(၁) အသက်သတ်ခြင်း
ငါးပါးသီလမှာ ထိပ်ဆုံးကပါပြီး မစောင့်ထိန်းသင့်တဲ့အထဲမှာလည်း ထိပ်ဆုံးဖြစ်တာကတော့ အသက်သတ်ခြင်းကိစ္စပါပဲ။ အသက်မသတ်ဘဲနေကြရင် အသားမစားရသလောက် ဖြစ်ပါလိမ့်မယ်။ အလိုအလျောက်သေမှ စောင့်စားရမယ်ဆို အခုထက် အဆပေါင်းများစွာ အသားဈေးကြီးပါလိမ့်မယ်။
လူ့သမိုင်းနဲ့ယှဉ်ရင် မနေ့တနေ့ကမှ စိုက်ပျိုးရေးကိုတီထွင်ဖန်တီးနိုင်ခဲ့တာ ဖြစ်တယ်။ နှစ်ပေါင်းသန်းနဲ့ချီတဲ့ ဆင့်ကဲဖြစ်စဉ်ဟာ လူသားခန္ဓာကိုယ်ကို အသားစားရှင်သန်ဖို့ ဒီဇိုင်းဆွဲပေးခဲ့ပါတယ်။ အသားမစားကြဘူးဆိုရင် ကျနော်တို့ခန္ဓာကိုယ်မှာ ပြဿနာတချို့တက်လာမှာပါ။ ပရိုတိန်းချို့တဲ့မှု၊ ဗီတာမင် D, ဗီတာမင် B12 နဲ့ ကယ်လစီယမ်ချို့တဲ့မှုပြဿနာတွေကို ရင်ဆိုင်ရပါလိမ့်မယ်။
ပိုဆိုးတဲ့ပြဿနာကတော့ .. အစားအစာမလုံလောက်မှုပါ။ လူသားတိုင်း နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီပမာဏရအောင် စိုက်ပျိုးရေးတစ်ခုတည်းနဲ့ မထောက်ပံ့နိုင်ပါဘူး။ တစ်ဘက်မှာလည်း စိုက်ပျိုးရေးတိုးလုပ်ခြင်းဟာ ပိုးသတ်ဆေးပိုသုံးခြင်းနဲ့ သစ်တောပိုပြုန်းခြင်းကို တွန်းပို့ပါလိမ့်မယ်။ ဒီနှစ်ခုကြောင့်သေမယ့် သတ္တဝါစာရင်းဟာ ကျနော်တို့သတ်စားတဲ့ သတ္တဝါအရေအတွက်နဲ့ယှဉ်ရင် အဆပေါင်းများစွာ ပိုများပါလိမ့်မယ်။
အဆိုးဆုံးပြဿနာကတော့ ပိုးသတ်ဆေးနဲ့ ပဋိဇီဝဆေးတွေ မသုံးရတာပါ။ ထိခိုက်ဒါဏ်ရာရတိုင်းမှာ ပိုးဝင်ပြီးသေဖို့ အခွင့်အလမ်း အလွန်များသွားပါလိမ့်မယ်။ ဖျားနာမှုကြောင့် သေဆုံးသူပမာဏဟာ မိုးထိသွားပါလိမ့်မယ်။ ဒီလိုအချက်တွေကြောင့် သူတပါးအသက်မသတ်ခြင်းဆိုတဲ့ ကိစ္စဟာ မစောင့်ထိန်းအပ်တဲ့စာရင်းထဲမှာ ထိပ်ဆုံးကပါလာရပါတယ်။
(၂) ခိုးခြင်း
ကမ္ဘာပေါ်မှာ သယံဇာတတွေဟာ မျှတစွာပျံ့နှံ့တည်ရှိတာမဟုတ်ပါဘူး။ အရင်တွေ့တဲ့သူက မောင်ပိုင်စီးထားရင် သူ့ဆီက လုယူ၊ ခိုးယူ၊ (သို့) တနည်းနည်းနဲ့ ရအောင်ယူ ရပါလိမ့်မယ်။ အသက်ရှင်သန်ခွင့်ကိုယ်တိုင် အခက်တွေ့လာပြီဆိုရင် တရားမျှတမှုရဲ့အဓိပ္ပါယ်ဟာ ပြောင်းသွားပါတယ်။
ငတ်သေတော့မယ့်အချိန်မှာ အသာတကြည်တောင်းလို့မရနိုင်ဘူးဆိုရင် ခိုးတယ်ဆိုတာ ဖြစ်သင့်တဲ့ကိစ္စပါ။ မိုက်မဲစွာ အသေမခံပါနဲ့။ လုယူမဲ့အစား ခိုးပါ။ လုယူတဲ့အခါ အကြမ်းဖက်ရတာကြောင့် ရုပ်ပိုင်းစိတ်ပိုင်း ထိခိုက်မှုပိုများနိုင်ပါတယ်။ ခိုးတာက အတော်အတန် အန္တရာယ်ကင်းပါတယ်။
