Friday, February 2, 2018

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခြေလှမ်း = (လယ်ရီဂျေဂင် /ဘန်ကောက်ပို့စ်)

,
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖွင့်ချပြနေတဲ့ လက်ရှိအခိုက်အတန့်ရဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

 သူနဲ့ လူထုခေါင်းဆောင် (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်) ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်မယုံကြည်ပေမယ့် ရခိုင်ပြည်နယ် အကျပ်အတည်းကြောင့် နိုင်ငံတကာရဲ့ ဖိအားတွေကို နိုင်ငံတော်အစိုးရ တိုးမြှင့်ရင်ဆိုင်နေရချိန်မှာ ဗိုလ်ချုပ်မှူးကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှောင်လွှဲလို့မရတဲ့ မဟာမိတ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူတို့နှစ်ဦးကြားက မိတ်ဖက်ဆက်ဆံရေးကို တစ်ကျော့ပြန်အသက်ဝင်လာစေတဲ့ ညွှန်းကိန်းအဖြစ်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၂ဝ၂ဝခုနှစ်အထိ တာဝန်ထမ်းဆောင်ဖို့ နောက်ထပ် ၂နှစ် သက်တမ်းတိုးပေးလိုက်ပါတယ်။

 တပ်မတော်မှာ တာဝန်ထမ်းဆောင်လို့ ပြီးဆုံးတဲ့အခါ နိုင်ငံရေးထဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝင်ရောက်မလားဆိုတဲ့ ခန့်မှန်းမှုတွေကို ခေါင်းထောင်လာစေပါတော့တယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင် ၆သိန်းကျော် နယ်စပ်ကို ထွက်ပြေးသွားစေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါသတကြီးနဲ့ တုန့်ပြန်မှုတွေ တိုးပွားနေဆဲဖြစ်သလို မူလနေရာတွေမှာ မွတ်ဆလင်ဒုက္ခသည်တွေကို ပြန်လည်နေချထားရေးနဲ့ ပြန်ခေါ်ရေးအတွက် ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံဟာ မိတ်ဆွေကောင်းတွေ သိပ်မကျန်တော့တဲ့အချိန်လည်းဖြစ်နေပါတယ်။

 ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်က နယ်ခြားစောင့် ရဲကင်းတွေ တိုက်ခိုက်ခံခဲ့ရအပြီး မြန်မာ့တပ်မတော်ဟာ လူမျိုးတုန်းရှင်းလင်းမှုကို ရခိုင်ပြည်နယ်မှာ စနစ်တကျလုပ်ကိုင်ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ မွတ်ဆလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံ၊ ပြန်လည်အခြေချရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် အစိုးရက ခန့်အပ်တဲ့ နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့ထဲ ပါဝင်ခဲ့တဲ့ အမေရိကန်အထက်လွှတ်တော်အမတ်ဟောင်း ဘီလ် ရစ်ချတ်ဆန် နှုတ်ထွက်မှုဟာ မြန်မာအစိုးရကို တုန်လှုပ်စေခဲ့တာကတော့ အမှန်ပါပဲ။

 ဘီလ်ရစ်ချက်ဆန်ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ခဲ့မှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းက တစ်လျှောက်လုံး ထောက်ပြနေတဲ့ မဟာအားနည်းချက်ကြီး ဖုံးမနိုင်ဖိမရ ပေါ်သွားစေခဲ့ပါတယ်။

 နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြန်လည်စေ့စပ်ဖို့ အစိုးရရဲ့ပြင်ဆင်ထားချက်တွေ သဲထဲရေသွန်ဖြစ်ခဲ့သလို အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အေးစက်သွားမှုကို ဂီယာပြောင်းထိုးဖို့ ဟန်ပြင်ထားမှုကလည်း တွက်ကိန်းလွဲခဲ့ရပြန်ပါတယ်။

တစ်ချိန်တုန်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လည်းဖြစ်ခဲ့ပြီး အနောက်ကမ္ဘာရဲ့အသည်းကျော် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အထီးကျန်ပစ်ပယ်ထားမှုကို ခံနေရပါတယ်။ အနောက်အုပ်စုဝင် နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ အီးယူ (ဥရောပသမဂ္ဂ)နဲ့ အမေရိကန်တို့ရဲ့ ကျောခိုင်းမှုကို ခံနေရသလို ဒေါ်အောင်ဆန်းစုကြည်အတွက် မိတ်ဆွေတွေ နည်းသထက် နည်းလာခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အမြင်နဲ့ မဟာဗျူဟာကင်းမဲ့မှုတွေနဲ့ပတ်သက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

