Tuesday, January 16, 2018

အနောက်တံခါးအရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အမေးအဖြေ

,
လက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ အနောက်တံခါးအရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ပဉ္စမလှိုင်းသတင်း မီဒီယာ (The Fifth Wave News) ၏ မေးမြန်းမှုများကို ဖြေကြားခြင်း

အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အနောက်တံခါးအရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ မဟာဗျူဟာပိုင်းဆိုင်ရာတွေကို အထူးပြုလေ့လာသုံးသပ်နေတယ်လို့ ပြောကြားထားတဲ့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့က တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကို ပဉ္စမလှိုင်းသတင်းဌာနက အခုလိုပဲ အင်တာဗျူးခဲ့ပါတယ်။ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ဟာ အရပ်သားတွေ၊ အငြိမ်းစားတပ်မတော် အရာရှိတွေနဲ့ စုစည်းတည်ထောင်ခဲ့တယ်လို့ သိရှိရပြီး မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေမှာ မဟာဗျူဟာပိုင်းဆိုင်ရာ သုံးသပ်လေ့လာဖို့ ထူထောင်ခဲ့တာလို့လည်း သိရတာဖြစ်ပါတယ်။

====================

မေး- အခုလက်ရှိမှာ မြန်မာနိုင်ငံရဲ့ အနောက်တံခါးအရေးကို ပညာရှင် တော်တော်များများက ရေးသားပြောဆိုနေကြပါတယ်။ ဆရာတို့ သေနင်္ဂကလည်း လေ့လာသုံးသပ်ချက်တွေ ရေးသားပြောဆိုနေတာ  တွေ့ရပါတယ်။ အဲဒါလေးကို သေချာရှင်းပြပေးစေချင်ပါတယ်။

ဖြေ - ကျွန်တော်တို့ သေနင်္ဂ အဖွဲ့အနေနဲ့လည်း လောလောဆယ်မှာ အကြမ်းဖက်မှုတွေကို ဦးစားပေး လေ့လာနေတဲ့ အနေအထားမှာရှိပါတယ်။ အထူးသဖြင့် အနောက်ဘက်တံခါးမှာဖြစ်တဲ့၊ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ARSA အဖွဲ့ကို ကျွန်တော်တို့အနေနဲ့ အထူးလေ့လာနေတာရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ဆောင်းပါးတွေ ရေးသားနေတာရှိတယ်။ သုတေသန စာတမ်းတွေ လုပ်နေတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နှစ်ခုစလုံးကို ကြည့်မယ်ဆိုရင် ပထမဖြစ်စဉ်က ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ခဲ့တယ်။ အဲဒီဖြစ်စဉ်မှာတုန်းကတော့ ARSA လို့ နာမည် မခံသေးဘူး။ သူတို့အနေနဲ့ Movement of Faith ဆိုတဲ့ အဖွဲ့အနေနဲ့ နာမည်ခံပြီးတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ၃ ခုကို တိုက်ခိုက်ခဲ့တာ တွေ့ရတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်စဉ်မှာတော့ ARSA အဖွဲ့ဟာ သူတို့ကိုယ်တိုင် ARSA အဖြစ် တရားဝင်ကြေညာပြီးတော့မှ လူအင်အားကို အမြောက်အများ အသုံးပြုခဲ့တယ်။ တချို့နေရာတွေမှာ အင်အား ထောင်နဲ့ချီပြီး သုံးတယ်လို့ ပြောတယ်။ စုစုပေါင်း ရဲစခန်းပေါင်း ၃၀၊ တပ်ရင်းဌာနချုပ် တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေကို လေ့လာသုံးသပ်ကြည့်တဲ့အခါမှာ သူတို့အသုံးပြုတဲ့ နည်းဗျူဟာတွေဟာ တစ်စတစ်စ တိုးတက်လာတာကို မြင်ရတယ်။ ပထမ သူတို့သုံးခဲ့တဲ့ နည်းဗျူဟာ တစ်ခုကတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားတဲ့ လမ်းကြောင်းတွေကို ခြုံခိုတိုက်ခိုက်တာတွေ ရှိတယ်။ လက်လုပ်ဗုံးနဲ့ အသုံးပြုပြီး တိုက်ခဲ့တာတွေ ရှိတယ်။ နောက်ပြီးတော့ စခန်းငယ်လေးတွေကို တိုက်ခိုက်တာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် သူတို့ဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဘင်္ဂါလီလူမျိုးတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်စုမှူးတွေ၊ ရာအိမ်စုမှူးတွေ ဒါတွေကို လုပ်ကြံသတ်ဖြတ်ပစ်တဲ့ အပိုင်းတွေ တွေ့ရပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ဒီဒေသမှာ နေထိုင်နေတဲ့ လူထုအတွင်းမှာ စိုးရိမ်ကြောင့်ကျမှုတွေ ဖြစ်လာပြီးတော့မှ သူတို့က သူတို့ရဲ့ သြဇာအာဏာ လွှမ်းမိုးအောင်လုပ်တဲ့ အနေအထားမျိုး တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့မှာ သူတို့ ကြေညာချက်တစ်ခု ထုတ်ပြန်ကြေညာခဲ့တာ ရှိပါတယ်။ အဲဒါကတော့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်ကို ခြုံခိုတိုက်ခိုက်တဲ့ ဖြစ်စဉ်မှာ ARSA အဖွဲ့ဟာ သူတို့ရဲ့လက်ချက် ဖြစ်ပါတယ်ဆိုတာ ပြောခဲ့တာတွေ ရှိတယ်။ အဲဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိမှု အပိုင်းတွေကိုလည်း ကျွန်တော်တို့အနေနဲ့ လေ့လာသိရှိ ထားပါတယ်။ ဆိုတော့ကာ ၂၀၁၇ ခုနှစ်ကနေ တဖြည်းဖြည်း များပြားလာတဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှု လုပ်ရက်တွေဟာ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း ဆက်လက်ဖြစ်ပွားလာစရာ ရှိတယ်လို့ သုံးသပ်မိပါတယ်။