အလုပ်လုပ်ဖို့၊ အထောက်အပံ့တောင်းဖို့တွေကို ဦးစားပေးပါ။ အလုပ်လည်းမရဘူး၊ ဘယ်သူမှလည်းမထောက်ပံ့ဘူးဆိုရင် အသေခံရမယ့်အစား ခိုးပါ။ မရှက်ပါနဲ့။ ညီတူညီမျှပိုင်သင့်တဲ့ သယံဇာတတွေကို လူတချို့က လက်ဝါးကြီးအုပ်ထားပြီး ခင်ဗျားကိုတော့ အလုပ်လက်မဲ့ငတ်သေခိုင်းတာဆိုရင် ခိုးတာဟာ တရားပါတယ်။ အသက်ဘေးအတွက် ခိုးခြင်းဟာ အလျှံအပယ်ရှိနေလျက် လက်ဝါးကြီးအုပ်ခြင်းလို ရှက်ဖို့မကောင်းပါဘူး။
(၃) အရက်သေစာ သောက်စားခြင်း
ခင်ဗျားစိတ်ညစ်တာကို ခင်ဗျားပဲ ရင်ဆိုင်ရတာပါ။ ခင်ဗျားရဲ့ ပျော်ရွှင်မှုကိုလည်း ခင်ဗျားပဲ စံစားရတာ။ ကိုယ်တိုင် စိတ်ညစ်ပြေဖို့၊ ပျော်ပါးဖို့အတွက် ကိုယ်တိုင် အရက်သောက်မှရမှာပါ။ အရက်သောက်မှ၊ ဆေးခြောက်ရှူမှရမယ့် သာယာမှုတွေကို ဘယ်မှာမှလိုက်ရှာလို့ မရပါဘူး။
သတိထားရမှာကတော့ ... အရက်သောက်ခြင်းသည် ... စားဝတ်နေရေးလိုမျိုး အသက်ရှင်သန်မှုအတွက် အခြေခံကျပြီး အရေးကြီးတဲ့ကဏ္ဍ မဟုတ်ပါဘူး။ ဒါကြောင့် မိမိစားဝတ်နေရေးကို စတေးပြီး အရက်သောက်တာမျိုးရော .. တခြားသူတွေကို ထိခိုက်စေတာမျိုးပါ ရှောင်ရှားရပါလိမ့်မယ်။
(၄) လိမ်ပြောခြင်း
သာမန်အခြေအနေတွေမှာတော့ အမှန်ပြောခြင်းက အလုပ်ဖြစ်ပါတယ်။ ထမင်းစားပြီးရဲ့သားနဲ့ မစားရသေးဘူးလို့လိမ်ပြောရင် အတင်းကျွေးတဲ့အခါ တိုင်ပတ်ပါမယ်။ တရားရုံးရောက်လို့ လိမ်လည်ထွက်ဆိုတဲ့အခါ ထောင်ပါကျသွားနိုင်ပါတယ်။ ဈေးရောင်းတဲ့အခါမှာလည်း တစ်ပါကင် ဆယ်ခုပါတာကို ဆယ့်ငါးခုပါတယ်လို့ လိမ်ရောင်းရင် ရေရှည်အဆင်မပြေပါဘူး။
ဒါပေမယ့်လို့ အမှန်ပြောခြင်းဟာ အမြဲတမ်းကောင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် လူမှုဆက်ဆံရေးနယ်ပယ်မှာ အမှန်တွေချည်းပြောလို့မရဘူး။ အမှန်ကိုရင်ဆိုင်ဖို့ အဆင်မပြေတဲ့အခြေအနေနဲ့ အဆင်မပြေတဲ့ပုဂ္ဂိုလ်တွေအတွက် မုသားမပါ လင်္ကာမချောကျင့်သုံးရပါလိမ့်မယ်။
နိုင်ငံရေးသမားကနေ သူတောင်းစားအထိ ကျနော်တို့ရဲ့နေ့စဉ်ဘဝမှာ မုသားကြီးကြီးငယ်ငယ်တွေ ပြောဆိုကျင့်သုံးရပါတယ်။ တချို့မုသားတွေက ရေရှည်အတွက်ဖြစ်ပြီး တချို့မုသားတွေကို ခဏတာအချိန်ဆွဲဖို့ အာရုံလွှဲဖို့ ပါးပါးနပ်နပ်သုံးရပါတယ်။ ထိခိုက်မှုနည်းနည်းနဲ့ အကျိုးအလွန်များမယ်ဆို မုသာဝါဒဟာ ရှိသင့်တဲ့ပါးနပ်မှုဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဘက်အကျိုးယုတ်စေတဲ့အထိ မုသာဝါဒါ ဝေရမဏိ လုပ်နေမယ်ဆိုရင် အဆင်မပြေပါဘူး။
(၅) ကာမဂုဏ်အလေ့အကျင့်
မှားယွင်းသောကာမဂုဏ်ဓလေ့ဆိုတဲ့ သိက္ခာပုဒ်က အငြင်းပွားစရာအကောင်းဆုံး ဖြစ်ပါတယ်။ ဘယ်အရာကတော့ မှားယွင်းတဲ့အကျင့် ဘယ်အရာကတော့ မှန်ကန်တဲ့အကျင့်လို့ ယတိပြတ်ပြောဖို့ အဆင်မပြေလို့ပါ။
