Sunday, January 7, 2018

" ပိုက်ဆံပဲ လိုချင်၊ အလုပ်မလုပ်ချင်တဲ့ တိုင်းပြည် ဖြစ်နေတယ် " (ချိုတူးဇော်)

,
တိုယိုဒါမှ တိုယိုတာသို့၊
ဟွန်ဒါ၊
စတိဗ်ဂျော့ဘ် စသဖြင့် ကမ္ဘာ့ထိပ်တန်းအောင်မြင်တဲ့သူတွေ အကြောင်းဖတ်ပြီး၊ ကိုယ်တို့ရွှေအမျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘာကွာသလဲ ဆိုတော့၊ Inspiration ကွာတယ်။ အလုပ်အပေါ် ရူးသွပ်မှု လို့ ပြောရမလားပဲ။

မြန်မာပြည်မှာ လူဦးရေရဲ့ ၉၀% လောက်က အချောင်သမားစိတ်ဝင်နေတယ်။ မဆလခေတ်က ၆၀% လောက်ပဲ ဝင်ခဲ့တယ်။ နဝတ နအဖ စောရဗိုလ်ချုပ်ကြီးများက ငါတို့လည်းခိုးမယ်။ မင်းတို့လည်းခိုးကွယ်လို့ တရားဝင်ကို လွှတ်ပေးလိုက်ချိန်မှာတော့ တစ်တိုင်းပြည်လုံး အမ်ကြာရိုး ဝတ္ထုထဲကလို သူခိုးရွာကြီး ဖြစ်သွားတော့တာပါပဲ။

စစ်ထဲဝင်ရင် သေမြေကြီး ရှင်ရွှေထီး။ မသေရင်အချိန်တန်ညွှန်မှူးဖြစ်မယ်။ ရောက်တဲ့အရပ်မှာပျော်အောင်နေ၊ တွေ့တဲ့လူဆီ ရတာတောင်းပြီး စုဆောင်း၊ ပင်စင်ဂျောင်းရင် ကုမ္ပဏီထောင် သူဌေးလောင်းတွေပေကိုး။

ဒီလူတွေဟာ ခေါင်းထဲမှာ မြတ်ဖို့၊ ကျန်ဖို့၊ ကိုက်ဖို့ဆိုတဲ့ တွက်ချက်မှုပဲရှိတယ်။ အဲသလို အချောင်သမားမျိုးတွေဆီမှာပဲ ငွေတွေကလည်း စုပြုံ ရှိနေတယ်။
ဒီတော့ တိုင်းပြည်ရဲ့ ဘယ်ကဏ္ဍမှာမှ ရင်းနှီးမြှုပ်နှံမှုတွေ၊ ဆန်းသစ်တီထွင်မှုတွေ တက်မလာ၊ ထွက်မလာဘူး။

ဥပမာ ရုပ်ရှင်လောကနဲ့ ပေးမယ်။
ရုပ်ရှင် ဗီဒီယို စုတ်ပြတ်သွားရတာလဲ အဲဒီလို ဆန်ဆန်ပဲ။

ရုပ်ရှင်ရွှေခေတ်မှာ ရုံတင်ပြီး ဒုတိယပါတ်မှာ အဖြေပေါ်တယ်။ ကားကောင်းရင် ပေါက်ပြီ။ မကောင်းရင် စူပါမင်းသားမင်းသမီး ဖြစ်ပါစေ၊ ရုံမှာ လူမရှိတော့ဘူး။ ဒီတော့ အရည်အသွေးကောင်းသထက်ကောင်းအောင် ကြိုးစားကြတယ်။ ရွှေ ဖြစ်ခဲ့တယ်။

အဲဒီကနေ မွဲပြီး ရုပ်ရှင်မရိုက်နိုင် ဗီဒီယိုခေတ် ပြောင်းကြတယ်။ ဈေးကွက် ဘယ်လိုဖြန့်မလဲ ရှာဖွေရင်း မင်းသားမင်းသမီး ဗဟိုပြုစနစ်ပေါ်လာတယ်။ မင်းသားမင်းသမီးနဲ့ ဈေးကွက်အရောင်းအဝယ်လုပ်တယ်။
နေတိုး ပါရင် သိန်းလေးဆယ်။ ဘယ်လောက်ကောင်းကောင်း ညံ့ညံ့ သိန်းလေးဆယ် ဆိုတော့၊ ကော်ဖီဖျော်သလို ကော်ဖီမှုန့် ဘယ်နှဇွန်း၊ သကြား ဘယ်နှဇွန်း၊ နို့ဆီဘယ်နှဇွန်း ပုံသေနည်းဖြစ်ကုန်တယ်။
လောကထဲကို ဝက်သားသည်၊ ပန်းကန်သည် က အစ၊ တပ်ထွက်စစ်ဗိုလ်အဆုံး အလုံးအရင်း ဝင်လာကြ။ ဒွေး ဟေ့ ဒွေး ဆို ဒွေးနောက်လိုက်ကြ၊ နေတိုးဟေ့ နေတိုးဆို နေတိုးနောက်လိုက်ကြ နဲ့။ ခုတော့ ပေါကား ဘွဲ့ရပြီး နိဂုံးချုပ်လုလု ဖြစ်သွားတယ်။