မေး - သမ္မတကြီး ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအသစ်မှာ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စတွေအတွက် ဘယ်လိုနည်းဗျူဟာတွေ ချမှတ်ပြီးတော့ ကျင့်သုံးနေတယ်လို့ ထင်ပါသလဲ။ ဆရာတို့အနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ ။

ဖြေ - သမ္မတဦးထင်ကျော်အစိုးရ တက်လာပြီးနောက်ပိုင်းမှာ အစိုးရအနေနဲ့   ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဖော်ဆောင်မယ်ဆိုတဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေနဲ့ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။  သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က စခဲ့တဲ့ NCA ကို ဆက်လက် လုပ်ဆောင်နေတဲ့ ပုံစံမျိုးပါပဲ။ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဆိုပြီး ဆက်လက်လုပ်ဆောင်လာတဲ့ အပိုင်းတွေ မြင်ရတယ်။ အဲဒီ အပိုင်းမှာလည်း သူတို့က တချို့ကဏ္ဍတွေမှာ ဆွေးနွေးသဘောတူညီချက်တွေ ရရှိလာပြီး ဖြစ်တယ်။ လုံခြုံရေးကဏ္ဍ တစ်ခုကလွဲပြီးတော့ပေါ့လေ။ နောက်တစ်ခုကတော့ သူတို့က ဒီလိုမျိုး သဘောတူညီတဲ့ အချက်တွေ ရရှိလာတဲ့အချိန်မှာ ပြည်ထောင်စုသဘောတူညီချက်စာချုပ် Union Accord ရဲ့ အစိတ်အပိုင်း အနေနဲ့ ထည့်သွင်းပြီးတော့မှ စာချုပ်ချုပ်ဆိုမယ်လို့ လေ့လာသိရှိရတယ်။ မကြာခင်မှာလည်း  ၂၁ရာစု ပင်လုံ အစည်းအဝေးတွေ ဆက်ပြီးလုပ်မယ်ဆိုတာ ဆွေးနွေးညှိနှိုင်းတိုင်ပင်နေတာကို လေ့လာသိရှိထားပါတယ်။ အစိုးရအသစ်ရဲ့ ဦးစားပေး လုပ်ငန်းတစ်ရပ်ဖြစ်တဲ့ ငြိမ်းချမ်းရေးကိစ္စကို ဆက်လက်လုပ်ဆောင်နေတာ တွေ့ရတယ်။ ဒီမှာ ဆက်စပ်ပြီးတော့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိ အခြေအနေဟာ ကျွန်တော်တို့ နိုင်ငံမှာတင်မကဘူး ဒေသအတွင်းရော ကမ္ဘာမှာပါ နိုင်ငံတွေဟာ သူတို့ရဲ့ လုံခြုံရေးကို ထိခိုက်ခံနေရတဲ့ အပိုင်းတွေ ရှိတယ်။ အဲ့ဒိအတွက် နိုင်ငံတိုင်းဟာ သူတို့ရဲ့ အမျိုးသားလုံခြုံရေးအပိုင်းတွေကို ဦးစားပေး လုပ်ဆောင်လာတွေ ရှိလာပါတယ်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံ အနေအထားလည်း သိတဲ့အတိုင်းပဲ National Security လို့ ပြောရင်တော့ အများကြီး ကျယ်ပြန့်ပါတယ်။ တစ်ဖက်ကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေ တင်မကဘူး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်မှုတွေ မကပါဘူး။ တစ်ခြား