(၁) သတ်မှတ်နည်းလမ်းအတိုင်း ပြင်ဆင်ခြင်း (Formal Way) နှင့်
(၂) သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်ခြင်း (Informal Way) ဟူ၍ ဖြစ်ပါသည်။
သတ်မှတ်နည်းလမ်းအတိုင်း ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ဥပမာပြရလျှင် မြန်မာနိုင်ငံ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ပြင်ဆင်လိုလျှင် မည်သို့ပြင်ဆင်ရမည်ကို အခြေခံဥပဒေ၏ အခန်း (၁၂) (ပုဒ်မ ၄၃၃ မှ ၄၃၆ ထိ) တွင် အတိအကျ ပြဋ္ဌာန်းသတ်မှတ်ထားသည်ဖြစ်ရာ သတ်မှတ်ထားသည့် ထိုနည်းလမ်းအတိုင်း ပြင်ဆင်ရန် လုပ်ဆောင်ခြင်းကို သတ်မှတ်နည်းလမ်းအတိုင်း ပြင်ဆင်ခြင်းဟု ဆိုလိုပါသည်။
ယခု သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြရာတွင် ၂၅-၆-၂၀၁၅ နေ့ မဲခွဲဆုံးဖြတ်ချက်အရ မအောင်မြင်ဘဲ ရှုံးနိမ့်သွားခဲ့သည်ကို အများ သိကြပြီးဖြစ်ပါသည်။ မဲပေးသည့် ကိန်းဂဏန်းများကို လေ့လာကြည့်ရာ -
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပေးသည့်ဆန္ဒမဲများကို လေ့လာပါက
- မဲပေးခွင့်ရှိသူ - ၅၈၃ ဦး
- ထောက်ခံမဲပေးသူ - ၃၈၈ ဦး
- ကန့်ကွက်သူ - ၁၉၅ ဦး ရှိကြောင်း တွေ့ရသည်။
# ဆန္ဒမဲပေးသည့် အရပ်သားအမတ်အရေအတွက်မှာ (၅၈၃-၁၆၆) ၄၁၇ ဦးဖြစ်ရာ၊ ကန့်ကွက်သူအရပ်သားအမတ်အရေအတွက်မှာ (၄၁၇-၃၈၈) ၂၉ ဦး ရှိကြောင်း တွေ့ရသည်။
# တစ်နည်းအားဖြင့် ကန့်ကွက်သူ ၁၉၅ ဦးမှ မှ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး ကို နုတ်လိုက်ပါက ကန့်ကွက်သူအရပ်သားအမတ် အရေအတွက်မှာ (၁၉၅-၁၆၆) ၂၉ ဦးဖြစ်သည်။
# ကန့်ကွက်သူအရပ်သားအမတ်များအား ရာနှုန်း(%) ဖွဲ့လျှင် ၁၀ဝ ÷ ၄၁၇ x ၂၉ = ၇% ရှိကြောင်း တွေ့ရသည်။
# ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ အရပ်သားအမတ် ၉၃% က ထောက်ခံသည့်တိုင်အောင် ပြင်ဆင်ခွင့်မရကြောင်း တွေ့နိုင်သည်။
(တစ်နည်းအားဖြင့် ပြည်သူ ၉၃% က ပြင်ဆင်လိုပါလျှက် ပြင်ဆင်ခွင့်မရသည့် သဘောဖြစ်ကြောင်း တွေ့နိုင်ပေသည်။)
အထက်ပါ ကိန်းဂဏန်းများနှင့် အခြေအနေအရပ်ရပ်အရ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သတ်မှတ်နည်းလမ်း (Formal Way) အတိုင်း ပြင်ဆင်၍မဖြစ်နိုင်ဆိုသည့်အချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူများ လက်တွေ့ကျကျ နားလည်သဘောပေါက်အောင် (၂၅-၆-၂၀၁၅) နေ့က အခိုင်အမာ သက်သေထူပြခဲ့ပြီးဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို သတ်မှတ်နည်းလမ်း (Formal Way) အတိုင်း ပြင်ဆင်၍ မရနိုင်တော့လျှင် ဒုတိယနည်းလမ်းဖြစ်သော “သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်ဘဲ ပြင်ဆင်ခြင်း” ဆိုသည့် (Informal Way) ကို ရွေးချယ်အသုံးပြုရပါသည်။
သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်သော ပြင်ဆင်နည်း (Informal Way) ဆိုသည့် အဓိပ္ဗာယ်မှာ အကျဉ်းအားဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြသတ်မှတ်ထားသည့် နည်းလမ်းမှအပ အခြားနည်းလမ်း တစ်ရပ်ရပ်ကို အသုံးပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကို ဆိုလိုပါသည်။”
Informal Way နှင့်စပ်လျဉ်း၍ နယ်သာလန်နိုင်ငံ The Hague မြို့တွင် ၃−၆−၂၀၁၅ ရက်နေ့က IDEA နှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကြီးမှူးကျင်းပခဲ့သည့် နိုင်ငံတကာမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပါရဂူများပါဝင်သော ဆွေးနွေးပွဲတွင် အချိန်များစွာပေး၍ ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံအတွက် အထူးပြုဆွေးနွေးပေးရန် စာရေးသူမှ မေတ္တာရပ်ခံတောင်းဆိုခဲ့သည့်အတွက် အချိန်ပေး ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။
“သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်သော ပြင်ဆင်ခြင်း” ဟု ဆိုထားသည့်အတွက် စည်းမဲ့၊ ကမ်းမဲ့၊ ပရမ်းပတာပြင်ဆင်ခြင်းမျိုးဟု အဓိပ္ပာယ်မထွက်ပါ။ တရားဝင်သောနည်းလမ်းတစ်မျိုးပင် ဖြစ်ပါသည်။ သတ်မှတ်နည်းလမ်းဖြင့် အလုပ်မဖြစ်၍ အလုပ်ဖြစ်အောင် အခြားနည်းလမ်းကို ရွေးချယ်အသုံးပြုသည့် သဘောပင် ဖြစ်ပါသည်။