 နိုင်ငံသားအများစုရဲ့ ချစ်မြတ်နိုး လေးစားယုံကြည်မှုကို လူထုခေါင်းဆောင် ရနေပေမယ့်လည်း လူနည်းစုတိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လှုပ်ရှားတက်ကြွသူတွေကြားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှု တဟုန်ထိုး ကျဆင်းလာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ပိုင်းဆိုင်ရာ တန်ခိုးသြဇာဟာ ပြည်တွင်းရော ပြည်ပမှာပါ တကယ့်ကို အလေးအနက်ကြီး စိန်ခေါ်ခံနေရပါပြီ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြိုင်ဘက်ခေါင်းဆောင်တစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကလည်းက သိသိသာသာပဲ ပေါ်လာနေပါတယ်။ ရန်ကုန်အခြေစိုက် သံတမန်အသိုင်းအဝိုင်းကတော့ ဗိုလ်ချုပ်မှူးကြီးဟာ စောင့်ကြည့်ရမယ့်သူလို့ ဆိုပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ သူ့ရဲ့အနာဂတ်အတွက် မျှော်လင့်ချက်ကြီးကြီးထားနေပုံရပါတယ်။ သူ့အပေါ် လူကြိုက်များမှုတွေ မြင့်တက်လာချိန်မှာပဲ တပ်မတော်အတွင်း သူ့ရဲ့အရေးပါအရာရောက်မှုကလည်း မြင့်တက်လာပါတယ်။ ဘီလ်ရစ်ချက်ဆန်ရဲ့ ရှုတ်ချမှုတွေပေါ်လာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးချယ်စရာနည်းနည်းပဲ ကျန်တော့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထောက်ခံဖို့သာ ရွေးချယ်ခဲ့ရပါတော့တယ်။

သူတို့နှစ်ဦးကြားက ကွဲပြားခြားနားမှုကတော့ သိပ်ကိုကျယ်ပြန့်နေဆဲပါ။ ဒါပေမယ့် အရေးပါတဲ့ကိစ္စရပ်တွေမှာတော့ သူတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်ရဲ့ကြားဝင်ဆောင်ရွက်ပေးမှုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လက်တွဲရပါတယ်။ တစ်နှစ်အတွင်း သူတို့နှစ်ယောက်ကြား ပထမဆုံးတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကဖြစ်ပြီး ခွဲထွက်ရေးနဲ့ပတ်သက်ရင် ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့အတွက် သူတို့နှစ်ဦး သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကစပြီး တရုတ်အစိုးရရဲ့ အကူအညီနဲ့ သီချင်းတစ်ပုဒ်တည်းကို သံပြိုင်ညီညီ ဆိုခဲ့ကြပါတယ်။

ဒုတိယအကြိမ် တွေ့ဆုံမှုကတော့ တရုတ်ပြည်ကို သူတို့နှစ်ယောက် သီးခြားစီ ခရီးထွက်ခဲ့တဲ့ မနှစ်က နှစ်ကုန်ပိုင်းကဖြစ်ပြီး ခရီးစဉ်တွေကနေ ပြန်ရောက်ကြတဲ့နောက် ဆွေးနွေးခဲ့တာကတော့ တပ်မတော်အတွင်း ရာထူးဆက်ခံရေးကိစ္စဖြစ်တယ်လို့ အစိုးရနဲ့ တပ်မတော်တွင်းက ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ရလဒ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နောက်ထပ် သက်တမ်းတိုး တာဝန်ထမ်းဆောင်ခွင့်ရသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၁၆ခုနှစ် မတ်လတုန်းကလည်း အသွင်ကူးပြောင်းရေး (အာဏာလွှဲပြောင်းရေး)ချောမွေ့စေဖို့ ဒေါ်အောင်ဆန်းစုကြည်က ၂နှစ်သက်တမ်တိုးခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း သက်တမ်းတိုးမပေးဘဲ အစိုးရဘက်က တင်းခံခဲ့ပါတယ်။
လူထုခေါင်းဆောင်နဲ့ နီးစပ်တဲ့သတင်းရပ်ကွက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းသမီးတစ်ယောက်အနေနဲ့ တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ထိန်းချုပ်နိုင်တယ်လို့ သူ့ကိုယ်သူယုံနေပုံရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်တွေ့တကယ်တမ်းကျတော့ တပ်မတော်ကသာ ဒီကနေ့အခင်းအကျင်းကို စီစဉ်ညွှန်ကြားနေသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာတော့ ရွေးချယ်စရာလမ်း သိပ်ကိုနည်းနေပါတယ်။ ဒါ့ကြောင့် တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို လက်ခံခဲ့ရပါတယ်။
သူတို့နှစ်ယောက်ကြားက အာဏာလွန်ဆွဲပွဲဟာ ပြီးခဲ့တဲ့နှစ်တွေမှာ သိပ်ကို သိသိသာသာဖြစ်ခဲ့ပါတယ်။