သဘာဝပတ်ဝန်းကျင်လုံခြုံရေး၊ သဘာဝဘေးအန္တရာယ် လုံခြုံရေး၊ အရင်းအမြစ်တွေ လုံခြုံရေး၊ ဇီဝလုံခြုံရေး စတဲ့အချက်တွေကို ကျွန်တော်တို့ အနေနဲ့ ထည့်သွင်း တွက်ချက်ရတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ အစိုးရအဖွဲ့အနေနဲ့ကတော့ အမျိုးသား လုံခြုံရေးဆိုင်ရာ မူဝါဒ National Security Policy တစ်ရပ်ကို ချမှတ်ထားတယ်ဆိုတာတော့ မတွေ့ရသေးဘူး။ ဒီဟာတစ်ချက်တော့ ကျွန်တော်တို့အနေနဲ့ ပြောစရာရှိပါတယ်။ ဒါပေမယ့်လည်း National Defense and Security Council ပေါ့လေ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီဆိုတာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒါပေမယ့် ဒီအစိုးရအသစ် တက်လာတဲ့ အချိန်မှာတော့ ဒီလိုမျိုး အစည်းအဝေးကို ကျင်းပတယ်လို့ တရားဝင်ကြေညာထားတာမျိုး မတွေ့ရပါဘူး။ ဒါပေမယ့် အဲ့လိုမျိုး ခပ်ဆန်ဆန် လုပ်ခဲ့တဲ့ ဖြစ်စဉ်နှစ်ရပ်တော့ ရှိပါတယ်။ ပထမအကြိမ် ၂၀၁၆ ခုနှစ်မှာ သူတို့အနေနဲ့ ရခိုင်ပြည်နယ် မြောက်ဖက်ခြမ်း တိုက်ခိုက်ခံရတဲ့ ကိစ္စရပ်နောက်ပိုင်းမှာ သမ္မတကြီးနဲ့ တပ်မတော်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ နိုင်ငံတော်အတိုင်ပင်ခံ အပါအ၀င် စုပေါင်းဆွေးနွေးတင်ပြတဲ့ အပိုင်းတွေ တွေ့ရပါတယ်။ နောက်တစ်ကြိမ်က ဒုတိယအကြိမ် တိုက်ခိုက်ခံရပြီးတဲ့ ကာလမှာပဲပေါ့လေ။ ၂၀၁၇ခုနှစ် သြဂုတ်လ နောက်ပိုင်းမှာလည်း တင်ပြတဲ့အပိုင်းတွေ တွေ့ရပါတယ်။ ဒါကတော့ သူတို့အနေနဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးနဲ့ ခပ်ဆင်ဆင် ကျင်းပတဲ့သဘော မြင်ရပါတယ်။ ဒါပေမယ့်လည်း တရားဝင်အစည်းအဝေး လုပ်တယ်ဆိုတာမျိုးတော့ မတွေ့ရသေးဘူး။ တစ်ကယ်တော့ လုပ်မယ်ဆိုရင် လိုအပ်တယ်လို့တော့ ကျွန်တော်တို့အနေနဲ့ မြင်ပါတယ်။ အစိုးရအနေနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာကို တရားဝင်ကြေညာထားတာ မရှိတဲ့အတွက်    သုံးသပ်ဖို့က နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။  အစိုးရတစ်ရပ် အနေနဲ့ကတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒတစ်ရပ် ချမှတ်သင့်ပါတယ်။ ဒီမူဝါဒကို မူတည်ပြီးတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာ တစ်ရပ်ကို ချမှတ်ရေးဆွဲဖို့ လိုအပ်ပါတယ်။ တပ်မတော်အနေနဲ့ကတော့ လေ့လာတွေ့ရှိသလောက်မှာ အမျိုးသားကာကွယ်ရေးမူဝါဒ National Defense Policy ဆိုတာ ရှိတယ်လို့ လေ့လာသိရှိထားပါတယ်။

