Wednesday, January 2, 2019

"ဗိုလ်ချုပ်ကြီး (ဟောင်း) ခင်ညွန့် ဖျက်ဆီးခဲ့သော မြန်မာ့ပညာရေး အကြောင်း "'

,
ဗိုလ်ချုပ်ခင်ညွန့်' အကြောင်းပြောကြမယ်ဆိုရင် ပြောစရာတွေက ကုန်နိုင်ဖွယ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ သူက မင်းသားလုပ်ခဲ့တာကိုး။ သေချာတာကတော့ မြန်မာပြည်ကို စနစ်တကျဖျက်ဆီးပစ်လိုက်တဲ့ အဓိက တရားခံတွေထဲမှာ သူလည်း တစ်ယောက်အပါအ၀င်ပဲ ဖြစ်နေလို့ပါ။ သူ့လက်ထက်မှာ လူငယ်တွေ၊ ကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖို့ စနစ်တကျ စီမံခဲ့ပါတယ်။

အရေးအခင်းပြီးနောက်ပိုင်း တက္ကသိုလ်တွေကို အချိန်အတော်ကြာကြာ ပိတ်ထားခဲ့ပေမယ့် အထက်တန်းကျောင်းတွေကိုတော့ ပြန်ဖွင့်ခဲ့ပါတယ်။အဲဒီအချိန်က စာရေးသူ၏အဖေကိုယ်တိုင်က အထက်တန်းပြ ဆရာတစ်ယောက်ဖြစ်နေလို့ ကျောင်းတွေကိုရောက်လာတဲ့ န.ဝ.တ အဖွဲ့ရဲ့ ညွှန်ကြားလွှာတွေ၊လျှို့ဝှက်အကြောင်းကြား စာတွေအကြောင်းကို သေချာသိနေခဲ့ရတာပါ။ ကျောင်းသားတွေ နိုင်ငံရေးအရ ဆူပူလှုပ်ရှားတာမျိုးတွေ မရှိစေဖို့အတွက် ကျောင်းတွေမှာ စာမေးပွဲတွေကိုတင်းကြပ်တာမျိုး၊ ကျောင်းစည်းကမ်းတင်းကြပ်တာမျိုးတွေ မလုပ်ဖို့အတွက်လည်း အမိန့်အမျိုးမျိုး ထုတ်ပြန်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ကျောင်းသားတွေ စည်းမဲ့ကမ်းမဲ့ ဖြစ်လာတာရဲ့ အဓိကပြဿနာက ဆရာ၊ ဆရာမတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ချုပ်ချယ်လိုက်တာပါပဲ။  ကျောင်းစည်းကမ်းနဲ့ပတ်သက်လို့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်တဲ့ ကျောင်းအုပ်တွေကို၊ ပညာရေးမှူးတွေကို နည်းအမျိုးမျိုးနဲ့ တားမြစ်ခဲ့တာတွေရှိပါတယ်။ ဘာကြောင့်အဲဒီလို တားမြစ်တာလဲဆိုတော့ လျှို့ဝှက်ညွန်ကြားချက်တွေအရ ကျောင်းသားဆူပူမှုတွေ မဖြစ်အောင်လို့ ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို လိုက်လိုက်လျောလျော ဆက်ဆံရမယ်ဆိုတဲ့ သဘောမျိုးဆောင်တဲ့ ညွန်ကြားချက်တွေကြောင့်လို့ ပညာရေးမှူးတစ်ယောက်က ပြောပြခဲ့ဖူးပါတယ်။

ဗိုလ်ခင်ညွှန့်' ဦးဆောင်တဲ့ န.၀.တ အဖွဲ့ တက်လာပြီးချင်း ၀န်ထမ်းတွေကို ဖြည့်ခိုင်းခဲ့တဲ့ ၃၃ ချက်နဲ့လည်း ဆရာ၊ဆရာမတြွေကား ဘယ်သူက ဘာဆိုတဲ့ အမှတ်အသားတစ်ခုလုပ်ပြီး စောင့်ကြည့်ခိုင်းခဲ့တယ်လို့လည်း အဲဒီ့ပညာရေးမှူးက ဆက်ပြောပြခဲ့ဘူးပါတယ်။ ဒါတွေကိုသိနေတဲ့ ကြောက်တတ်တဲ့ ဆရာ၊ ဆရာမတချို့ ကျောင်းသားတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့ စည်းပျက်ကမ်းပျက် ကိစ္စတွေကို မသိချင်ယောင်ဆောင်နေခဲ့ရပါတယ်။ တဖြေးဖြေးနဲ့ ပိုဆိုးလာတာက စာမေးပွဲတွေမှာ စာခိုးချတာကို ခွင့်ပြုပေးနေရတာပါ။

