Friday, January 4, 2019

"ပြည်သူပိုင်သိမ်းပွဲကြီး"

,
၁၉၆၄ ခုနှစ် ပြည်သူပိုင် သိမ်းပွဲကြီးအကြောင်း တစေ့တစောင်း

၁၉၆၂ ခုမတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ (တပ်မတော်) က အာဏာသိမ်းပိုက်ခဲ့တာပါ။ ၁၉၆၃ ခုနှစ် ဇန်နဝါရီလမှာတော့ ရည်ရှည်အာဏာသိမ်းပိုက်နိုင်ဖို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ထူထောင်ကာ တစ်ပါတီစံနစ်ဖြင့် အသက်ဆက်နိုင်ဖို့ ဆိုရှယ်လစ်စီးပွားရေးစံနစ်ကို ထူထောင်ခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုသည်မှာ စက်မှု့လက်မှု့ကို ထူထောင်ခြင်းမဟုတ်ပဲ အရပ်သားပိုင် စက်ရုံအလုပ်ရုံ စီးပွားရေးလုပ်ငန်းမှန်သမျကှို သိမ်းယူသောစံနစ်ဘဲ ဖြစ်ပါတယ်။

ဘီအိုစီကုမ္ပဏီ အိုင်ဘီပီရေနံလုပ်ငန်း၊ စီးကရက်ကုမ္ပဏီများ၊ သတ္ထုတွင်းလုပ်ငန်းများ ဆပ်ပြာစက်ရုံ ထီးစက်ရုံ စသည့်စက်မှု့လက်မှု့လုပ်ငန်းများ ပုံနှိပ်စက်များ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၈၄၁ ကျောင်း သာသနာပြုဆေးရုံ ၉ရုံ ရုပ်ရှင်ရုံ ၁၈၂ ရုံ စသည်ဖြင့် အစိုးရကသိမ်းပိုက်ခဲ့တာပါ။ အကြီးဆုံး ပြည်သူပိုင်သိမ်းပွဲကြီးကိုတော့ ၁၉၆၄ ခုနှစ်ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့နှင့်တကွ နိုင်ငံအဝှမ်း မြို့နယ်အသီးသီးတွင် ပြုလုပ်ခဲ့ပါတယ်။

ဘဏ်တိုက် ၃၁ တိုက် သတ္ထုတွင်းနှင့် ပုလဲလုပ်ငန်းများကို ဖေဖော်ဝါရီလကတည်းက နိုင်ငံတော်ပိုင်အဖြစ် သိမ်းပိုက်ခဲ့ပါတယ်။

အရပ်သားပိုင် စီးပွားရေးလုပ်ငန်းများ ပွဲရုံအလုပ်ရုံများ စတိုးဆိုင်များ ဈေးဆိုင်များ အိမ်များကိုအသိမ်းခံရမည့်သူများမသိစေဖို့ လျှို့ဝှက်စီစဉ်ခဲ့ပြီး ထောင်သောင်းချီသော ပါတီမိတ်ဆွေ ဆိုသူများအား စစ်ဗိုလ်စစ်သားတို့က ဦးဆောင်ကာ သန်းခေါင်ယံတွင် အားကစားကွင်းမှာ စုစည်းထားပြီး မိုးမလင်းမှီ မြို့ထဲအနှံ့သို့ လူစုခွဲကာ အရပ်သားပိုင်စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်း ပိုက်လိုက်ပါတယ်။

လုပ်ငန်းကြီးပါက ဗိုလ်မှုးများကကွပ်ကဲပြီး အလတ်စားလုပ်ငန်းများကိုတော့ ဗိုလ်ကြီး၊ အသေးစားလုပ်ငန်းကိုတော့ တပ်ကြပ်ကြီးတို့က ကွပ်ကဲသိမ်းယူခဲ့ကြပါတယ်။ လက်နက်ကိုင်စစ်သားများက စောင့်ကြပ်ပေးခဲ့ပါတယ်။

ဆိုင်ကြီးများမှ လက်လီဆိုင်လေးများအထိ ဆိုင်ပိုင်ရှင်တို့အဖို့ နံနက်စောစောဆိုင်ဖွင့်ရန် သွားသောအခါ မိမိတို့ဆိုင်ရှေ့တွင် စစ်အရာရှိနှင့် ပါတီမိတ်ဆွေဆိုသူများ လက်နက်ကိုင်စစ်သားများ ကိုတွေ့ရပါတယ်။ ဆိုင်ရှင်ျားအား ပြည်သူပိုင်သိမ်းပိုက်ကြောင်း အမိန့်စာကိုဖတ်ပြပြီးနောက် ဆိုင် (သို့မဟုတ်) လုပ်ငန်း၏ သော့များနှင့်ငွေကြေးရှိသမျှ ကို အပ်နှံခိုင်းခဲ့ပါတယ်။ အရေးတကြီးတောင်းကြသည်မှာ မော်တော်ယာဉ်နှင့် ကားသော့များဖြစ်ပါတယ်။ အဲ့ဒီနံနက်မှစတင်ပြီး ဆိုင်နှင့် လုပ်ငန်းမှ မော်တော်ယာဉ်
သည် ဗိုလ်ကြီး (သို့မဟုတ်) တပ်ကြပ်ကြီးပိုင် အဖြစ်သို့ပြောင်းလဲသွားပါတယ်။