မေး  - သေနင်္ဂအဖွဲ့ရဲ့ အင်တာဗျူးတွေမှာ ပထ၀ီနိုင်ငံရေးအမြင်ဆိုတာတွေကို ထည့်သွင်းပြောဆိုတာကို တွေ့ရပါတယ်။ အဲဒီအမြင်လေးကို ရှင်းပြပေးပါ။

ဖြေ - ကျွန်တော်တို့နိုင်ငံရဲ့ တည်ရှိနေပုံအနေအထားကို ကြည့်ရင် ကျွန်တော်တို့နိုင်ငံဟာ မဟာဗျူဟာကျတဲ့ နေရာမှာ တည်ရှိတယ်။ ကျွန်တော်တို့က အဓိကကအားဖြင့် တောင်အာရှနဲ့ အရှေ့တောင်အာရှကို ပေါင်းကူးပေးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒါ့အပြင် ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ပေါ့လေ၊ ဒီနှစ်နိုင်ငံကြားမှာ တည်ရှိပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ကုန်းတွင်းပိတ် ပြည်နယ်ဖြစ်တဲ့ ယူနန်ပြည်နယ်နဲ့ အိန္ဒိယသမုဒ္ဒရာကြားမှာ တည်ရှိနေတဲ့အတွက် ကျွန်တော်တို့ နိုင်ငံဟာ အရေးပါတဲ့နေရာမှာ တည်ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ကမ္ဘာ့ဖြစ်စဉ်တွေနဲ့ ချိန်ထိုးပြီး သုံးသပ်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်ကတည်းက စပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က နေပြီးတော့ ၂၁ ရာစု ပိုးလမ်းမသစ်စီမံကိန်း BRI ဆိုပြီး ဖော်ထုတ်လာတာကို တွေ့ရတယ်။ BRI ကို အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာနိုင်ငံက အရေးပါတဲ့နေရာမှာ တည်ရှိနေတယ်။ BRI မှာ နှစ်ပိုင်းရှိတယ်။ တစ်ခုက ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး (21st Century Maritime Silk Road)၊  နောက်တစ်ခုကတော့ ပိုးလမ်းမ စီးပွားရေးခါးပတ် (Silk Road Economic Belt) ဆိုပြီး ရှိပါတယ်။ ဒီနှစ်ခုကို ပေါင်းကူး ဆက်စပ်ပေးတဲ့နေရာမှာ မြန်မာနိုင်ငံက တည်ရှိနေတဲ့အတွက် အရေးပါတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ နောက်ပြီး မဟာဗျူဟာ အမြင်အရ ကြည့်မယ်ဆိုရင် တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် နှစ်နေရာပဲ ရှိပါတယ်။  အဲဒီနေရာမှာ မြန်မာက တစ်နေရာ ပါနေပါတယ်။ နောက်တစ်နေရာကတော့ ပါကစ္စတန်နိုင်ငံဘက်မှာ ရှိပါတယ်။ အဲဒီအတွက် အရေးပါတယ်လို့ ပြောနိုင်တာဖြစ်ပါတယ်။ သုံးသပ်ကြည့်မယ်ဆိုရင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ အာရုံစိုက်စရာ နေရာမှာ မြန်မာနိုင်ငံ တည်ရှိနေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာဖြစ်တဲ့ ပဋိပက္ခ မှန်သမျှကလည်း ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အာရုံစိုက်စရာ ဖြစ်လာတယ်လို့ပဲ သုံးသပ်ပါတယ်။

မေး - လက်ရှိမှာ အစိုးရအသစ် တက်လာပြီး နောက်ပိုင်းမှာ စီးပွားရေးတိုးတက်လာမယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုပြီးတော့ ထင်ကြေးပေးပြောဆိုမှုတွေ ရှိခဲ့တယ်။ လက်တွေ့မှာ ဖြစ်မလာသေးဘူး။ အဲ့ဒါ ဘာကြောင့်လဲ။

