Sunday, February 18, 2018

ခြေရာမတိုင်းနဲ့ ခလေး ဆိုတဲ့ post အား ပြန်လည် တုန့် ပြန်ချေပခြင်း

,
လူတိုင်း အထင်မှားနေတဲ့အချက်က မာလာလာ ဆိုတဲ့ အမျိုးသမီးဟာ သေနတ်နဲ့ အပစ်မခံရခင်တုန်းက
 ဘယ်သူမှ သိကြတာမဟုတ်ဘူးဆိုတဲ့အချက်ပါ။
တကယ်တော့ မာလာလာဟာ အလကားနေရင်း နာမည်ကြီးလာတာမဟုတ်ဘူး။ အလွန်ခမ်းနားတဲ့ ဘ၀တစ်ခုကို မတော်တဆရောက်ရှိလာတယ်ဆိုပြီးတော့လည်း အထင်မသေးသင့်ဘူး။ ဥပမာ ဒေါ်စုလည်း ဗမာပြည်ကို အရမ်းချစ်တာပဲ ဆိုပြီး ပြန်လာတာမဟုတ်ဘူး။ သူ့အမေ နေမကောင်းလို့ ပြန်လာတာ။ ပြန်ရောက်တဲ့အချိန်မှာ အာဏာရှင်အစိုးရရဲ့ ယုတ်မာကြမ်းတမ်းမှု တွေကိုတွေ့တယ်။ အဲ့ဒီတော့မှ မွေးရာပါဗီဇစိတ်က နိုင်ငံရေးလောကထဲကို ၀င်ဖို့ ဖြစ်လာတာပဲ။ တကယ်တော့ မတော်တဆကနေ စတာပဲ။

မာလာလာက ငယ်ငယ်ကတည်းက ပါကစ္စတန်နီတာလီဘန်တွေက Draconian ban အဖြစ် အမျိုးသမီးတွေ ပညာသင်ကြားခွင့် ပိတ်ပင်ထားတာကို တော်လှန်တဲ့ တက်ကြွလှုပ်ရှားသူ တစ်ယောက်ပဲ။ သူ သေနတ်နဲ့ အပစ်ခံရတယ်ဆိုတာ ဒီလှုပ်ရှားမှုကြောင့် အပစ်ခံရတာ။ အဲ့ဒီအချိန်က တာလီဘန်ဆိုတာ အကြမ်းတမ်းဆုံး အကြမ်းဖက်သမားတွေပဲ။ ဒီလိုလူတွေ ကြီးစိုး နေတဲ့ ဒီနိုင်ငံမှာ ဒါကိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိလျက်နဲ့ ပါကစ္စတန်မှာ အမျိုးသမီးတွေ လွတ်လပ်စွာပညာသင်ကြားခွင့်ရရေးကို လှုပ်ရှားခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ သတ္တိကို နိုင်ငံတကားက အသိအမှတ်ပြုတာ။

တစ်နိုင်ငံလုံးက မိန်းကလေးတွေကို ပညာသင်ခွင့်မပေးတာမဟုတ်ဘူး။ ပါကစ္စတန်ဟာ ဒီလောက် ကြမ်းတမ်းဆိုးရွားတဲ့ နိုင်ငံမဟုတ်ဘူး။ မြန်မာပြည်ထက် ချမ်းသာတယ်။ မာလာလာတို့ နေတဲ့ ဆွတ်တောင်ကြားလမ်းကို တာလီဘန်တွေက သိမ်းထားတဲ့အချိန်မှာ တာလီဘန်တွေက ဂရိ ရှေးဟောင်း ဥပဒေတစ်ခုဖြစ်တဲ့ Draconian အတိုင်းပဲ မိန်းကလေး တွေ ပညာသင်ကြားတာဟာ အပြစ်ရှိတယ်ဆိုပြီး သတ်မှတ်တာ။ သူ့ကို ပါကစ္စတန်နိုင်ငံပိုင် ရုပ်သံလိုင်းကနေ တက်ကြွလှုပ်ရှားသစ်တစ်ဦးအနေနဲ့ အင်တာဗျူးတော့ (၁၁)နှစ်အရွယ် ကောင်မလေးက နာမည်ကျော် speech ကို စပြောတာ။ "How dare the Taliban Take Away My Basic Right to an Education."