မ.ဆ.လ လက်ထက်က ပညာရေးစနစ် ပျက်စီးသွားတယ်လို့ ဆိုပေမယ့် စည်းမဲ့ကမ်းမဲ့ ပရမ်းပတာဖြစ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ စာမေးပွဲခန်းထဲ ၀င်တဲ့အချိန်မှာ ဆရာ၊ ဆရာမတွေရဲ့ စစ်ဆေးတာခံရပါတယ်။ ခင်ညွန့်' လက်ထက်မှာတော့ နှုတ်မိန့်နဲ့ ကလေးတွေ စာမေးပွဲကျတာမရှိစေရဘူးလို့ ဆိုပါတယ်။

ထောက်လှမ်းရေး သတင်းပေးကျောင်းသားတွေလို့ထင်ရတဲ့ ကျောင်းသားတချို့ကစပြီး စာမေးပွဲခန်းထဲကို စာခိုးချဖို့အတွက် မိတ္တူဆွဲထားတဲ့ စာရွက်တွေကို ယူဆောင်လာကြပါတယ်။ အစပိုင်းမှာ ဆရာတွေ၊ ဆရာမတွေက ဖမ်းကြပေမယ့် အရေးယူခွင့်မရှိလို့ ဘာမှလုပ်မရခဲ့ပါဘူး၊ ကြာလာတော့လည်း ဆရာတွေ၊ ဆရာမတွေအနေနဲ့ အပင်ပန်းခံပြီး ဖမ်းမနေတော့ဘူးပေါ့။

အဲဒီ့နောက်ပိုင်းမှာတော့ စာမေးပွဲပြီးတာနဲ့ ကျောင်းပတ်ဝန်းကျင်မှာ အတန်းစုံကကူးထားတဲ့ မိတ္တူစာရွက်ပိစိလေးတွေကို ပုံစံမျိုးစုံနဲ့ တွေ့လာခဲ့ရတယ်။ တဖြေးဖြေးနဲ့ စာခိုးချဖို့အတွက် မိတ္တူကူးတဲ့စီးပွားရေး ဈေးကွက်က ကျယ်ပြန့်လာခဲ့ပါတယ်။

တချို့စီးပွားရေးသမားတွေက မိတ္တူစာရွက်တွေကို ဗန်းပေါ်တင်ပြီး ပေါ်ပေါ်ထင်ထင်ရောင်းချလာတဲ့ အထိပါပဲ။ ဒီလောက်အုတ်အော်သောင်းနင်းဖြစ်နေပေမယ့် ဘယ်ထောက်လှမ်းရေးကမှ ဘယ်သူ့ကိုမှဖမ်းတယ်လို့ မကြားမိပါဘူး။ တမင်ကို သိသိကြီးနဲ့ လွှတ်ပေးထားခဲ့တာပါ။

ခေတ်ပျက်နေတဲ့ အချိန်အတွင်းမှာပဲ ကျောင်းတွေမှာ ဆရာတွေ နိုင်င်ငံရေးစကားသာမပြောနဲ့ လုပ်ချင်ရာ လုပ်လို့ရတယ်ဆိုတဲ့ messages မျိုးတွေကို ဆက်တိုက်ပေးနေပါတယ်။ အဲဒီ့အချိန်မှာ ပညာရေးကော်မတီရဲ့ဥက္ကဌအဖြစ် ဗိုလ်ချုပ်ခင်ညွန့်'က ဆောင်ရွက်နေတာပါ။ ဆရာ၊ ဆရာမတွေရဲ့လစာက တက်လာတဲ့ကုန်ဈေးနှုန်းနဲ့ယှဉ်ရင် မစို့မပို့ အနေအထားမို့လို့ ဆရာ၊ ဆရာမတွေ ကျုရှင်သင်ကြရပါတယ်။

အရင်တုန်းက စာမေးပွဲဆိုတာ ပထမအစမ်းဆိုရင် သင်ပြီးသမျှ အစအဆုံးဖြေကြရတဲ့အပြင် မေးခွန်းကိုလည်း အတန်းဝင်နေတဲ့ ဆရာမကိုယ်တိုင် မထုတ်ရဘူးဆိုတဲ့ စနစ်ရှိပါတယ်။ ၆ တန်း သင်္ချာသင်သူက ၆ တန်းသင်္ချာဘာသာရပ်ကို မေးခွန်းထုတ်ခွင့်မရှိပါဘူး၊ သူအနေနဲ့ အခြားအတန်းကိုပဲ မေးခွန်းထုတ်ရပါတယ်။

ဗိုလ်ချုပ်ခင်ညွှန့်' ပညာရေး ကော်မတီဥက္ကဌဖြစ်ချိန်မှာတော့ ကိုယ်သင်တဲ့ အတန်းကို ကိုယ်ကိုတိုင် မေးခွန်းထုတ်ခွင့် ရှိလာခဲ့ပါတယ်။ ဆရာမတွေကျူရှင်သင်တာလည်း ကိစ္စမရှိသလို ဆရာမတွေကိုယ်တိုင် မေးခွန်းထုတ်ခွင့်ရလာတဲ့ အချိန်မှာ ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းက ဆရာတွေ ဆရာတွေဆီမှာပဲ ကျူရှင်အပ်ကြပါတော့တယ်။