ဖြေ - ကျွန်တော်တို့အားလုံးလည်း မျှော်လင့်ခဲ့ကြပါတယ်။ အစိုးရအသစ်တက်လာတဲ့အချိန်မှာ Change ဆိုပြီးတော့မှ လုပ်ပြီးတော့ တက်လာတယ်။ အပြောင်းအလဲတွေတော့ မြင်ရမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ တစ်ချို့ ပြောင်းတဲ့နေရာတွေမှာ ပြောင်းတာတော့ မြင်ရတယ်။ ဒါပေမယ့် စီးပွားရေးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေမှာ အဲဒီလောက်အားကောင်းသေးတာတော့ မတွေ့ရသေးဘူး။ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အတော်ကြီးကို အားနည်းနေတဲ့ အနေအထားလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ သုံးသပ်ကြည့်မယ်ဆိုရင် နှစ်ချက်တော့ တွေ့တယ်။ ပထမအချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေ (Internal Conflict) ဖြစ်ပါတယ်။ ပြည်တွင်းစစ် (Civil War) လို့တော့ မပြောဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ နေရာဒေသ အများစုမှာ ငြိမ်းချမ်းနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ နယ်စပ်တွေမှာပဲ Conflict တွေ ဖြစ်နေတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိနေပြီး၊ ထိတွေ့မှုတွေ ခဏခဏဖြစ်နေတာ ကျွန်တော်တို့ မြင်ရပါတယ်။ ဆိုတော့ ပြည်တွင်းပဋိပက္ခတွေ မငြိမ်မသက်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ တွန်ဆုတ်နေတဲ့ အနေအထား ရှိနေတယ်လို့ သုံးသပ်မိပါတယ်။ နောက်တစ်ခုက အခြေခံ အဆောက်အဦ (Infrastructure) မပြည့်စုံသေးတာပေါ့။ ဒါကတော့ အစိုးရ အဆက်ဆက်ကလည်း ကျွန်တော်တို့နိုင်ငံအတွက် Infrastructure ကိုဖြည့်ဆည်းပေးဖို့ အမျိုးမျိုး ကြိုးစားလုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ အရင်အစိုးရလက်ထက်မှာလည်း လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ သို့သော်လည်း အရင်အစိုးရတွေ လက်ထက်မှာတော့ ပိတ်ဆို့မှုတွေ အများအပြား ကြုံတွေ့နေရချိန်မှာ ထင်သလောက် ပေါက်အောင်မလုပ်နိုင်တဲ့ အနေအထားတွေရှိပါတယ်။ ဒီအစိုးရအသစ် လက်ထက်မှာလည်း လိုအပ်နေတဲ့ အခြေခံအဆောက်အဦတွေကို ဆက်လက် ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒုတိယအချက်အနေနဲ့ကတော့ Infrastructure တွေ ပြည်စုံဖို့လိုတယ်လို့ပဲ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ဒါ့အပြင် ကမ္ဘာကလည်း မြန်မာနိုင်ငံကို မြင်ကြည့်တဲ့အချိန်မှာ မြန်မာနိုင်ငံဆိုတာနဲ့ပဲ ပဋိပက္ခတွေ ဖြစ်နေတဲ့ နိုင်ငံတစ်ခုလို့ မြင်နေကြတယ်။ ဒါက ကျွန်တော်တို့နိုင်ငံအတွက် ကောင်းတဲ့အချက် မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံကို ရင်းနှီးမြှုပ်နှံမယ့်သူတွေ ၀င်ရောက်လာဖို့ အဟန့်အတားတစ်ချက် ဖြစ်တယ်လို့ပဲ  မြင်ပါတယ်။

မေး - လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေ၊ လုံခြုံရေး ဖြစ်စဉ်တွေက ရှုပ်ထွေးပြီး နားလည်ရခက်တယ်လို့ မြင်ကြတယ်။ ဒီအပေါ်မှာရော ဘယ်လို ထင်ပါသလဲ။