ထုတ်လုပ်သူတွေဟာ သူတို့ကိုယ်သူတို့ အလုပ်လုပ်နေတာလို့ ထင်တယ်။ အမှန်က ပိုက်ဆံရှာရုံသက်သက်လုပ်စားနေကြတာ။
ဆိုပါတော့ ပဲ တွေ အိန္ဒိယက မဝယ်တော့ဘူး။ ကုန်သည်တွေ ဒုက္ခရောက်ကြ၊ ညည်းကြ။

အမှန်က
မြန်မာ့ပဲ ဟာ ကမ္ဘာ့စံချိန်မှာ B class ဆိုပါတော့၊ (ဥပမာ ပြောတာနော်)။ အဲဒီ B class နဲ့ တန်ချိန် တသိန်း ထွက်တယ် ဆိုပါတော့။ အဲဒီလို ထွက်တာ လွန်ခဲ့တဲ့ ဆယ်နှစ်၊ အနှစ် ၂၀ ထဲက။ မြန်မာအိမ်ဆိုင်လေးဟာ နောက်ဆယ်နှစ်၊ အနှစ် ၂၀ ကြာလဲ အိမ်ဆိုင်လေးအဆင့်ပဲ၊ မပြောင်းလဲ၊ မတိုးတက်ဘူး ဆိုတာ အဲဒီလိုမျိုးတွေကြောင့် ဆိုပါတော့။

ကုန်သည်တွေဟာ နိုင်ငံတကာ ထွက် ပဲတွေမြင်။ မြန်မာ့ပဲ ဘီကလပ်စ် ဆို ဟုတ်ကဲ့ ဘီကလပ်စ်ဈေးယူပြန်လာ။ လယ်သမားကို သူရောင်းရမယ့်ထဲ စားဖို့ဖယ်ပြီး ဈေးပေး၊ ဝယ်လှောင်ပို့ ဒါပဲ။ သူ့ဖါသာတော့ အလုပ်ကြိုးစားလှ အောင်းမေ့နေတာ။
လယ်သမား ကလဲ ဘာမှ မသိ။ နားပိတ် မျက်စိပိတ် စိုက်ရိုးစိုက်စဉ် နေနေတာပဲ။
အစိုးရ ကလည်း ငါတို့နဲ့ မဆိုင်သလိုနေတယ်။
မရောင်းရတော့ ဘာလုပ်လဲ၊ ပဲစားပွဲတော် ဆိုပြီး ပြည်သူတွေ ပဲစားဖို့ စားပြသတဲ့။ အောင်မယ် ဒါကို စားသုံးသူ အသင်းက ထ ကန့်ကွက်ပြန်သေးသတဲ့။
ဟားဟား ဟုတ်တော့ ဟုတ်နေတာပဲ။
ခင်ဗျားတို့ အားလုံးကို ပစ္စဖိတ်သမုဒ္ဒရာထဲ ရဟတ်ယာဉ်နဲ့ ခေါ်သွား ကန်ချပစ်ဖို့ပဲ ကောင်းတယ်။

မြန်မာပြည်က ပဲ ဟာ၊ ကမ္ဘာ့ နံပါတ်တစ် အေကလပ်စ် ဖြစ်ပြီး၊ ထုတ်လုပ်စရိတ် အနိမ့်ဆုံး ဖြစ်အောင် ထုတ်နိုင်ရင်၊ ကမ္ဘာ့ဈေးကွက်မှာ မရောင်းရ မရှိဘူး ရောင်းရပါလိမ့်မယ်။

အဲဒီလိုဖြစ်ဖို့ စုပေါင်းလယ်ယာစနစ်တွေ၊ ခေတ်မီနည်းပညာ၊ မျိုး၊ ယန္တရားတွေ လိုတယ်။
ကုန်သည်တွေဟာ ထွက်တဲ့ ပဲ ဝယ်လှောင် ရောင်းပို့ ဖို့ပဲ တတ်တယ်။ လယ်သမားတွေ ထုတ်လုပ်မှု မြင့်လာအောင် ပြန်မရင်း၊ မကူ ခဲ့ဘူး။ အစိုးရ ကလဲ ဒါတွေ သူနဲ့ မဆိုင်သလို နေတယ်။

