Saturday, December 30, 2017

သာသနာဖျက်ဖို့အတွက်မရှိရင်မဖြစ်တာလား

,
မဘသအဖွဲ့ပေါ်လာတယ် ...
ပြည်သူကိုကျွန်ပြုသွားတဲ့အာဏာရှင်တွေကို
လော်ဘီပြန်လုပ်တဲ့ သံဃာတွေပေါ်လာတယ် ....

'မဘသဟာ ၂၀၁၃ ကမ္ဘာအေးဂိုဏ်းပေါင်းစုံ
သံဃာ့ညီလာခံမှ ပေါက်ဖွားလာတယ်' လို့
မဟုတ်ပဲလိမ်ပြောတဲ့ သံဃာတွေပေါ်လာတယ် ....

'လူလယ်မှာ မိုက်ကိုင်ပြီး -ာသယ်မလို့' ဆဲလို့ဆဲ
'လကောင်ကြီး' လို့ ဆဲလို့ဆဲ
သံဃာအချင်းချင်းတောင်
'သောက်ရူးကြီး' လို့ ဆဲလို့ဆဲတဲ့
သံဃာတွေပေါ်လာတယ် ...

အဲ့ဒီလိုဆဲတဲ့သံဃာကိုမှ
'အမျိုးဘာသာသာသနာကို တကယ်ချစ်တာ' လို့
ဘုရားစကားကိုပစ်ပယ်ပြီး အတွေးခေါ်
ဖောက်ပြန်တဲ့ သံဃာတွေလူတွေပေါ်လာတယ် ....

လူတယောက်အသတ်ခံရတာကိုတောင်
'သာဓုခေါ်' ရက်လောက်အောင်
ပါးစပ်စည်းကမ်းမရှိတဲ့ သံဃာတွေပေါ်လာတယ် ...

ပြည်သူကိုကျွန်ပြုထားတဲ့ ခြေဥကို
ပြင်ဖို့ကြိုးစားရင် အသတ်ခံရမယ်လို့
ကျွေးမွေးလှူဒါန်းနေတဲ့ကျေးဇူးရှင်ပြည်သူကိုတောင်
မိုက်ကြေးခွဲပြီးခြိမ်းခြောက်ရဲလောက်အောင်
လူမိုက်ဆန်တဲ့ သံဃာတွေပေါ်လာတယ် ...

အကြွေးမရလို့ ပြန်တောင်းတာကို
ဘာသာရေးနဲ့ပြဿနာရှာမီးထိုးပြီး
ကူတောင်းပေးတဲ့ သံဃာတွေပေါ်လာတယ် ....

ဘာသားခြားလုံးဝမရှိတဲ့မြို့မှ
အိမ်တအိမ်ကို ဘာသာခြားနဲ့မှိုင်းသွင်းပြီး
ပြဿနာရှာဖျက်ခိုင်းလောက်အောင်
အရှက်မဲ့တဲ့သံဃာတွေပေါ်လာတယ် ....

ဖေ့ဘုတ်မှာ
သတင်းမှားတွေ ပုံအတုတွေနဲ့
ဝေဖန်တိုက်ခိုက်ရဲလောက်အောင်
အောက်တန်းကျတဲ့ သံဃာတွေပေါ်လာတယ် ...

ရဲစခန်းထဲထိတောင်
လိုက်ပြဿနာရှာပြီး
ဥပဒေစိုးမိုးရေးကိုဗြောင်စိန်ခေါ်ပြတဲ့
သံဃာတွေပေါ်လာတယ် ...

မှားသွားလို့ပြန်တောင်းပန်နေတဲ့
လူတယောက်ကိုတောင် ခွင့်မလွှတ်နိုင်ပဲ
တရားစွဲထောင်ချနှိပ်စက်လောက်အောင်
အကြင်နာတရားမဲ့တဲ့ သံဃာတွေပေါ်လာတယ် ...