၁၉၉၆ ခုနှစ်လောက်ကစပြီး စဉ်ဆက်မပြတ် အကြဲဖတ်တဲ့စနစ်ဆိုပြီး တစ်လတစ်ခါ စာမေးပွဲစစ်ပါတယ်။ ဒီတစ်လသင်တာကို ဒီတစ်လစာမေးပွဲစစ်ပြီးရင် နောက်ထပ် ဘယ်တော့မှ ထပ်မဖြေရတော့ပါဘူး။ ပိုဆိုးသွားတာက ကျောင်းကဆရာမဆီမှာပဲ ကျူရှင်ယူတော့ ဒီတစ်လဖြေရမယ့် စာတွေထဲကမှ မေးခွန်းမှာပါတဲ့ ပုဒ်စာတွေကိုပဲ ဆရာမက ကျူရှင်မှာသင်ပါတယ်။ ဘယ်လောက်ထိ ဆိုးသွားလဲဆိုတော့ မေးခွန်းက ကျူရှင်မှာသင်ထားတဲ့ အမှတ်စဉ်တောင်မလွဲလို့ သင်္ချာလို ဘာသာရပ် ကို အလွတ်ကျက်မှတ်တာတွေ ဖြစ်လာပါတယ်။

တချို့ကလေးတွေဆိုရင် နံပါတ်(၁)ရဲ့ အဖြေက ၁၂၊ နံပါတ် (၂) ရဲ့ အဖြေက ဘယ်လောက်ဆိုတာအထိ အလွတ်ကျက်ကြပါတော့တယ်။ အဲဒါတွေရဲ့ အကျိုးဆက်အဖြစ် ကလေးတွေကို တစ်ခုတည်းသော အစိုးရစစ်ဖြစ်တဲ့ ၁၀ တန်း စာမေးပွဲဖြေဖို့ ပြင်ဆင်တဲ့အခါမှာ အောက်ခြေကစာတွေ ဘာဆိုဘာမှ မသိလို့ မျက်လုံးအပြူးသားနဲ့ ထိုင်ကြည့်နေတဲ့ လူတွေနဲ့လည်း ကြုံခဲ့ဘူးပါတယ်။

၂၀၀၂ - ၂၀၀၃ ပညာသင်နှစ်မှာ စာရေးသူက ၁၀ တန်းတွေကို ကျူရှင်သင်ပါတယ်။ ၁၀ တန်းဖြေမယ့်လူက ၃၄၅ ကို ၂၆ နဲ့ မမြှောက်တတ်ပါဘူး။ စာရေးသူက နှစ်ဆင့်မြှောက်ပြတော့ သူကအဒဲီလိုမမြှောက်တတ်လို့ “စာမေးပွဲခန်းထဲ ဂဏန်းပေါင်းစက် ယူသွားရင် ရမလား” တဲ့။ စာရေးသူကလည်း “ဂဏန်းပေါင်းစက်ကတော့ ယူလို့မရဘူး၊ နှစ်ဆင့်မမြှောက်တတ်ရင်တော့ တစ်ဆင့်ထဲပဲမြှောက် ၂၆ နဲ့ ၅ ကိုမြှောက်၊ ရတဲ့အဖြေရဲ့ ခုဂဏန်းကို အောက်မှာရေး၊ ပိုတာကို ၄ အပေါ်တင်” လို့ပြောတော့ သူက တီချယ်ပြောတာ ပိုရှုပ်သွားပြီတဲ့။

ကလေးရဲ့အခြေအနေက ဂဏန်းတွေကို မြှောက်တောင်မမြှောက်တတ်ပါဘူး။ ပြီးတော့ ဆက်ပြောသေးတယ်၊ ဆရာမ အခုပြောနေတာတွေကို သူ တစ်ခုမှမသိဘူးတဲ့ ဘယ်နှစ်တန်းတုန်းက သင်ခဲ့တာလည်းတဲ့လေ။ ကလေးတွေရဲ့အခြေအနေက အဲဒီလောက်အထိ ဆိုးရွားသွားခဲ့ပါတယ်။ ကလေးရဲ့ မိခင်ကလည်း စာရေးသူကို ပြောတာက ” ဒီအချိန်မှ စာတတ်အောင် သင်ဖို့မလွယ်တော့ဘူး၊ ခိုးချတတ်ယုံလောက်သင်ရင် ရပါပြီ” တဲ့။