ဖြေ - မှန်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်း ၆၀ ကျော်လောက် ပြည်တွင်းပဋိပက္ခနဲ့ ရင်ဆိုင်ခဲ့ရတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း အများအပြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာတွေ ရှိပါတယ်။ ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့တာ အစိုးရ အဆက်ဆက်ပါပဲ။ ထင်သလောက်တော့ အောင်မြင်နိုင်ခြင်းမရှိသေးပါဘူး။ အရင်အစိုးရလက်ထက်က စပြီး NCA ဆိုပြီး စတင်လုပ်ဆောင်ခဲ့တဲ့ အပိုင်းတွေ ရှိပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၆၀ ကျော်လောက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြီးတစ်ခုလုံးကို ကာလတို အတွင်းမှာ အပြီးအပြတ် ငြိမ်းချမ်းမှု ရရှိအောင် လုပ်နိုင်ဖို့ ဆိုတာကတော့ အတော်အတန် ခက်ခဲနေတဲ့ အနေအထားလို့ မြင်ပါတယ်။ အဲဒီအတွက် အစိုးရအဆက်ဆက်ပေါ့လေ၊ ဒီအစိုးရလက်ထက်မှာ မပြီးရင် နောက်အစိုးရလက်ထက်မှာ ဆက်ပြီးတော့ လုပ်ဆောင်သွားရမယ့် PROCESS တစ်ခုလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးကို ကြိုးပမ်းကြတဲ့ နေရာမှာ အစိုးရရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရယ် ဒါ့အပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ NGO တွေ အကုန်လုံးပေါ့လေ၊ ပြည်သူလူထု အားလုံးကပါ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်မှ All Inclusive ဖြစ်မှသာလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက လျှင်လျှင်မြန်မြန်နဲ့ ရှေ့ကိုရောက်မယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ဒါမှမဟုတ်ဘဲ တစ်ပိုင်းပိုင်းကသာ ချို့ယွင်းနေမယ်၊ ရပ်တန့်နေမယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်က နှောင့်နှေးမယ်လို့ မြင်ပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းမြင်တာ တစ်ခုကတော့ လက်ရှိမှာလည်း ငြိမ်းချမ်းရေး ညီလာခံတွေ လုပ်ပြီးတော့မှ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အရွေ့တစ်ခု ရောက်နေပြီလို့တော့ မြင်ပါတယ်။ တချို့နေရာတွေ တချို့အပိုင်းတွေမှာတော့ နှောင့်နှေးနေသေးတာတော့ မြင်နေတယ်။ ဒါပေမယ့် ခရီးတစ်ခု အရွေ့တစ်ခုတော့ ရောက်သွားပြီလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

မေး - တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာအုပ်စု သုသာန်မှာ အမည်မသိ ရုပ်အလောင်းတွေ တွေ့ရှိမှုနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးတွေရှိချက်တွေကို သတင်းထုတ်ပြန် ကြေညာခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ သုံးသပ်တာတွေ၊ ဝေဖန်မှုတွေ မြင့်လာပါတယ်။ ဒီလို သတင်းထုတ်ပြန်ချက်အပေါ် ဘယ်လို ထင်ပါသလဲ။

