Tuesday, February 27, 2018

'' ဦးရွှေမန်းသား အောင်သက်မန်း ဒေါ်လာ ၄ဘီလီယံ ကျော် (ဒေါ်လာသန်းပေါင်းလေးထောင်ကျော်)ချမ်းသာ ''

,
ဦးရွှေမန်းရဲ့ သားအကြီး အောင်သက်မန်းရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာသန်းပေါင်း ၄ ထောင် ကျော်ရှိတယ်လို့ Indapaper က ဖွင့်ချလိုက်တော့ ပြည်သူတွေအားလုံး မျက်လုံးပြူးသွားတယ်။ လန့်ဖျပ်သွားတယ်။ ပြည်သူတွေထက်ပိုပြီး လန့်သွားတာက ဦးရွှေမန်းပဲ။ နှစ်ပေါင်းများစွာ ပိုင်ဆိုင် မှုတွေ လျှို့ဝှက်ထားသမျှတွေကို အကုန်ဖော်ခံလိုက်ရတာကိုး။ အောင်သက်မန်းရဲ့ ပိုင်ဆိုင်မှုဆိုတာ ကလည်း ဦးရွှေမန်းနဲ့ ဒေါ်ခင်လေးသက်ရဲ့ ပိုင်ဆိုင်မှုပဲ မဟုတ်လား။
အောင်သက်မန်းဆိုတာ ဧရာရွှေဝါကုမ္ပဏီစထောင်တုန်းက အသက် ၂၀ ပဲ ရှိသေးတယ်။ ကျောင်းတောင် မပြီးသေးဘူး။ ဦးရွှေမန်းကပဲ အောင်သက်မန်းနာမည်နဲ့ စီးပွားရေးတွေ တည်ပေး ခဲ့တာ။ ဧရာရွှေဝါဆိုတာကလည်း ဦးရွှေမန်းကိုယ်တိုင် ပေးခဲ့တဲ့ နာမည်ပဲ။ ၉၇ ခုနှစ် ဦးရွှေမန်း နတခ တိုင်းမှူးဖြစ်တုန်းက အောင်သက်မန်းကို ကုမ္ပဏီထောင်ပေးထားတာ။
ဧရာရွှေဝါကုမ္ပဏီကနေ ဧရာဝတီတိုင်း တစ်တိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင် ကို တစ်ဦးတည်းပိုင် ပါမစ်ရတယ်။ ဓာတ်မြေဩဇာများကိုလည်း မယူမနေရစနစ်နဲ့ တောင်သူတွေ ကို ရောင်းတယ်။ ရောင်းတာကလည်း ခယကတွေ၊ မယက တွေ က တစ်ဆင့် ရောင်းပြီး ပိုက်ဆံကို လည်း ချစ်တီးလိုအတင်းတောင်းတယ်။ လယ်မြေရှိတဲ့ တောင်သူမှန်သမျှ မယူမနေရရောင်းတယ်။ ဒီနှစ် မစိုက်ပါဘူး ပြောလည်း မရဘူး။ လယ်သာ မစိုက်တာ မြေဩဇာက အချိန်မှန်ဝယ်ရတယ်။ စပါးထွက်ချိန် မြေဩဇာဖိုး ပေးရတယ်။ ကျေးဇူးရှင်တောင်သူလယ်သမားဆိုတာ အောင်သက်မန်း အတွက် ပိုမှန်တယ်။ အကြွေးပေးစရာမရှိလို့ ရှိတဲ့လယ်ရောင်းပြီး မြေဩဇာဖိုးတွေပေးခဲ့တဲ့ တောင်သူတွေ ကျေးဇူးကြောင့် အောင်သက်မန်းတို့ ချမ်းသာမှု စတင်ခဲ့ရတာမဟုတ်လား။ ဒါတင်မကဘူး ဧရာရွှေဝါက မြေထပ်သိမ်းသေးတယ်။ တောင်သူတွေ မြေမဲ့ ယာမဲ့တိုးလာပြီး အောင်သက်မန်းတို့ ချမ်းသာမှုလည်း တိုးလာတာပေါ့။
ဦးရွှေမန်း ဗိုလ်ချုပ် ဘဝ အချိန်တိုအတွင်းမှာ သိန်းပေါင်း သောင်းချီပြီး ချမ်းသာလာတဲ့ အောင်သက်မန်းဟာ ဦးရွှေမန်း ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ချိန်၊ ဗိုလ်ချုပ်ကြီးဖြစ်ချိန်၊ နိုင်ငံတော် အဆင့် ၃ တိုင်းပြည်အုပ်ချုပ်ချိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌဌဖြစ်ချိန်မှာ တစ်ဆင့်ထက် တစ်ဆင့် ချမ်းသာမှုက အတောမသတ်တော့ဘူး။ အခုချိန်မှာတော့ အချမ်းသာဆုံး အဆင့် ၅ အထိ ရောက်သွား တာပဲ။ ဒီလောက်ဆိုရင် ဦးရွှေမန်း နိုင်ငံ့အကြီးအကဲဖြစ်ချိန်က တိုင်းပြည်ဘာကြောင့် အဆင်းရဲဆုံး ဖြစ်သွားသလဲ၊ နိုင်ငံ့သယံဇာတတွေနဲ့ ပြည်သူ့ဘဏ္ဍာတွေ ဘယ်ရောက်သွားလဲဆိုတာ သိကြပြီပေါ့။
------------         ------------           ------------
* ဦးရွှေမန်းသား ခရိုနီအောင်သက်မန်း ဘာလဲ ဘယ်လဲ *
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အောင်သက်မန်းဆိုတာ AYS MFG ကုမ္ပဏီရဲ့ Managing Director တစ်ယောက်ပါ။ လက်ရှိ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး အဆင့်(၅) ရှိတဲ့ သူဌေးကြီးပေါ့။ သူဌေးကြီးဆိုပေမယ့် အသက်က ၄၁ နှစ်ပဲ ရှိပါသေးတယ်။ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ( ဒေါ်လာသန်းပေါင်း ၄၁၀၀ကျော် )ရှိပါတယ်။  AYS MFG ကုမ္ပဏီကတော့ လှိုင်သာယာက တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်းပေါ်မှာ ရှိပါတယ်။ ပဲအမျိုးမျိုးနဲ့ စက်သုံးဆီကို နိုင်ငံတကာနဲ့ကုန်သွယ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေလည်း လုပ်ပါတယ်။ နိုင်ငံတကာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ဆုံးရောက်လာ သူတိုင်းအတွက် တခြားသူတွေ အားကျဖို့ အတ္ထုပ္ပတ္တိတွေ၊ အတုယူရမယ့် လုံ့လဝီရိယတွေ စာအုပ်ပေါင်းစုံနဲ့ ပြုစုထားတာရှိကြပေမယ့် မြန်မာနိုင်ငံက Top 5 စာရင်းဝင် သူဌေးလေး အောင်သက်မန်းကတော့ ပြန်မပြောရဲတဲ့ သမိုင်းကြောင်းတွေနဲ့ ပြည့်နေတဲ့ အတုယူအားကျစရာ မရှိသူ နာမည်ပျက်သူဌေးတစ်ဦးပါ။