တစ်ခါကလည်း စာရေးသူစာသင်တဲ့ ကလေးရဲ့ အင်္ဂလိပ်စာစာအုပ်ကို ဘာရယ်မဟုတ်ဘူး၊ ယူကြည့်လိုက် မိပါတယ်။ I is a student လို့ရေးထားတာ တွေ့ရပါတယ်၊ ဒါကြောင့် စာရေးသူက မှားနေတယ်လို့ပြောတော့ သူက “ဘာမှားလို့လဲ တီချယ်ရယ်၊ သမီးက တစ်ယောက်တည်းမို့လို့ is ကို သုံးထားတာလေ” တဲ့။ ဒါတောင် ဒီကလေးက အတန်းစဉ်တိုင်း မှာ အဆင့် ၁ ကနေ ၁၀ အတွင်းဝင်တဲ့ ကလေးနော်။ ကလေးတွေ ပညာရေးစနစ် အဲဒီလောက်ကို နောက်ကောက်ကျခဲ့ပါတယ်။

ကျူရှင်တွေနဲ့ ပညာရေးစနစ်ဆိုးရွားနေချိန်မှာ စာရေးသူကို ဆရာမတစ်ယောက် ပြောပြဘူးတာက ကျူရှင်သင်လို့ရတဲ့ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ကျောင်းအုပ်တွေကိုပေးရပါတယ်၊ မပေးဘူးဆိုရင်တော့ အမျိုးမျိုး ခြိမ်းခြောက်တာတာတွေ လုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
 ဒါကြောင့်လည်းဖြစ်မယ်ထင်ပါတယ်…,ကျောင်းအုပ်တွေက ကားအကောင်းစားတွေစီးပြီး အိမ်တွေ တစ်လုံးပြီးတစ်လုံး ဝယ်နေတာတွေလည်း ရှိပါတယ်။

စာရေးသူရဲ့ မိတ်ဆွေပွဲစားတစ်ယောက် ပြောပြဘူးတာက စမ်းချောင်းမြို့နယ်ထဲက မူလွန်ကျောင်းအုပ်တစ်ယောက်ကို သူက ပွဲစားလုပ်ပေးခဲ့တာ အိမ် ၃ လုံးတောင်ရှိနေပြီတဲ့။
ရန်ကုန်/ မန္တလေးလိုမြို့ကြီးတွေကို ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ပညာရေးမှူးကိုလည်း သိန်းရာချီ ပေးရတယ်တဲ့။ ခွဲတမ်း မဟုတ်ပဲ ကျောင်းအပ်ချင်ရင် ကျောင်းအုပ်ကြီးနဲ့ ပညာရေးမှူးက ဝေခွဲစားပါတယ်။

ဟိုအရင် မ.ဆ.လ ခေတ်က ကျောင်းအုပ်တစ်ယောက်မှ သူ့သားကျောင်းစားရိတ်အတွက် နှစ်လွန်စာမေးပွဲ အဖြေလွှာတွေ ခိုးရောင်းမိလို့ ရာထူးချခံရတာမျိုးတွေရှိခဲ့ပေမယ့် ဒီဘက်ခေတ် ကျောင်းအုပ်များကတော့ အဖြေလွှာစာရွက်တွေအပေါ် စိတ်ကိုမ၀င်စားတော့ပါဘူး။ သူငယ်တန်း အခုမှစအပ်တဲ့ ကလေးကို က၊ခ၊ မရေးတတ်လို့ လက်မခံဘူးလို့ ခပ်တင်းတင်းပြောတတ်တဲ့ ကျောင်းအုပ်တွေ များလာပါတယ်။ ကိုယ်နေတဲ့ ရပ်ကွက်ထဲက ခွဲတမ်းကျတဲ့ ကျောင်းကိုအပ်တာတောင် ကိုယ့်သားသမီးစာသင်ဖို့ စာရေးစားပွဲ ကိုယ်ဝယ်၊ ကိုယ့်ဖင်ထိုင်ခုံ ကိုယ်ဝယ်စနစ် ကျောင်းအပ်ခဲ့ရတာပါ။

ပြည်သူတြွေကားထဲ ဆရာ၊ ဆရာမတွေရဲ့အကြောင်း ဘယ်လောက်ပဲ ပွထနေပါစေ အဲဒါအရေးမကြီးပါဘူး၊ ဗိုလ်ခင်ညွန့်'တစ်နေရာရာကိုလာရင် ကလေးတွေက လက်အုပ်ချီပြီး ကြိုဆိုဖို့အတွက် စီစဉ်ပေးနိုင်ရင် အဲဒီကျောင်းအုပ် ရာထူးတက်ဖို့ အလားအလာအများကြီး ရှိနေပါတယ်။ တခါတရံ ကလေးငယ်ငယ်လေးတွေ မနက် ၆ နာရီလောက်ကနေ နေ့လည် ၁ နာရီ၊ ၂ နာရီလောက်အထိ လက်အုပ်ကလေးတွေချီပြီး ရပ်စောင့်ကြရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်'အပါအ၀င် န.၀.တ လူကြီးတွေကို စောင့်ကြရတာပါ။ ကလေးတွေရဲ့ စိတ်ဓါတ်တွေကို ချိုးနှိမ်ဖို့အတွက် တမင်ကိုပဲ လက်အုပ်ချီခိုင်းခဲ့တယ်လို့ ယူဆပါတယ်။