ဖြေ - ကျွန်တော်လည်း ဒီသတင်းထုတ်ပြန်ချက်ကို ဖတ်ရပါတယ်။ လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ အများအပြားကိုလည်း မြင်လိုက်ရပါတယ်။ ဆိုတော့ လက်ရှိအခြေအနေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လက်ထက်မှာ  Standard Army ဆိုပြီးတော့ တည်ဆောက်နေတာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတကာဥပဒေတွေ၊ ပြည်တွင်းကဥပဒေတွေကို လေးစားလိုက်နာရတဲ့ တစ်ခုတည်းသော တရားဝင် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ရခိုင်ပြသနာဟာ နိုင်ငံတကာ Issue တစ်ခုအဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ရခိုင်ကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေနဲ့အညီ လိုက်နာကျင့်သုံး၊ ဆောင်ရွက်နေရတဲ့ ပုံစံမျိုးလို့ လေ့လာသိရှိထားပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ တစ်ဖက်က အကြမ်းဖက်သမားတွေဟာ Rules Of Engagement (ROE) လို့ ခေါ်တဲ့ ထိတွေ့မှုစည်းမျဉ်းတွေကို လိုက်နာမှုမရှိတဲ့ အကြမ်းဖက်သမားတွေ ဖြစ်ပါတယ်။ ဒီတော့ စည်းကမ်းလိုက်နာရသူနဲ့ စည်းကမ်းမလိုက်နာသူ ထိပ်တိုက်တွေ့ရတဲ့အချိန်မှာ စည်းကမ်းလိုက်နာရသူက ပိုပြီးအထိနာတတ်တဲ့သဘော ရှိနေပါတယ်။ တပ်မတော်အနေနဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ အခက်အခဲတွေ အများအပြား တွေ့ရမှာ  ဖြစ်ပါတယ်။ နောက်ပြီး ဒီရခိုင်ဒေသဆိုတာက အထိအရှမခံတဲ့ နယ်မြေဖြစ်ပါတယ်။ Rules Of Engagement နဲ့ အညီ ဆောင်ရွက်မယ် ဆိုရင်တော့ လက်ရှိကြုံတွေ့နေရတဲ့ အဖြစ်အပျက်မျိုးတွေက နေပြီးတော့ ရှောင်လွှဲသွားနိုင်မှာပါ။ နောက်တစ်ခုက အရေးယူခံရမယ့် အပိုင်းတွေကို ပြန်ကြည့်တဲ့အခါမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်မှာ ဆိုရင်လည်း တိုင်းရင်းသားနယ်မြေမှာ သူတို့အနေနဲ့ လုံခြုံရေးတာဝန်တွေကို သက်စွန့်ဆံဖျား ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အသက်ကိုရင်းပြီး တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။ အဲလို ထမ်းဆောင်နေလျှက်နဲ့ပင် ငါတို့ အရေးယူခံရမယ်ဆိုတဲ့၊ ငါတို့ တစ်ခုခုမှားသွားရင် အရေးယူခံရနိုင်တယ် ဆိုတဲ့ လူ့သဘောသဘာဝအရ အတွေးတွေ၊ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကလည်း ခါးသီးလှတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ လေးစားလိုက်နာ ဆောင်ရွက်နေရတာ ဖြစ်တော့ Rules Of Engagement အတွင်းကသာ ဥပဒေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် မိမိတာဝန်ထမ်းဆောင်ရမယ့် တာဝန်တွေကို စိတ်ချလက်ချ ယုံကြည်စွာနဲ့ ဆက်လက်ထမ်းဆောင်နိုင်မယ်လို့ သုံးသပ်မိပါတယ်။ နောက်ဆုံးအချက် အနေနဲ့ကတော့ အစိုးရအနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အပြည့်အ၀ အထောက်အကူပေးဖို့ လိုအပ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်တဲ့အပိုင်းမှာ ကောင်းမွန်တဲ့ အထောက်အပံ့ပေးဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင်  အရှေ့အလယ်ပိုင်းမှာရှိတဲ့ အစ္စရေးလိုနိုင်ငံမျိုးမှာ အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အပြည့်အ၀ အထောက်အပံ့ပေးပြီး လုပ်ဆောင်သွားတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ ဒီလို လုပ်ဆောင်မှသာလျှင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို စိုးရိမ်ကြောင့်ကြမှု ကင်းစွာနဲ့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အရှင်းဆုံးပြောရရင်တော့ ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံလိုမျိုး ခံယူချက်ထားပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီကိစ္စတွေ ပေါ်လာစရာ အကြောင်းမရှိပါဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခြုံငုံသုံးသပ်မယ်ဆိုရင် တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ မိမိတို့ရဲ့ တပည့်သားမြေးတွေကို အရေးယူ ဆောင်ရွက်ချင်မှာတော့ မဟုတ်ပါဘူး။ သို့သော် စည်းမျဉ်းစည်းကမ်း နည်းဥပဒေတွေအရ မတတ်သာလို့ အရေးယူ လုပ်ဆောင်သွားတယ်လို့ပဲ မြင်ပါတယ်။ နောက်တစ်ခု ရှိတာကတော့ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေမှာ အောက်ခြေတပ်ဖွဲ့ဝင်တွေကနေ အထက်အရာရှိတွေ အားလုံးအထိကို Rules Of Engagement (ROE) နဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး ပညာပေးတာတွေ၊ ဆွေးနွေးတာတွေ၊ မွမ်းမံသင်တန်းပေးတာတွေ အမြဲမပြတ် လုပ်ဆောင်နေဖို့လည်း လိုအပ်မယ်လို့ သုံးသပ်ပါတယ်။

မေး - သေနင်္ဂ အင်စတီကျူ့အနေနဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာများ အကြံပြုချင်ပါသလဲ။ ရှိရင်ပြောပြပါ။