ပြည်သူပိုင်သိမ်းပွဲ၌ ကားမအပ်သူကို ကြီးလေးသောအပြစ်ဒဏ်ပေးလေ့ရှိပြီး အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အိုဝဲလ်ရဲ့ "မြန်မာပြည်မှနေ့များ" ဝတ္ထုတွင်ချီးကျုးရေးသားထားသည့် စမတ် နှင့် မူကာရမ်ဒမ် စာအုပ်ဆိုင်မှာ ဆူးလေဘုရားလမ်းတွင်ရှိပါတယ်။ စာအုပ်ဆိုင်ကို စစ်ဗိုလ်က လာရောက် သိမ်းပိုက်တဲ့အခါ အသက် ၇၂ နှစ်အရွယ် ပိုင်ရှင်အဘိုးကြီးတွင် ကားပျက်ကြီးတစ်စီးရှိပြီး မအပ်နှံသောအမှု့ဖြင့် ထောင်ဒဏ် ၄နှစ်အပြစ်ပေးခဲ့ပါတယ်။

လုပ်ငန်းရှင်များထံမှ သိမ်းပိုက်ထားသောကားများကို ကိုယ်ရေးကိုယ်တာကိစ္စများအတွက်သုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ ကုန်စည်များကိုခိုးဝှက်ကြပြီး တန်ဖိုးကြီး ကုန်တိုက်ကြီးများ စတိုးဆိုင်ကြီးများကိုသိမ်း ဖို့ တာဝန်ကျသူ စစ်ဗိုလ်ကြီးများ ချက်ချင်းချမ်းသာသွားခဲ့ကြပါတယ်။ ကားများ ကုန်များလူနေအိမ်များ ဆိုင်ခန်းများအားလုံး ၁၂၇၆၄ ဆိုင် သိမ်းပိုက်ပြီးနောက် အမျိုးတူ ကုန်များပူးပေါင်းမည်ဟု မူချမှတ်ကာ ရန်ကုန်တွင်ဆိုင်ခန်းတစ်သောင်းခန့် လစ်လပ်သွားရာ စစ်ဗိုလ်ကြီးများ လက်နက်ချ အလင်းဝင် ကွန်မြူနစ်များ ပါတီမိတ်ဆွေဆိုသူများကိုခွဲဝေနေရာချထားပေးခဲ့ပါတယ်။ အားလုံးလိုလိုပြန်ရောင်း
စားခဲ့ကြပါတယ်။

ပြည်သူပိုင်မသိမ်းမှီက ကားပြာလေးနှင့် ကျောင်းကြိုကျောင်းပို့လာလေ့ရှိသော မောင်နှမသုံးယောက်မှာ အဲဒီနေ့နံနက် ကျောင်းသို့ခြေလျင်လျှောက်လာကြတာကိုမြင်ခဲ့ကြရတယ် လို့ဆိုပါတယ်။ ခါတိုင်းခြေလျှင်လာလေ့ ရှိသောကလေးတစ်ဦးက ထိုကားပြာလေးနှင့် ကျောင်းတက်လာသည်ကိုတွေ့ရပါတယ်။ ကားထဲမှကလေး၏ အမူအရာမထူးခြားစေကာမူ စစ်ဗိုလ်ကတော်နှင့် တူသော ကားမောင်းလာသူအမျိုးသမီး ခေါင်းတမော့မော့ရှိနေသည်ကိုတွေ့ရသော မောင်နှမသုံးဦးမှာ မျက်ရည်လည်ရွဲဖြင့်ငေးမောကြည့်နေကြတယ်လို့ဆိုပါတယ်။

ဤကား ဆိုရှယ်လစ်သင်္ခါရတရား သို့မဟုတ် မြန်မာ့စစ်အာဏာရှင်တို့၏ လက်ထက်တွင်သာတွေ့မြင်နိုင်သည့် ရှားပါးသောမြင်ကွင်းဖြစ်ပါတော့သည်ဟုဆိုကာ မူရင်းစာရေးသူမှ ၁၉၆၄ ခုနှစ် ပြည်သူပိုင် သိမ်းပွဲကြီးအကြောင်းကို အဆုံးသတ်နိဂုံးချုပ်ပြီး ဖေါ်ပြထားပါတယ်။

တင်ပြသူ နှင်းမောင်
ကိုးကား။ ဦးသန်းဖေမြင့်၏ "၁၉၆၂-၆၇သမိုင်းဝင်မှတ်တမ်းများ"
ကြေးမုံဦးသောင်း(အောင်ဗလ)၏ "ဘီလူးတို့ရွာ" မှ ကောက်နှုတ်ဖော်ပြတာပါ။
ခရက်ဒစ် - Ko Wai Yan

ဗီဒီယိုကြည့်ရန် FB သို့ဝင်ရောက်ပါ
https://m.facebook.com/story.php?story_fbid=1933358660096111&id=100002659876554

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"ပြည်သူပိုင်သိမ်းပွဲကြီး"”

Post a Comment

Related Posts Plugin for WordPress, Blogger...