- အချို့က “သတ်မှတ်နည်းလမ်းအတိုင်းပြင်ဆင်ခြင်း” ကို ဥပဒေကြောင်းအရ ပြင်ဆင်ခြင်း ဟု ဖွင့်ဆိုကြပြီး၊
- “သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်ခြင်း” ကိုမူ နိုင်ငံရေးနည်းလမ်းဖြင့် ပြင်ဆင်ခြင်းဟုလည်း ဆိုကြသည်။
မည်သို့ပင်အဓိပ္ပာယ်ဖွင့်ဆိုကြစေကာမူ “သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်သည့်နည်း” သည် အလွန်ကျယ်ပြန့်ပြီး ပညာရှင်တို့၏ အတွေးအမြင်အယူအဆကိုလိုက်၍လည်းကောင်း၊ အခြေအနေကို လိုက်၍လည်းကောင်း ပုံစံအမျိုးမျိုး ရှိနိုင်ပေသည်။
ပြည်သူများ စဉ်းစားနိုင်ရန် နည်းလမ်းတစ်ရပ်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုအနေအထားရသည်ဆိုပါစို့ (သို့မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ၊ ပူးပေါင်း၍ အများစုအနေအထားရသည်ဆိုပါစို့ -
ထိုအခြေနေမျိုးတွင် ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မကြိုးပမ်းတော့ဘဲ
(၁) လွှတ်တော် အမတ်တစ်စုက အရေးကြီး အဆိုတစ်ရပ် တင်မည်။
(၂) ယင်းအဆိုတွင် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းများ မညီကြောင်း၊ အကိုးအကားများတင်ပြမည်။
(၃) ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီနိုင်ငံ မည်သည့် အခါမျှ ထူထောင်၍မရနိုင်ကြောင်း ပြည်သူတို့ ၏ အခွင့်အရေးလည်း အပြည့်အ၀မရနိုင်ကြောင်း အကျိုးအကြောင်း ဖော်ပြမည်။
(၄) ထို့ နောက် အထက်ဖေါ်ပြပါ အကြောင်းများကြောင့် အနာဂါတ်မြန်မာနိုင်ငံတော်၏အကျိုး အလို့ငှာ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော ဖွဲ့ စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ်ကို ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲအတည်ပြုပြီး၊ ဖွဲ့ စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပ ရွေးကောက်တင်မြှောက်၍ နိုင်ငံတော်အား ဆက်လက်စီမံ အုပ်ချုပ်သွားရန် အရေးကြီးအဆို တင်သွင်းမည်။
(၅) (ဖွဲ့ စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲနေစဉ်ကာလအတွင်း လက်ရှိဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် လက်ရှိလွှတ်တော်နှင့် လက်ရှိအစိုးရတို့ က နိုင်ငံအား စီမံအုပ်ချုပ်သွားမည်ဖြစ်သည်။ ဖွဲ့ စည်းပုံအသစ် ရေးဆွဲအတည်ပြုပြီးမှ အစိုးရက လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်တစ်ရပ် ဖွဲ့ စည်းကာ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ပြုလုပ်ရန် ဖြစ်သည်။)
(၆) အထက်ဖေါ်ပြပါအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် အခြေအတင် ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်မည်။
(၇) အကယ်၍ အများစုထောက်ခံ၍ အဆိုအတည်ဖြစ်လျှင် လွှတ်တော်၏ အဆိုပါဆုံးဖြတ်ချက်သည် ပြည်သူ့ ဆုံးဖြတ်ချက်ဖြစ်၍ သက်ဆိုင်သူအားလုံးက ဆုံးဖြတ်ချက်အတိုင်းလိုက်နာ အကောင်အထည် ဖေါ်ကြမည်ဆိုလျှင်
ဒီမိုကရေစီနိုင်ငံသစ် တစ်ခုပေါ်ပေါက်လာနိုင်ခြေ ရှိ-မရှိ ပြည်သူများစဉ်းစား နိုင်ရန်တင်ပြအပ်ပါသည်။
မှတ်ချက်
(၁) အထက်ဖေါ်ပြပါ စာရေးသူ၏တင်ပြချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အယူအဆနှင့် မူဝါဒ မဟုတ်ပဲ ပုဂ္ဂလအမြင်သာဖြစ်ကြောင်း နှင့် ပြည်သူအများစဉ်းစာနိုင်ရန် “ သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်ခြင်း” အတွက် ဥပမာသဘော တင်ပြခြင်းသာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။ စာရေးသူ၏ တင်ပြချက်ထက် ပိုမိုကောင်းမွန်သော အခြားနည်းလမ်းများစွာ ရှိနိုင်ပါကြောင်းကိုလည်း ကြိုတင်၍ဝန်ခံပါသည်။
(၂) စာရေးသူ၏ ဤဆောင်းပါးကို စိတ်ဝင်စားသည့် ဂျာနယ်သတင်းစာများ အနေဖြင့်ကူးယူဖော်ပြ နိုင်ပါသည်
မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ) U Ko Ni
June 28, 2015 at 3:34am