သောက်သုံးမကျတဲ့ တက္ကသိုလ်က ဒိုင်ဗင်ပါမောက္ခ ကို စိုက်ပျိုးရေးဝန်ကြီး ရာထူးပေးထားပြီး မရှုပ် မလုပ် မပြုတ် မဆလမူနဲ့ သွားနေတယ်။
ငါးစပါး စီမံကိန်းနဲ့ လုပ်လို့ ရတာ လုပ်တဲ့ ပညာရှင်ကို စစ်ဗိုင်္လ်ဟောင်းထိန်က မင်းနားတော့ ဆိုပြီး ဖြုတ်ပစ်လိုက်တယ်။
စိတ်ချ နောက်ဘယ်ဝန်ထမ်းမှ နားရွက်ခတ်ရဲတော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ဒီသောက်ကျင့်တွေနဲ့ ပြည်သူတွေ ဝန်ထမ်းတွေ ပညာရှင်တွေဆီက ဘာကြံစည်တီထွင်အားထုတ်မှုမျိုးမှ ရလာမှာ မဟုတ်တော့ဘူး။

ကုန်သည်တွေလည်း အဲသလိုပဲ။ နိုင်ငံတကာကို ကိုယ့်ပစ္စည်း ကွန်တိန်နာတလုံးစာလောက်ပို့ရတာ ကျေနပ်မနေပါနဲ့။
ဒီက ကုန်ထုတ်လုပ်မှုတွေမှာ အမြဲ တီထွင်နေ၊ ဒီဇိုင်းတွေ ဆန်းသစ်နေတယ်။
ခင်ဗျားတို့က ဒါဆို ဒါတခုနဲ့ မှေးပြီး နေတတ်တယ်။ အချိန်တန် ဖေါက်သည်က မဝယ်တော့ဘူး ဆိုပြီး တခြား ကိုယ့်ထက ပိုကောင်း၊ ဈေးပိုချိုတဲ့ ကုန် ပြောင်းဝယ်မှ မျက်ကလဲ ဆန်ပြာဖြစ်ကုန်ကြတယ်။

နောက် အလုပ်လုပ်တယ်ဆိုတာနဲ့ ပိုက်ဆံရဖို့၊ ကိုက်မကိုက်၊ မြတ်မမြတ် စ စဉ်းစားနေ၊ ချိန်တွက်နေတဲ့ လူတွေချည်း ဖြစ်နေသရွေ့ ဘာဆန်းသစ်တီထွင်မှုမှ ဖြစ်မှာ မဟုတ်ဘူး။

တိုယိုဒါဟာ ယက်ကန်းဆရာပါ။ သစ်သားနဲ့ ယက်ကန်းစင် ထွင်ရာကနေ စက်ယက်ကန်းတီထွင်ထုတ်လုပ်အောင်မြင်ခဲ့တယ်။ သူ့သားကျတော့ မော်တော်ကား ထုတ်တယ်။
တိုယိုတာ ရဲ့ ခရီးအစမှာ သူ့အဖေတစ်သက်ရှာထားသမျှရင်း၊ မြတ်မယ် မမြတ်မယ် မသေချာတဲ့ အလုပ်သစ်တခုကို စွန့်စား လုပ်ဆောင်ခဲ့တာပါ။ ကနဦးကာလတွေမှာကော ဘယ်လောက်တောင်ရှုံးခဲ့မလဲ။

ဟွန်ဒါ ဆိုလဲ ဆိုင်ကယ်ထုတ်နေတာ သူ့ဖါသာ အောင်မြင်ပြီးသား။ အဲဒီကနေ ကားလောက ကို ဝိုင်းတားကြ၊ ကန့်ကွက်ကြနေတဲ့ ကြားက ဇွတ်ဝင်လာတာ။
ခု ဂျက်လေယာဉ်ပျံတွေ ထုတ်နေပြန်ပြီ။ ခုထိ ဟွန်ဒါဂျက်တွေ မပေါက်သေးပါဘူး။ ဂျက်လေယာဉ်ထုတ်တဲ့ ထဲ သူ့ကားက မြတ်သမျှ ဘယ်လောက် ကုန်နေ၊ ထည့်နေရမလဲ တွက်ကြည့်စမ်းပါ။
အက်ပဲလ် ဆိုလဲ အဲသလိုပါပဲ။
ခု အီလွန်မာ့စ်ဟာ ဒေါ်လာသန်းချီရင်းပြီး ဟိုက်ပါလု(ပ်) ဆိုတဲ့ သယ်ယူပို့ဆောင်ရေးစနစ်သစ်တခုကို တက္ကသိုလ်ကျောင်းသားတွေနဲ့ တီထွင်စမ်းသပ်နေတယ်။ သူ့တယ်လ်ဆာတွေ ရောင်းနေရသားပဲ။ ဘာကိစ္စ အောင်မြင်မယ်၊ မြတ်မယ် မသေချာတဲ့ အလုပ်ကို ရင်းနှီးမြှုပ်နှံနေသလဲ။
ခင်ဗျားတို့လိုသာဆို အီလွန်မာ့စ် ဟာ အလုပ်ကို အောင်မြင်တာ ဖိမလုပ်ဘဲ လျှောက်ပြားနေတဲ့ လူ လို့ ပြောမလားပဲ။
လောကမှာ အလုပ်လုပ်တယ်ဆိုတာ ငွေ ရဖို့သက်သက်ချည်း မဟုတ်ဘူးကိုးဗျ။