စာရေးသူတို့ မြန်မာ့ဓလေ့မှာ လူအချင်းချင်း လက်အုပ်ချီ ကြိုဆိုတာမျိုး မရှိခဲ့ပါဘူး၊ ကိုယ့်ထက်ကြီးတဲ့ လူရှေ့မှာ လက်ပိုက်၊ ခေါင်းငုံတာလောက်ပဲလုပ်ရပါတယ်။ အခုတော့ ကလေးတွေကို သူတို့မလာမချင်း လက်အုပ်ချီထားတာ မဖြုတ်ရဘူးလို့ဆိုတဲ့ အထက်ဖားအောက်ဖိတွေလည်း ရှိခဲ့ပါသေးတယ်။

ကျောင်းသားတွေရဲ့ စာရိတ္တပိုင်းအရဆိုရင်လည်း ကျမတို့ငယ်ငယ်က ဆရာ၊ ဆရာမဆိုတာ လေးစား ကြောက်ရွံ့ရသူတွေဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ ကျောင်းသားတွေက ဆရာ၊ ဆရာမတွေကို တလေးတစား မရှိတော့တာများပါတယ်၊ အဓိကအကြောင်းကတော့ ဆရာမတွေက အရင်တုန်းကလိုမဟုတ်တော့ပဲ ကျောင်းသားတွေဆီကနေ ဘာပေးပဦး၊ ဘာလုပ်ပါဦးဆိုတဲ့ တောင်းဆိုချက်တွေကြောင့်လည်းပါပါတယ်။

ဆရာ၊ ဆရာမတွေအနေနဲ့လည်း ကျောင်းတွေရဲ့ လိုအပ်ချက်တွေကို အစိုးရက မဖြည့်ဆည်းပေးဘူး၊ ကိုယ့်ဖာသာဖြည့်ဆည်းရမယ် ဆိုတော့အခါမှာ ကျောင်းသားတွေဆီကနေ အလှူငွေကောက်ခံတာထက်ပိုပြီး ဘာမှမလုပ်နိုင်ပါဘူး၊ ဒါပေမယ့်လည်း အလှူငွေ ကောက်ခံတဲ့နေရာမှာ စည်းကမ်းတွေ၊ နည်းလမ်းတွေ မရှိတော့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်လည်း လောဘပါလာပါတယ်၊ ဒီလိုလောဘတွေကြောင့်လည်း ကျောင်းသားတွေနဲ့ မိဘတွေက ဆရာ၊ ဆရာမတွေကို ငွေပေးပြီး ဆက်ဆံလို့ရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ဖြစ်ပေါ်လာပါတယ်။

ဒါကြောင့် ပိုက်ဆံချမ်းသာတဲ့ မိသားစုရဲ့ကလေးတွေက ဆရာ၊ ဆရာမတွေကို ငါတို့ပိုက်ဆံပေးထားတယ်ဆိုတဲ့ အတွေးနဲ့ ဆရာ၊  ဆရာမတွေအပေါ်မှာ မခန့်လေးစားဆက်ဆံကြသလို၊ ငွေမပေးနိုင်တဲ့ ကလေးတွေကို ဆရာမတချို့က အတန်းထဲမှာ ချိုးနှိမ်ဆက်ဆံတာတွေကြောင့် မကျေမနပ်စိတ်နဲ့ မိုက်မိုက်ရိုင်းရိုင်း ပြန်ပြောတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အခြေအနေပိုဆိုးလာတာက အတန်းပိုင်ဆရာမတွေက သီတင်းကျွတ်ကန်တော့ရင် ပါတိတ်နဲ့ကန်တော့မှ ဆိုတာမျိုးကို စာသင်ခန်းထဲမှာ ဖွင့်ပြောလာပါတယ်။ ဆရာမတွေအတွက် နေ့လည်စာစားဖို့ တတ်နိုင်တဲ့ကျောင်းသားမိဘတွေက အလှည့်ကျ တာဝန်ယူကြရပါတယ်။

အဲဒီလိုတာဝန်ယူတဲ့ မိဘရဲ့ သားသမီးတွေက ကျောင်းတွေမှာ ဖူးဖူးမှုတ်ခံထားရတဲ့သူတွေ ဖြစ်လာပါတယ်။ ဒါကြောင့် မိဘတွေကလည်း ကိုယ့်သားသမီး အနေအစားချောင်ဖို့အတွက် နေ့လည်စာ စီစဉ်ကြတာမှ အလုအယက်ပါပဲ။ ကျောင်းတွေမှာ မြင်မကောင်းလောက်အောင် ခြိမ့်ခြိမ့်သဲသဲ ဖြစ်နေကြတာပါ။