ဘုရင်လက်ထက်တုန်းက မိန်းမအများအပြားယူတဲ့ဓလေ့ကို လက်ခံပေမယ့် ဒီနေ့ခေတ်မှာကျ လက်မခံကြတော့ဘူး။ လက်မထပ်ဘဲ လိင်ဆက်ဆံတာတို့ တစ်ကိုယ်ရည်အာသာဖြေတာတို့ဟာ မှားယွင်းသော (ဝါ) ဖောက်ပြန်သောအလေ့အကျင့်လား? ပြည့်တန်ဆာနဲ့ လိင်ဆက်ဆံခြင်းဟာ ဖောက်ပြန်ခြင်းလား? လိင်ဆန္ဒချုပ်တည်းလွန်လို့ စိတ္တဇဖြစ်တာထက် စနစ်တကျ အာသာဖြေခြင်းသာ ပိုအန္တရာယ်ကင်းတာ မဟုတ်ဘူးလား။
လိင်စိတ်ခံယူမှုနဲ့ လိင်စိတ်တိမ်းညွှတ်မှုမှာ လူနည်းစုတွေအတွက် ထည့်စဉ်းစားပါရဲ့လား။ လိင်တူဆက်ဆံခြင်း၊ group sex နဲ့ BDSM တွေဟာ ကာမေသုမိစ္ဆာစာရ မြောက်သလား?
အန္တရာယ်အကင်းဆုံးအခြေအနေအောက်မှာ (လိင်ကိစ္စအပါအဝင်) အပျော်ရွှင်ဆုံးနေထိုင်ကျင့်ကြံခြင်းကသာ ကိုယ်စိတ်နှစ်ပါးစုံကျန်းမာရေးအတွက် သင့်လျော်တာဖြစ်ပါတယ်။ လူများစုသဘောတူတဲ့ လိင်ဆက်ဆံနည်းနဲ့မတူရုံနဲ့ အန္တရာယ်ကင်းတဲ့ ဖျော်ဖြေမှုတစ်ခုကို မစွန့်လွှတ်ထိုက်ပါဘူး။
လိင်ကိစ္စမှာ အရေးအကြီးဆုံးက မိမိရောသူတပါးပါ အန္တရာယ်ကင်း လုံခြုံဖို့ဖြစ်ပါတယ်။ ဒီအချက်ကိုသာ အလေးပေးပါ။ လူများစုကြိုက်လောက်မယ့်အရာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ လိင်ကိစ္စဆိုတာ ကိုယ်ရေးကိုယ်တာပဲ။ အဆင်မပြေတဲ့သူတွေကို မပြနဲ့ပေါ့။ ပြစေချင်ကြရင် .. ကိုယ်ကလည်းပြချင်ရင် ပြပေါ့။
လူတစ်ဦးချင်း ယဉ်ကျေးမှုတစ်ခုချင်းမှာ လိင်ပိုင်းဆိုင်ရာ ကျင့်သုံးပုံချင်း ကွဲပြားကြမှာပဲ။ တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲ့ရဲ့ မှန်ကန်သောလိင်လမ်းကြောင်း သတ်မှတ်ချက်ကို လိုက်နာဖို့ မလိုပါဘူး။ တစ်စုတစ်ဖွဲရဲ့ အသားလွတ် အနိုင်ကျင့်တာမျိုးကို လက်မခံပါနဲ့။ wrong sexual practice လို့ မရှိပါ။ unsafe or harmful sexual practice ပဲရှိပါတယ်။ အန္တရာယ်ကင်းရင် အဆင်ပြေပါပြီ။
#ငါးပါးသီလမစောင့်ကြပါနဲ့
အထက်မှာပြောခဲ့တာတွေဟာ ငါးပါးသီလစောင့်ခဲ့ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေထဲက တချို့တဝက်သာ ရှိပါသေးတယ်။ တခြားဆိုးကျိုးတွေ အများကြီး ရှိနိုင်ပါသေးတယ်။ ငါးပါးသီလလုံလို့ ရနိုင်တဲ့ကောင်းကျိုးထက် ဆိုးကျိုးတွေက ပိုပြီး လက်တွေ့ကျနေတာကို တွေ့ရပါမယ်။
ပါဏာတိပါတာတစ်ကွက်နဲ့တင် လူသားမျိုးပြုတ်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးတာပါ။
ဒါကြောင့် ..
(ကျေးဇူးပြု၍)
ငါးပါးသီလ မစောင့်ကြပါနဲ့။ 😝😝
#mf
https://m.facebook.com/groups/2001239446861643?view=permalink&id=2352322305086687

