အပြင်တွင် စိုးရိမ်တစ်ကြီး စောင့်နေသော ခင်ပွန်းကို တွေ့သည်နှင့် မျက်
ရည်များက ကျလာသည်။ သို့သော် ဘုရင့်တော်ဝင် မိသားစု အိပ်နေချိန်
တွင် ရှိုက်ကြီးတစ်ငင် ငိုလိုက်ပါက ထပ်မံပြီး ကြီးလေးသည့် ပြစ်ဒဏ်ကျခံရ
ပေဦးမည် ။ သို့ဖြင့်အိမ်ရောက်မှ ခင်ပွန်းဖြစ်သူကို လက်ညှိုးငေါက်ငေါက်
ထိုးရင်း “ရှင့်လို စစ်ဗိုလ်ကို ယူခဲ့မိလို့ ကျွန်မ အစော်ကားခံရတာ၊ ကျွန်မက
ပညာမတတ်တဲ့ စာရိတ္တ မကောင်းတဲ့ ကလေကချေ လမ်းဘေးက အောက်
တန်းစား မဟုတ်ဘူး။ ကိုယ့်ပညာနဲ့ ကိုယ့်ဂုဏ်နဲ့ နေတဲ့သူ၊ အခုလို ကျွန်မ
အစော်ကားခံရတော့ ရှင်က ဘာများဝင်ကယ် ပေးနိုင်လို့လဲ၊ လူရှေ့သူရှေ့
မှာသာ တပ်မှူးဆိုပြီး ဟန်တစ်လုံး ပန်တစ်လုံး နေနိုင်ပေမယ့် ရှင်က ကိုယ့်
မိန်းမ ဒုက္ခရောက်တာကျတော့ တစ်ခွန်းတောင် ၀င်ပြောရဲလို့လား ” ဟု
သည်းကြီးအူလှိုက် ငိုပြီးရင်ဖွင့်ရင်း ရန်တွေ့တော့သည်။ ခင်ပွန်းဖြစ်သူကား
ဇနီးဖြစ်သူကိုလည်း သနား၊ သူမ ပြောကြား နေသည်များမှာလည်း မှန်နေ
သဖြင့် တစ်ခွန်းမှ မတုံ့ပြန်နိုင်ဘဲ အံကြိတ်ရုံမှလွဲပြီး ဘာများတတ်နိုင် ပါမည်
နည်း။ယခုတော့ အဆိုပါတပ်မှူးမှာ စစ်တိုင်းမှူးဖြစ်နေပြီဟု သတင်းရသည်။
လက်ရှိတိုင်းမှူး ကတော် ဆရာဝန်မ အနေဖြင့် သူ့ဘ၀၏ ခါးသီးသော ဖြစ်
ရပ်များကိုတော့ ယခုဘ၀တွင် မေ့နိုင်လိမ့် မည်မထင်။

အဆိုပါ အဖြစ်အပျက်များကို ပြောပြနေသော ခရိုနီ လက်ဟောင်းကြီးက
“ကျွန်တော်နဲ့ အဲဒီတပ်မှူးနဲ့ ကလေးမြို့မှာတွေ့တဲ့အချိန်က ဒီအဖြစ်အပျက်
တွေကို သူက ပြန်ပြောပြတာ။ပြန်ပြောပြနေတဲ့အချိန်မှာတောင် အဲဒီတပ်မှူး
ရဲ့ မျက်လုံးထဲမှာ သူ့ဇနီးအတွက် မခံချင်စိတ်တွေ သနားစိတ်တွေကြောင့်
ဝဲလာတဲ့ မျက်ရည်တွေကို တွေ့လိုက်ရသေးတယ်ဗျ”ဟု ပြောပြီး စကားကို
အဆုံးသတ်သွားသည်။

လက်စောင်းထက်

( Tomorrow မှ ကူးယူဖော်ပြပါသည်။)

ပြန်လည် မျှဝေပေးပါသည် ။

ငွေစိုး


https://m.facebook.com/story.php?story_fbid=263784597492614&id=100015832272209

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မန္တလေးကစခဲ့တဲ့ သမီးတော်ရာဇ၀င် (သမီးတော် ရာဇ၀င် - ၁)”

Post a Comment

Related Posts Plugin for WordPress, Blogger...