အဲဒီအချိန်က တာဝန်ရှိသူတွေ၊ ထောက်လှမ်းရေးတွေ အသေးစိတ်သိကြပေမယ့် နိုင်ငံရေးမဟုတ်တဲ့ အတွက် ဂရုမစိုက်တဲ့အပြင် သူတို့က အဲဒီ့အခြေအနေကို ပိုလို့ ကြိုက်နှစ်သက်ပါတယ်။

န.ဝ.တ၊ န.အ.ဖ လက်ထက်မှာ ကျောင်းပုရဝုဏ်ထဲက မြေနေရာအလွတ်တွေမှာ ဈေးဆိုင်ခန်းတွေဆောက်ပြီး အငှားချခဲ့ပါတယ်၊ အဲဒီဆိုင်ခန်းတွေမှာ အများအားဖြင့် ဖွင့်တာက အရက်ဆိုင်တွေ၊ စည်ဘီယာ ဆိုင်တွေပါ၊ ၂၀၀၂၊ ၂၀၀၃ လောက်က စည်ဘီယာတစ်ခွက်ကို ငွေ ၃၀၀ လောက်ပဲ ပေးရတာဆိုတော့ ကျောင်းသားတွေသောက်လို့ လက်လှမ်းမှီလောက်တဲ့ ငွေပမာဏာပါ။

ဒါကြောင့်လည်း ညနေ ကျောင်းဆင်းရင် အဖြူအစိမ်းလေးတွေ ဘီယာခွက်ကိုယ်စီနဲ့ တွေ့နေမြင်နေရပါတယ်။ ဘယ်လူကြီးကမှ မသောက်ရဘူးလို့ မဟန့်တားသလို၊ အသက်မပြည့်လို့ အရက်မရောင်းဘူးဆိုတဲ့ ဆိုင်လည်း မရှိပါဘူး။

နယ်မြေခံထောက်လှမ်းရေးတွေ၊ ရဲတွေလည်း နိုင်ငံရေးလှုပ်ရှားမှု သတင်းသာ သိုးသိုးသန့်သန့်မရနဲ့ ကျန်တာအားလုံး အိုကေပါတယ်။ အဒဲီ့အချိန်ကလေးတော်တော်များများက အတန်းသာအောင်သွားတယ် စာမတတ်ပေမယ့် မတတ်သင့်တဲ့ ပညာတော်တော်များများကို တတ်မြောက်သွားပါတယ်။

မူးယစ်ဆေးဆိုတာက ဦးနေ၀င်း'လက်ထက်ကတည်းက ရှိခဲ့ပေမယ့် န.ဝ.တ၊ န.အ.ဖ လက်ထက်မှာ တော်တော်ပေါများနေပါတယ်။ ဦးနေ၀င်း'လက်ထက်က ဘိန်းဖြူကို တော်တော်ချမ်းသာတဲ့မိသားစုက ကလေးတွေပဲ သုံးနိုင်တာဖြစ်ပေမယ့် န.ဝ.တ ခေတ်မှာ လူလတ်တန်းစားတွေလည်း သုံးနိုင်လောက်အောင် ဈေးပေါလာသလို ပစ္စည်းလည်း တော်တော်ပေါလာပါတယ်။ နယ်စပ်ဒေသမှာလည်း ကွန်မြူနစ်ပါတီက ခွဲထွက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘိန်းစိုက်ပျိုး ထုတ်လုပ်ခွင့်ကိုလည်း မသိမသာ ခွင့်ပြုပေးခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တရုတ်ပြည်ဘက်က လာတဲ့ တရုတ်တွေက မြန်မာပြည်ဘက်ထဲကိုဝင်ပြီး ဘိန်းစိုက်ကြ ပျိုးကြတာမှ ပွဲတော်ကြီးလိုပဲ စည်ကားလှပါတယ်။ အဲဒီ့ စိုက်ပျိုးတဲ့ဘိန်းတွေကို မြန်မာပြည်ထဲကိုပဲ အများဆုံး အားပြုပြီး ဖြန့်ချီကြတာပေါ့။

န.ဝ.တ၊ န.အ.ဖ လက်ထက်ကစပြီး အစိုးရနဲ့ မပတ်သက်သူတွေဟာ စီးပွားရေးအရ လုပ်ကိုင်ဖို့ခက်ခဲသွားခဲ့ပေမယ့် န.၀.တ၊ န.အ.ဖ ကို ပိုင်သူတွေကတော့ သစ်၊ဘိန်း၊ ကျောက်မြတ်၊ ရွှေ၊ ရေနံစ တဲ့ လုပ်ငန်းတွေ ဖြစ်ထွန်းလာပါတယ်။ ဒါကြောင့်လည်း လက်လီစိုတ်ဘိန်းရောင်းတဲ့ လူတွေလည်း တဖြေးဖြေး များလာပါတယ်။