ဆွတ်တောင်ကြားလမ်းကို ရှာရီယာဥပဒေ စတင် သက်ဝင်လာတဲ့အချိန်မှာ နာမည်ကျော်ဂျာနယ်လစ် ဟာမစ်မားနဲ့ အင်တာဗျူးတယ်။ ပညာသင်ကြားခွင့်ရဖို့အတွက် တာလီဘန်ကိုလည်း မကြောက်ဘူး။ ဘယ်သူ့ကိုမှလည်းမကြောက်ဘူး။ သူတစ်ယောက်တည်း ပညာသင်ခွင့်ပေးရင်လည်း မလိုချင်ဘူး။ မိန်းကလေးတိုင်းဟာ ဘယ်လိုနိုင်ငံ၊ ဘယ်လို ဥပဒေ၊ စနစ်အောက်မှာဖြစ်ဖြစ် ယောကျာ်းလေးတွေနဲ့အတူ ပညာသင်ကြားခွင့်ရသင့်တယ်လို့ ပြောခဲ့တယ်။  ဒီလို စကားမျိုးဟာ မိနစ်တိုင်း၊ အချိန်တိုင်းမှာ ကိုယ့်ခေါင်းထဲကို ကျည်ဆံဝင်လာနိုင်တဲ့ဆိုတဲ့ အရပ်ဒေသမှာ တာလီဘန်တွေ စောင့်ကြည့်နေတဲ့ နိုင်ငံပိုင်ရုပ်သံအင်တာဗျူးကနေ ပြောခဲ့တာ။ အွန်လိုင်းဖိုက်တာတွေ လေသေနတ်ပစ်တာလောက်တော့ .... ပြောရရင် မာလာလာ ဟာ အင်မတန်ခေါင်းမာ တယ်ဆိုတဲ့ နေရာမှာ ဒေါ်စု လိုလူစားမျိုးပဲ။ ဒေါ်စုထက် သာတာက အင်မတန်နုနယ်တဲ့ ကလေးငယ်ဘ၀လေးမှာ လောကကောင်းကျိုးဆင် ​ချင်ခဲ့တဲ့ အတွေးအခေါ်၊ ပါရမီပဲ။

မာလာလာ အရမ်းနာမည်ကြီးလာတဲ့အချိန်မှာ တာလီဘန်တွေလောက်မဆိုးပေမယ့် မိန်းကလေးတွေ ပညာသင်ကြားရေးအတွက် အဟန့်အတားတွေ ရှိနေတဲ့ နိုင်ငံတွေမှာ ဒါဟာ inspiration ဖြစ်ခဲ့တယ်။ အာဖရိကနိုင်ငံတွေ၊ တောင်အမေရိကနဲ့ လက်တင်နိုင်ငံအချို့က အမျိုးသမီးတွေဟာ မာလာလာကို အတုယူပြီး ပညာသင်ကြားခွင့်အတွက် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်။ မာလာလာဟာ အသက်ကြီး၊ ပညာတွေတတ်ပြီး ကိုယ့်ဖို့ကိုယ်ကြည့်နေတဲ့ ကျား၊ မ တွေအားလုံးကို ဘယ်အရာက ရှက်ဖို့ ကောင်းပြီး၊ ဘယ်လို အသက်ရှင်သင့်သလဲ ဆိုတာကို ပြခဲ့တယ်။ ခဲတဲ့တစ်ချောင်း၊ စာအုပ်တစ်အုပ်၊ ဆရာတစ်ယောက်ပဲ ရှိတဲ့ ကလေးမလေး တစ်ယောက်ဟာ ကမ္ဘာကြီးကို ပြောင်းလဲစေဖို့ ခွန်အားတွေကို ပြသခဲ့တယ်။ ဆရာ တစ်ယောက်ဆိုတာလည်း သူ့အဖေပဲ။ ကျောင်းမှာ သင်ခွင့်ရခဲ့တာမဟုတ်ဘူး။