အောင်သက်မန်းရဲ့ ချမ်းသာမှုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က စတင်ခဲ့ပါတယ်။ ကျောက်အောင်လို့၊ အမွေရလို့၊ ထီပေါက်လို့ ချမ်းသာမှု အခွင့်အလမ်း စခဲ့တာ မဟုတ်ပါဘူး။ အောင်သက်မန်း အဖေဖြစ်သူ ဦးရွှေမန်း ဗိုလ်ချုပ်ဖြစ်ရာကနေ စပြီး ချမ်းသာလာခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာ ဦးရွှေမန်း က ဧရာဝတီတိုင်းမှာ စစ်တိုင်းမှူးဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ရေနက်ကွင်းနဲ့ မြေလွတ်မြေရိုင်း ဖော်ထုတ်ရေး စီမံကိန်းလုပ်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကို ပါမစ်ရတဲ့ သူဌေးကတော့ ကျောင်းမပြီး သေးတဲ့ အောင်သက်မန်းဖြစ်ပါတယ်။ အောင်သက်မန်းဟာ ဧရာရွှေဝါဆိုတဲ့ ကုမ္ပဏီထောင်ပြီး ဧရာဝတီတိုင်းက သာပေါင်း၊ ကန်ကြီးထောင့်၊ ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲ မြို့က လယ်မြေဧက ၄ သောင်း ၁ ထောက်ကျော် ကို အဖေ ဗိုလ်ချုပ်ရွှေမန်း အမိန့်နဲ့ သိမ်းခဲ့ပါတယ်။ အဲဒီချိန်ကစပြီး နေ့ချင်းညချင်း မြေပိုင်၊ ယာပိုင်၊ တိုက်ပိုင်၊ ကားပိုင်၊ ကုမ္ပဏီပိုင် သူဌေးကြီး ဖြစ်သွားပါတော့တယ်။