စာရေးသူတို့ ထောင်ထဲမှာရှိနေတဲ့ အချိန်အတွင်း အင်းစိန်ထောင်မှာ ဘိန်းရောင်းတဲ့ မိသားစုတွေကို မေးကြည့်တော့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဘိန်းအရောင်းအ၀ယ်လုပ်ငန်းက တော်တော်လေး ကာင်းလာတယ်တဲ့။ ပြောချင်တာက ကျောင်းသားတွေထဲမှာ ဘိန်းစားတွေ တော်တော်များပါတယ်။ အထက်တန်းကျောင်းတွေမှာကို အိမ်သာထမှဲာ ဘိန်းဖြူကို သွေးကြောာထဲထိုးထည့်တဲ့သူတွေ ရှိလာပါတယ်။

ဗိုလ်ခင်ညွန့်'က အခြေခံပညာ တစ်ခုတည်းတင်မကပါဘူး၊ အဆင့်မြင့်ပညာကိုလည်း ဖျက်ဆီးခဲ့ပါသေးတယ်။ အဝေးသင်တွေစာမေးပွဲဖြေရင် ခိုးချလို့ရအောင် ဆရာမကို မုန့်ဖိုးပေးတဲ့ စနစ်တစ်ခုလည်း အကြီးအကျယ်ရှိခဲ့ပါတယ်။ တစ်ယောက်ကို ၅၀၀ ကျပ်နဲ့ အတန်းထဲ လူ၂၀ ရှိရင် စာမေးပွဲအခန်းစောင့်တဲ့ ဆရာမက ငွေတစ်သောင်းရပါတယ်။ စာရေးသူအမျိုးသားရဲ့ မိတ္တူဆိုင်က ဝန်ထမ်းကောင်မလေးက စာရေးသူကိုကို ပြောပြဖူးပါတယ်။ “ညီမတို့က အနီးကပ် ၁၀ ရက်ပဲ တက်ရတာ၊ တက်ရတဲ့ ၁၀ ရက်အတွင်းမှာ ဆရာမက စာလည်း ကောင်းကောင်းသင်တာမဟုတ်ဘူး၊ သူ့ကျူရှင်တက်မှ ကျူရှင်မှာ သင်ပေးတာ၊ အနီးကပ် ၁၀ ရက်ပြီးတာနဲ့ စာမေးပွဲကတန်းလာတာဆိုတော့ စာကျက်ဖို့လည်း အချိန်မရဘူး၊ အဲဒီတော့ အခန်းစောင့်တဲ့ဆရာမကို ပိုက်ဆံပေးလိုက်ရင် အကြိုက်ကူးချလို့ရတာပေါ့” တဲ့။ အဲဒီလိုနဲ့ ဗမာပြည်ရဲ့ ပညာရေးက သုံးစားမရတဲ့အဆင့်ကို ရောက်ခဲ့ပါတယ်။

ဗိုလ်ခင်ညွန့်' လက်ထက်မှာပဲ တက္ကသိုလ်တွေကိုလည်း နိုင်ငံရေးအရ လှုပ်ရှားလို့မရအောင်လို့ တောကြိုအုံကြားကို ရွေ့ပြောင်းလိုက်ပါတယ်။ လူသူနဲ့ဝေးတဲ့နေရာမှာ ဘိန်းဖြူတွေ၊ အရက်တွေအပြင် တည်းခိုခန်းလေးတွေပါ ဖွင့်ခွင့် ပေးထားလိုက်ပါသေးတယ်၊ ကျောင်းပုရဝုဏ်အတွင်းမှာ ဖဲရိုက်မလား၊ ဘယ်လိုလောင်းကစားမျိုးလုပ်ချင်လဲ အားလုံးအဆင်ပြေပါတယ်။

ချစ်သူလေးနဲ့ တည်းခိုခန်းကို အေးအေးသက်သာလည်း သွားလို့ရပါသေးတယ်။  တည်းခိုခန်းတွေက နာရီဝက်၊ တစ်နာရီက စပြီး ငှားပေးထားပါတယ်။ တစ်နာရီအတွက် အဖိုးအခကလည်း ကျောင်းသားတွေ လက်လှမ်းမှီတဲ့ ဈေးပါ။ ဒီလိုသတင်းတွေကို မွေးနေတော့ မိဘတွေလည်း ကိုယ့်သားသမီးတေကွို တက္ကသိုလ်ပေးတက်ဖို့တောင် တော်တော်ခက်ခဲလာပါတယ်။