ဖြေ - သက်ဆိုင်ရာ Stakeholder တွေကို ကျွန်တော်တို့အနေနဲ့ အကြံပြုချင်တာကတော့ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးကိုလည်း ပုံမှန်အခုလက်ရှိသွားနေတဲ့ NCA လမ်းကြောင်းနဲ့ပဲ ဆက်လက်သွားဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။ NCA ဟာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ထွက်ပေါက်တစ်ခုဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ဒါမှလည်း အမြန်ဆုံး ငြိမ်းချမ်းရေးရရှိမယ်လို့ မြင်ပါတယ်။ ဒီလိုလမ်းကြောင်းကို သွားတဲ့အခါမှာလည်း အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သံတမန်ရေးရာအရ လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ မေ့ထားလို့မရတဲ့ အချက်ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား National Interest ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့အနေနဲ့ မေ့ထားလို့ မရပါဘူး။ အမျိုးသားအကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်မှ ရပါမယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ဘယ်တော့မှ အထိပါးခံလို့ မရပါဘူး။ အမျိုးသား လုံခြုံရေးဟာလည်း အဓိက အချက်တစ်ချက် ဖြစ်တယ်လို့မြင်ပါတယ်။ လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို စနစ်တကျ လုပ်ဆောင်သွားသင့်တယ်လို့ ကျွန်တော့်အနေနဲ့ အကြံပြုလိုပါတယ်။

မေး - ရှေ့ဆက်ဖြစ်လာမယ့် မြန်မာ့အနာဂတ်အရေးကိုရော ဘယ်လိုမျိုး သုံးသပ်အကြံပြုချင်ပါသလဲ။ ဘာတွေဖြစ်လာနိုင်တယ်လို့ ထင်ပါသလဲ။

ဖြေ - ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကို သုံးသပ်ကြည့်မယ်ဆိုရင် လက်ရှိအစိုးရ တာဝန်ယူထားတဲ့ ၂ နှစ်သက်တမ်းက ကျော်လာပြီပေါ့လေ။ ဆိုတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်က အတန်ငယ် တုန့်နှေးနေတယ်လို့ မြင်တယ်။ ဒါပေမယ့် အရွေ့တစ်ခုကိုလည်း ရောက်နေပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒါက တတ်နိုင်သလောက် အပြီးအပြတ် ပြည်ထောင်စု စာချုပ်ကြီးကို လက်မှတ်မထိုးနိုင်တာတောင်မှ အတော်အတန် ခရီးရောက်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားနိုင်မယ်လို့ မြင်ပါတယ်။ အဲဒီအတွက်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သဘောတူညီချက်တွေ တစ်စုံတစ်ရာပိုမိုပြီး ရရှိလာနိုင်မယ်လို့ မြင်ပါတယ်။ ဒါက ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ဒီအစိုးရ တစ်ဆက်တည်းနဲ့ ပြီးပြတ်သွားမယ့် ကိစ္စဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ မမြင်ဘူး။ နောက်လာမယ့် အစိုးရတွေ အဆက်ဆက် ဆက်လက်လုပ်ဆောင်သွားရမယ့် ဖြစ်စဉ်တစ်ခုလို့ မြင်ပါတယ်။ နောက်တစ်ခုက ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ ရခိုင်အရေးဟာ ကာလတိုနဲ့ ဖြေရှင်းလို့ရမယ့် ကိစ္စမဟုတ်ဘူး။ ရှေ့ဆက်ပြီးတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဦးမယ်။ နိုင်ငံတကာ ဖိအားတွေနဲ့ ဆက်လက်ပြီးတော့ ရင်ဆိုင်လာရမယ့် အနေအထားတွေ ရှိနေပါတယ်။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူ အားလုံးကလည်း လိမ္မာပါးနပ်စွာနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ပဉ္စမလှိုင်း သတင်းမီဒီယာ

မူရင်းသတင်း Link

https://l.facebook.com/l.php?u=http%3A%2F%2Fwww.fifthwavenews.com%2Ffwn%2F4188&h=ATOvl8a3AqHCG8F9cyub3EaRClvMhJKhUvew2mlL-7dD6a9Qz_1lpIq84PtpiWc_xZnoNTDipzZsV7r_VX5bM3gOpiuNG7j0bP3JlDa4Ss1c8azeVafkrBjoEGs0uOeGPrnIcE2WEADa

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အနောက်တံခါးအရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အမေးအဖြေ”

Post a Comment

Related Posts Plugin for WordPress, Blogger...