Friday, May 10, 2019

လွှတ်တော်အမတ်များ၏ လှုပ်ရှားမှုအပေါ် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့က နောက်ယောင်ခံ သတင်းရယူခြင်းသည် ဥပဒေမချိုးဖောက်ဟုဆို

,
နေပြည်တော်၊ ၂၀၁၉ မေ ၁၀ (သတင်းတမန်)

လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စရဖတပ်ဖွဲ့များက နောက်ယောင်ခံသတင်းရယူခြင်းသည် ဥပဒေချိုးဖောက်ခြင်းမရှိဟု ကာကွယ်ရေးဝန်ကြီးဌာန ကပြောသည်။

ယနေ့ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကော့သောင်းမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က "လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့်ညီညွှတ်ခြင်း ရှိ /မရှိ " မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြန်လည်ဖြေကြားရာတွင်အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မေးခွန်းပိုင်ရှင် ဦးခင်ဇော် က လွှတ်တော်အစည်းအဝေးရပ်နားချိန်တွင် မဲဆန္ဒနယ်များ၌ မဲဆန္ဒရှင်များနှင့်တွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံရှင်းလင်းခြင်း၊ ဒေသဆိုင်ရာအာဏာပိုင်များ၏ဖိတ်ကြားချက်အရ အခမ်းအနားတက်ရောက်ခြင်းများဆောင်ရွက်ရကြောင်း ၊ ယင်းအချိန်တွင် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက ဓာတ်ပုံရိုက်ခြင်း၊ အသံဖမ်းခြင်း၊ သတင်းရယူခြင်းများဆောင်ရွက်ကြကြောင်း ဆိုသည်။

ယင်းသို့ဆောင်ရွက်ခြင်းကြောင့် လုံခြုံမှုမရှိဟုခံစားရကြောင်း ၎င်း ကထပ်လောင်းဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြန်လည်ဖြေကြားရာတွင် ယင်းသို့ဆောင်ရွက်ခြင်းသည် ပွင့်လင်းမြင်သာစွာဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥပဒေကိုချိုးဖောက်ခြင်းမဟုတ်ကြောင်း ပြန်လည်ချေပဖြေကြားခဲ့သည်။

ယင်းသို့ဆောင်ရွက်ခြင်းသည် ထူးခြားသတင်းများကို ရယူခြင်းဖြစ်ကြောင်း ပုဂ္ဂိုလ်ဆိုင်ရာရည်ရွယ်ချက်ဖြင့်သတင်းရယူခြင်းမဟုတ်ကြောင်း ၊ ဥပဒေနှင့်ညီညွှတ်မှုမရှိဟုသတ်မှတ်လိုက်ပါက စရဖအပါအ၀င်အခြားသတင်း ရယူနေသူများပါ အကျုံးဝင်သွားနိုင်ကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ဖြေကြားမှုအပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က " ၀န်ကြီးကတော့ ပွင့်လင်းမြင်သာစွာဆောင်ရွက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ကိုမေးမြန်းတော့ နာမည်ပဲပြောပြီး ကိုယ်ပိုင်နံပါတ်မပြောပါဘူး။ ဒါပွင့်လင်းမြင်သာမှုရှိ /မရှိ ၀န်ကြီးအနေနဲ့ဖြေကြားပေးလို့ရရင် ဖြေကြားပေးပါ" ဟု ထပ်ဆင့်မေးခွန်းထုတ်ခဲ့သည်။

ယင်းအပေါ် ဗိုလ်ချုပ်မြင့်နွယ် က လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့်လည်း အခြားသောသတင်းမီဒီယာများအပေါ် "ဘယ်သတင်းဌာနကလဲ မေးမြန်းလား လို့ ပြန်မေးချင်ပါတယ်" ဟု ပြန်လည်မေးခွန်းထုတ်ခဲ့သည်။

ယခုကဲ့သို့ နောက်ယောင်ခံလိုက်၍ စုံစမ်းသတင်းရယူခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ လှုပ်ရှားမှုအပေါ် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ နောက်ကလိုက်၍ သတင်းထောက်လှမ်းခြင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင်လည်း မေးခွန်းတစ်ခါမေးမြန်းခဲ့ဖူးသည်။

https://www.facebook.com/385165108587508/posts/647007735736576/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လွှတ်တော်အမတ်များ၏ လှုပ်ရှားမှုအပေါ် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့က နောက်ယောင်ခံ သတင်းရယူခြင်းသည် ဥပဒေမချိုးဖောက်ဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...