အရင်က R.I.T ကို ပိတ်ထားလိုက်ပြီး G.T.C ဆိုပြီးလုပ်ပါတယ်။ တောကြိုအုံကြားမှာ ဖွင့်ပါတယ်။ GTC ၂ နှစ်ပြီးလို့ သတ်မှတ်ထားတဲ့ အမှတ်မှီခဲ့ရင် ဘီတက်စ် ဆက်တက်ရပါတယ်။ စာရေးသူတို့နဲ့ နီးစပ်တဲ့ကလေးတော်တော်များများ G.T.C သွားတက်ပြီးရင် ပျက်စီးသွားကြပါတယ်။ မိဘနဲ့ဝေးတဲ့ နယ်မြို့တွေမှာ သွားတက်ရတဲ့အပြင် ကျောင်းတွေက လယ်ကွင်းတွေထဲမှာပါ။

ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင်ပြီးရော ကျန်တာဘာလုပ်လုပ်ဆိုတဲ့ အစိုးရရဲ့ မူဝါဒကြောင့် ကျောင်းတွေရဲ့အနီးအနားဝန်းကျင်မှာ မကောင်းမှုမှန်သမျှ အကုန်လုပ်လို့ရနေပါတယ်။ အသက်ကလေးတွေက အကြီးဆုံးတောင် ပျှမ်းမျှ ၁၈၊ ၁၉ လောက် အရွယ်လေးတွေဆိုတော့ စမ်းလို့ရသမျှ အကုန်စမ်းရင်း နောက်ဆုံးတော့ G.T.C နဲ့ပဲ စခန်းသိမ်းသွားတာတွေ၊ G.T.C တောင် မပြီးတာတွေ ရှိပါတယ်။

လူ့အသက်ကို ကယ်တင်ရမှာဖြစ်တဲ့ ဆရာဝန်တွေကို မွေးထုတ်ပေးတဲ့ ဆေးတက္ကသိုလ်ကိုလည်း မကွေးကို ပို့လိုက်ပါသေးတယ်။ မကွေးဆေးဖွင့်ခါစက လက်တွေ့ခန်းသုံး ပစ္စည်းအပြည့်အစုံမရှိလို့ ရန်ကုန်မှာခွဲစိတ်နေတာကို မကွေးဆေးက ကလေးတွေက တီဗွီကြီးကနေ တစ်ဆင့် ထိုင်ကြည့်ကြရပါတယ်။ ဆရာဝန်လောင်းတွေရဲ့ ပညာရေးကိုသာ အဲဒီလိုလုပ်ပစ်လိုက်တာပါ။ သူတို့ တစ်ခုခုဖြစ်ရင် စင်ကာပူကို တန်းနေအောင်ပြေးကြတာပါ။

အဲဒီလိုဖျက်ပစ်ခဲ့တဲ့ အကျိုးဆက်က အခုပေါ်နေပါပြီ။

မြန်မာ့ပညာရေးဟာ အရှေ့တောင်အာရှမှာတောင် အနိမ့်ဆုံး အဆင့်ပါ။ လူငယ်အတော်များများက အစိုးရခေါက်ခဲ့တဲ့ ခေါက်ရိုးအတိုင်း ပေါ့ပေါ့နေ ပေါ့ပေါ့စားဘ၀နဲ့ နေကြပါတယ်။ ကိုယ့်ကိုကိုယ် ဖောက်ထွက်ဖို့ကျိုးစားခဲ့တဲ့ ကလေးတွေရှိပေမယ့် သိပ်အများကြီးမဟုတ်ပါဘူး။ မူးယစ်ဆေးရဲ့ သားကောင်တွေဖြစ်ပြီး ခိုးမယ်၊ လုမယ်ဆိုတဲ့ အတွေးတွေနဲ့ လူငယ်တွေလည်း အများကြီးရှိနေပါပြီ။

ဒါပေမယ့် ဗိုလ်ခင်ညွန့်'ကတော့ သူ့ရဲ့မြေးတွေကို စင်ကာပူမှာ ကျောင်းထားထားတယ်လို့ သိရပါတယ်။ သူလက်စောင်းထက် နေချိန်တုန်းက သူလုပ်ခဲ့တဲ့ အရာတွေကို ပြည်သူတွေက ခါးခါးသီးသီး ခံစားနေကြရပေမယ့် သူကတော့ အခုထိ နောင်တရပုံမရပါဘူး။

သူ့တို့ အာဏာတည်မြဲရေးအတွက် တိုင်းပြည်ကို ချနင်းခဲ့သူတွေက အခုချိန်အထိတော့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်လို့ အထင်ခံချင်နေတုန်းပါပဲ။
#KKL.

Lucky information
Edit text & Shared _ အေအန်န်အမ်မ်တီ
#Credit.
cp cd-Zaw Aung.
sh cd-Cliff Hein.

https://m.facebook.com/story.php?story_fbid=2070111086443009&id=449379095182891

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"ဗိုလ်ချုပ်ကြီး (ဟောင်း) ခင်ညွန့် ဖျက်ဆီးခဲ့သော မြန်မာ့ပညာရေး အကြောင်း "'”

Post a Comment

Related Posts Plugin for WordPress, Blogger...