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂ဝ၁၇တစ်နှစ်လုံး နိုင်ငံတကာခရီးစဉ်တွေထွက်ပြီး နိုင်ငံခြားတိုင်းပြည်က ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ သူ့ကိုယ်သူ မြန်မာပြည်ရဲ့ နိုင်ငံတော်အကြီးအကဲပုံမျိုး အသွင်ယူခဲ့တဲ့ကိစ္စတွေဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ ဆွေ့ဆွေ့ခုန်စရာဖြစ်ခဲ့ပါတယ်လို့ သူနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်တွေက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ အိန္ဒိယနဲ့ဂျပန်အပြင် အီးယူနိုင်ငံတွေတော်တော်များများကို သွားရောက်လည်ပတ်ခဲ့တဲ့အခါမှာ လက်ခံတဲ့ အိမ်ရှင်နိုင်ငံတွေကို ဒေါ်အောင်ဆန်းစုကြည်က အပြစ်ဖွဲ့ခဲ့ပါတယ်။ အထူးသဖြင့် အိန္ဒိယနဲ့ ဂျပန်ကိုသွားတဲ့ ခရီးစဉ်တွေမှာ စစ်ခေါင်းဆောင်ဟာ သူ့ကိုယ်သူ နိုင်ငံတော်အကြီးအကဲသဖွယ် ပြုမူပြောဆိုခဲ့ပြီး တပ်မတော်ခေါင်းဆောင်အချင်းချင်း တွေ့ရမယ့်အစား အိမ်ရှင်နိုင်ငံက အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တာမို့ သံခင်တမန်ခင်း ပရိုတိုကော်လ်တွေကို ဆန့်ကျင်ဖက်ပြုခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထက် သာလွန်တဲ့အနေအထားမျိုး နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို အထီးကျန်အောင် တစ်ချိန်လုံးလုပ်နေတဲ့ ဒီကိစ္စဟာ သတင်းတွေအဖြစ် ထွက်မလာခဲ့ပါဘူး။ မြန်မာ့တပ်မတော်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ပတ်သက်ရင် ကြားနေတယ်လို့ဆိုပြီး တရုတ်ကို မထောက်ခံတာသိသာစေဖို့ တရုတ်ရဲ့ရန်သူတော် ဂျပန်နဲ့အိန္ဒိယကို အာရှဒေသတွင်း သွားကစားတာဟာ လုပ်ရိုးလုပ်စဉ်လည်း မဟုတ်ပါဘူး။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်လိုလားသူဖြစ်ပြီး အိန္ဒိယနဲ့ဂျပန်တို့နဲ့ အစေးမကပ်တော့ဘူးလို့ သူက ပြောခဲ့ပါတယ်။

တရုတ်ခေါင်းဆောင်တွေ၊ အထူးသဖြင့် တရုတ်စစ်ဗိုလ်ချုပ်တွေအတွက် မိတ်ဆွေတစ်ယောက်လို့ ယူဆထားရတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဒီခရီးစဉ်နဲ့ ပြောဆိုချက်တွေဟာ စိတ်ဆိုး ဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။ သြဂုတ်လမှာ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်တဲ့အချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ သူ့ရဲ့ ရပ်တည်ချက်ကို လုံးဝပြောင်းလဲလိုက်ပါတယ်။ အဲဒီမတိုင်ခင်တုန်းကဆို သူနဲ့ တပ်ခေါင်းဆောင်တွေအများစုဟာ အမေရိကန်အစိုးရရဲ့ အားပေးထောက်ခံမှုကို ရနိုင်တယ်လို့ကို ယုံကြည်ပြီး ခြေလှမ်းပြင်ခဲ့တာပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီးကနေ ဝါရှင်တန်ကိုလာလည်ဖို့ ဖိတ်မယ်လို့ကို အပိုင်တွက်ခဲ့ပါသေးတယ်။ အမေရိကန်လုပ် စစ်တပ်သုံး ထောက်ပို့လေယာဉ် 130 Hercules တွေ ဝယ်ခွင့်ရဖို့အထိကို စိတ်ကူးတွေယဉ်ခဲ့တယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်တွေက ဆိုပါတယ်။