ဒါတင်မကသေးဘူး။ ဒါးကတိုက်နယ်မှာ ဧရာရွှေဝါကုမ္ပဏီကြီး ဆောက်ခဲ့ပြီး ဆန်စက်နဲ့ ငါးမွေးကန်တွေ လုပ်ပြန်ပါတယ်။ အဲဒီနောက် အဖေ ဗိုလ်ချုပ်ရွှေမန်းက  အောင်သက်မန်းကို နိုင်ငံခြားကနေ ဓာတ်မြေဩဇာတင်သွင်းခွင့် တစ်ဦးတည်းကိုယ်စားလှယ် ပါမစ်ထပ်ပေးလိုက် တော့ ဦးရွှေမန်းတို့ မိသားစုမှာ ဝင်လာမစဲ တစ်သဲသဲဖြစ်ပြီး ချမ်းသာပြီးရင်း ချမ်းသာဖြစ်သွား တော့တာပေါ့။ “ရွှေမေတ္တာ”ဆိုတဲ့  ဇီဝဓာတ်မြေဩဇာစက်ရုံကို ဒါးကမှာ ဆောက်လုပ်ပြီး ဓာတ်မြေဩဇာတွေကို ဧရာဝတီတင်မက မကွေးနဲ့ ပဲခူးတိုင်းတွေက တောင်သူတွေအထိ မယူမနေရ ရောင်းပါတယ်။ ဧရာဝတီတိုင်းကတော့ အဓိက ခါးစည်းခံခဲ့ရတာပေါ့။ တယက ကနေ ခယက၊ ခယက ကနေ မယက၊ မယက ကနေ ရယက အထိ အဆင့်ဆင့် ရောင်းခိုင်းပြီး အဲဒီမယက၊ ခယက တွေကပဲ ပိုက်ဆံကောက်ပေးရပါတယ်။
တောင်သူတွေမှာ မဝယ်မနေရ ဝယ်ခဲ့ရတဲ့အပြင် မစိုက်ရင်လည်း မြေရှိရင် ဝယ်ရတာကြောင့် တိုင်းမှူးနဲ့ အောင်သက်မန်းကို မေတ္တာပို့ကြပါတယ်။

အခုတော့ ပြည်သူတွေရဲ့ မေတ္တာကို ခံယူပြီး ပြည်သူ့ချွေးနှဲစာနဲ့ ပြည်သူပိုင်မြေတွေသိမ်းကာ စီးပွားရေး မတည်ခဲ့တဲ့ အောင်သက်မန်းဟာ နိုင်ငံမှာ ပဉ္စမမြောက် အချမ်းသာဆုံးတောင် ဖြစ်သွားပါတယ်။ အတ္ထုပ္ပတ္တိကတော့ မှတ်သားစရာမကောင်းတဲ့အပြင် ရှက်စရာတောင် ကောင်းပါ သေးတယ်။ ဒါပေမဲ့ ဦးရွှေမန်းနဲ့ အောင်သက်မန်းကတော့ အရှက်မဲ့ ပြုံးနေကြပါတယ်။

                      သူရိယနေဝန်း
( ဆောင်းပါး နှစ်ပုဒ်ပေါင်းရေးထားပေးသည်။ )


https://m.facebook.com/story.php?story_fbid=1822704111074082&id=1750070308337463

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ '' ဦးရွှေမန်းသား အောင်သက်မန်း ဒေါ်လာ ၄ဘီလီယံ ကျော် (ဒေါ်လာသန်းပေါင်းလေးထောင်ကျော်)ချမ်းသာ ''”

Post a Comment

Related Posts Plugin for WordPress, Blogger...