ခင်ဗျားတို့ က အဲသလိုတွေ အလုပ် လုပ်နေသလား၊ အချောင် ရ ထားတဲ့ ငွေထုပ်ကြီး ပိုက်ပြီး၊ မပွန်းမပဲ့ရအောင် သေချာမယ့် ဟာပဲ ရင်းမယ်။ မြှုပ်နှံမယ်။ လုပ်မယ် နဲ့ လုပ်နေသလား ကိုယ့်ဖါသာ အသိဆုံးပါ။

တတိုင်းပြည်လုံး ထစ်ခနဲရှိ မြေဝယ်၊ အိမ်ဆောက် ငှားစား နဲ့ အကြံတုံးဉာဏ်တုံး မုဆိုးမစီးပွားရေးပဲ ထွန်းကားနေတယ်။

နောက်အစိုးရကလဲ ဖွင့်မပေးတော့ ရင်းစရာ နေရာမရှိလို့ မြေ ပဲ ရင်းရတာပါ ဆိုကြလေရဲ့။

ဆိုပါတော့ စွမ်းအင်ကဏ္ဍဖွင့်ပေးမယ် ခင်ဗျားတို့ ရင်းကြမလား။

အခု မီတာခတွေ တက်တယ်။ ပြီးတော့ မီးပြတ်တယ် ဆိုပါတော့၊ အဲဒီ လျှပ်စစ်ဝန်ကြီး ကို တရားစွဲလို့ ရလား။ ဖမ်းလို့ ရလား။

အမေရိကားမှာ နယူးယောက်ခ် မီးပြတ်ရင် မီးပေးတဲ့ ကုမ္ပဏီကို တရားစွဲ လို့ ရတယ်။ ပုံမကျရင် ဖမ်း လို့ ရတယ်။

ပုဂ္ဂလိက ပိုင်ချည်းပဲ။
နယူးယောက်ခ် မီးပေးနေတာ၊ ကာလီဖိုးနီးယား မီးပေးနေတာ၊ ဂက်စ် ပေးနေတာ အကုန် ပုဂ္ဂလိကပိုင်၊ ပြည်သူအများစုစည်း ထူထောင် ရှယ်ယာထည့်ဝင် တဲ့ ကော်ပိုရိတ်တွေချည်းပဲ။

အစိုးရ ပိုင် တခုမှ မဟုတ်ဘူး။
အဲဒီတော့ ဖမ်းလို့ရတယ်။
ငတုံးတွေပဲ အစိုးရ အနေနဲ့ အကုန်တာဝန်ယူနေချင်တာ။
MPT ဆိုပြီး ပုဂ္ဂလိကဖုန်းလိုင်းတွေနဲ့ ဝင်ပြိုင်၊ ဝင်ပြီး ပြည်သူတွေဆီက အမြတ်စား လိုက်ပြန်သေးတယ်။
ဒိုင်လူကြီး ပယ်နယ်တီဝင်ကန်ပေးနေသလိုမျိုးကြီးဗျ။
ပြည်သူသက်သာချောင်ချိရေး ထိမ်းညှိတွန်းပေးရမယ့်သူတွေက ဝင်အမြတ်စားနေတာ။
အစိုးရဌာန မြတ်တယ် ဆိုတာ ကိုက လွဲနေတာ သဘောမပေါက်ဘူး။
အစိုးရအလုပ်ဆိုတာ အရင်းရှင်အကြီးစား၊ ကုန်သည်အကြီးစား ကျ လို့။ အဲသလို။

အစိုးရကလည်း တုံး၊
လူတွေကလဲ အချောင်ပဲ လိုချင်၊ အလုပ်မလုပ်ချင်၊
မစွန့်စားချင်ပဲနဲ့တော့။
မွဲတာ မဆန်းဘူး။

ချိုတူးဇော်ရေးသည်။
Hla NyuntOo

https://m.facebook.com/story.php?story_fbid=1821051804571617&id=100000004443900

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ " ပိုက်ဆံပဲ လိုချင်၊ အလုပ်မလုပ်ချင်တဲ့ တိုင်းပြည် ဖြစ်နေတယ် " (ချိုတူးဇော်)”

Post a Comment

Related Posts Plugin for WordPress, Blogger...