အင်ဂျင်လေးလုံးတပ် စစ်လေယာဉ်တွေဟာ တကယ့်ကို ထူးခြားကောင်းမွန်ပြီး လေယာဉ်ပြေးလမ်းအတွက် ပူစရာမလိုဘဲ တက်နိုင်ဆင်းနိုင်စေတာမို့ပါ။ ပြီးတော့လည်း လေပေါ်ကနေ တိုက်ခိုက်ရေးလုပ်နိုင်သလို ရှာဖွေကယ်ဆယ်ရေးတွေကိုလည်း လုပ်နိုင်တဲ့ အခြားသုံးစရာတွေ အများကြီးရှိတဲ့ လေယာဉ်ဖြစ်ပါတယ်။ "ဒီလိုလေယာဉ်မျိုး မြန်မာပြည်ကို ရောင်းမယ်ဆိုတာ ကောင်းကင်ဘုံမှာတောင် မဖြစ်နိုင်ပါဘူး"လို့ အမေရိကန်ထိပ်တန်း စစ်သံမှူးတစ်ယောက်က ဆိုပါတယ်။ အရပ်သားသုံး L-130 အမျိုးအစား လေယာဉ်ကိုတော့ အမေရိကန်အစိုးရက ရောင်းချတာကို မတားမြစ်နိုင်ပေမယ့် အဲဒီလေယာဉ်အမျိုးအစားကလည်း တိုက်ခိုက်ရေးအတွက် အလွယ်တကူသုံးနိုင်တယ်လို့ ဆိုပါတယ်။

အခုတော့ အမေရိကန်ကို ချဉ်းကပ်ဖို့ဆိုတဲ့ စိတ်ကူးအိပ်မက်ဟာ အတိတ်မှာ ကျန်ခဲ့ပါပြီ။ ဝါရှင်တန်ရဲ့ ကြိုဆိုခြင်းကို ခံရမယ့်အား ရခိုင်ပြည်နယ်က စစ် ရာဇဝတ်မှုတွေအတွက် ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုသာ ထိပ်တန်းစစ်ခေါင်းဆောင်တွေ ရင်ဆိုင်လိုက်ရပါတယ်။ အတွင်းသတင်းတွေအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့တပ်မတော်ကို သဘောထားတင်းတင်းမာမာနဲ့ ဆက်ဆံဖို့ အမေရိကန်ကို ပြောဖို့ နှပ်ကြောင်းပေးခံရကောင်း ခံရနိုင်တယ်လို့ ဆိုပါတယ်။

အခုတော့ နိုင်ငံတော်အကြီးအကဲအဖြစ် ကော်ဇော်နီအစား ဗိုလ်ချုပ်မှူးကြီးဟာ နိုင်ငံတကာရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်ရဖို့ ဖိအားတွေ တိုးများလာနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကသာ တပ်မတော်ကို ခွချက်ချက်ဖို့အတွက် ဒီအချက်ကို လီဗာအဖြစ် နင်းခဲ့မယ်ဆိုရင် .... ဖြစ်လာနိုင်မယ့်ကိစ္စတွေအားလုံးကို မတားတော့ဘဲ လွှတ်ချလိုက်မယ်ဆိုရင် ... ဒီစစ်တုရင်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်ကို ပြသနာတွေသာ ပိုတိုးလာစေမှာပါ။ ဘီလ်ရစ်ချက်ဆန် နှုတ်ထွက်သွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်ခဲ့တဲ့ကိစ္စဟာ နိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ် သိသိသာသာ ကျဆင်းစေပြီး ပြည်တွင်းမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်ရဲ့အနေအထားကို ပိုပြီးအားကောင်းသွားစေခဲ့ပါတယ်။
.
credit:ကမာရွတ် မီဒီယာ (ဘာသာပြန်)

Myanmar's military commander-in-chief on the rise

LARRY JAGAN
FORMER BBC WORLD SERVICE NEWS EDITOR

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခြေလှမ်း = (လယ်ရီဂျေဂင် /ဘန်ကောက်ပို့စ်)”

Post a Comment

Related Posts Plugin for WordPress, Blogger...