သူတို့ကိုလှူဒါန်းနေရင်
ကျောင်းပေါင်းရာနဲ့ချီဖျက်တဲ့သူကိုတောင်
အမျိုးဘာသာသာသနာအတွက်အားကိုးရတယ်လို့
ပြောရက်လောက်အောင် သာသနာကို
ကိုယ်ကျိုးအတွက် အသုံးချရက်တဲ့
သံဃာတွေ ပေါ်လာတယ် ....

သူတို့ကိုထောက်ခံအားပေးနေတဲ့ပါတီရဲ့
ဆန့်ကျင်ဘက်ပါတီကို တိုက်ခိုက်ချင်လို့
ကိုယ့်ဘာသာဝင်တွေရာနဲ့ချီပြီး
ထောင်နန်းစံရမယ့် ဥပဒေကိုရေးဆွဲပြီး
ပြည်သူ့အကျိုးသယ်ပိုးသလိုလိုပုံစုံနဲ့
ပြည်သူကိုနှိပ်စက်ရက်ကြတဲ့
သံဃာတွေပေါ်လာတယ် ...

လူသတ်ပွဲတွေကို လူမြင်းကွင်းထိတောင်
လမ်းလျှောက် ထောက်ခံပြရဲလောက်အောင်
ကိုယ်ကျင့်တရားကင်းမဲ့လွန်းတဲ့
သံဃာတွေပေါ်လာတယ် ...

---
------

အဲ့ဒီလိုသံဃာမျိုးတွေပေါ်လာလို့
ပြည်သူတွေက သံဃာတွေကို
အတော်အကြည်ညိုမဲ့လာတယ် ...
ယုံကြည်မှုနဲလာတယ် ...

အရေးခင်းတိုင်းမှာ
သံဃာပါလာရင် လူထုပါလာတတ်ပေမယ့်
သူတို့ပေါ်လာပြီးနောက် အရေးခင်းတွေမှာ
ရေတိုက်သူတောင်ရှားလာတယ် ...
ဆဲတဲ့သူတွေတောင် ပေါ်လာတယ် ....

သံဃာမြင်ရင်
မဘသနဲ့မကွဲတော့ပဲ အကုန်လုံးကို
လူဆိုးသူခိုးလို မြင်ယောင်လာကြတယ် ...

သံဃာမကောင်းကြောင်းတွေကို
အရသာခံပြီး ပျော်ပျော်ကြီးပြောတတ်လာကြတယ် ...

သံဃာကို ငါကိုင်ဆဲရဲလာကြတယ် ...
ရေတောင်းတာကိုတောင်
အရက်တောင်းတယ်ဆိုပြီး
ဝိုင်းရိုက်ရဲတဲ့အထိ သံဃာကို
လေးစားမှုနဲလာကြတယ် .....

ကမ္ဘာ့အငြိမ်းချမ်းဆုံးဘာသာတရားဟာ
သူတို့ကြောင့် အမည်းစက်တင်ခံရတယ် ...
အကြမ်းဖက်သံဃာလို့တောင်
သတင်းစာတွေမှာ သမုတ်ခံရလာတယ် ...
တခါမှမကြားဘူးတဲ့ ပြည်ဝင်ခွင့်တွေ
ပိတ်ခံရတဲ့အထိကို အထင်သေးခံလာရတယ် ...

---
------

ဟုတ်ကဲ့ ...
မဘသဆိုတာ မရှိရင်မဖြစ်ပါ ...
သာသနာဖျက်ဖို့အတွက်မရှိရင်မဖြစ်တာလား
သာသနာပြုဖို့အတွက်မရှိရင်မဖြစ်တာလားဆိုတာကိုတော့
ကိုယ့်ဘာသာပဲ တွေးကြပါတော့လေ .......

Stray Bird

https://m.facebook.com/story.php?story_fbid=373835836395257&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သာသနာဖျက်ဖို့အတွက်မရှိရင်မဖြစ်တာလား”

Post a Comment

Related Posts Plugin for WordPress, Blogger...