အခု ရခိုင်အရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒါဟာ မွတ်ဆလင်ချင်းဆိုတဲ့ စိတ်မျိုးနဲ့ သူ ပြောတာမဟုတ်ဘူးဆိုတာကို ယုံကြည်သင့်တယ်။ သူ အမှန်တရားကို သိချင်မှ သိလိမ့်မယ်။ ဒါပေမဲ့ မေယုတောင်ကြားက ကိစ္စတွေကို မြန်မာပြည်က လူတွေကိုယ်တိုင်တောင် ဂဃဏန သိကြလို့လား။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၀န်ခံထားတာက သူတောင် သေခြာမသိဘူးဆိုတာပဲ။ ဒီအခြေအနေမှာ ဆိုရေးရှိက ဆိုအပ်ရာ၏ ဆိုတဲ့ အနေအထားမျိုးရောက်လာရင် သူက လူ့အခွင့်အရေး မျက်လုံးနဲ့ ပဲ ပြောမှာပဲ။ ဒီ ဖြစ်စဉ်ဟာ ရခိုင်ပြည်နယ်မှာ မဟုတ်ဘဲ ဒါကာမှာပဲ ဖြစ်နေနေ၊ ကရာချိမှာပဲ ဖြစ်နေနေ၊ ဒီစကားကိုပဲ သူပြောမှာပဲ။ သူက လူ့အခွင့်အရေး မျက်လုံးနဲ့ပဲ ကြည့်ပြောမှာပဲ။ ကိုယ်တိုင်က လူ့အခွင့်အရေးကို ပါးစပ်က မချတဲ့ သူတွေဟာ၊ ဒေါ်စု ပြောတဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို သံယောင်လိုက်နေတဲ့သူတွေဟာ တကယ့် လူ့အခွင့်အရေးပေတံတွေနဲ့အတိုင်းခံရပြီ လည်းဆိုရော တုန်လှုပ်ကုန်ကြတာတွေ့ရတော့ နည်းနည်းတော့ ထူးဆန်းတယ်။

မာလာလာဟာ မှားကောင်းမှားပါလိမ့်မယ်။ သူ ဟာ ဘင်္ဂလီလား၊ ရိုဟင်ဂျာလား၊ ရခိုင်ပြည်နယ်နဲ့ မြန်မာပြည်အခြေအနေကိုလည်း အသေးစိတ်သိချင်မှ သိပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုစရိုက် ရှိတဲ့လူဟာ ဒီလိုစကားမျိုးပဲ ပြောမှာပဲ ဆိုတာကို တွေးကြည့်ပါ။ သူပြောတာကို လက်မခံခွင့်ရှိတယ်။ ဒါပေမဲ့ သူ့ရဲ့ ကွဲလွဲခွင့်ကို လေးစားသင့်တယ်လို့လည်း ထင်တယ်။ ဒေါ်စု သာ သူ့နေရာမှာဆိုရင်လည်း ဒီစကားပဲ ပြောလိမ့်မယ်ဆိုတာ ရာနှုန်းပြည့်သေချာတယ်။ ကျနော်ကတော့ ဒီလိုစကားမျိုးကို သူပြောလို့ သူ့အပေါ် လေးစားမှု လျော့သွားမှာမဟုတ်ဘူး။ BBC Burmese ကိစ္စလိုပေါ့။ ကိုယ်ကတော့ သူတို့ရဲ့ ရပ်တည်မှု သူတို့လုပ်နေတာလို့ပဲ မြင်တယ်။ ဒါပေမဲ့ မှတ်ချက်ဆိုးဆိုး ပေးတဲ့ သူတွေ Ban ဆိုတာမျိုး ကလေးဆန်ရင်၊ အရောင်ပြောင်းရင်တော့ သူတို့အပေါ် အထင်သေးမှုဆိုတာ အဲ့ဒီအချိန်မှ စမှာ။

တကယ်​​တော့ ကမ္ဘာကြီးရဲ့အမြင်​ကို ​ပြောင်း​စေချင်​တယ်​ဆိုရင်​ ဒီကိစ္စမှာ အ​ဖြေမှန်​​ပေါ်လာဖို့အစိုးရက
အမြန်​ဆုံးကြိုးစားတာအ​ကောင်းဆုံးပဲ။ BBC လို မီဒီယာ​တွေက လွန်​တယ်​ဆိုရင်​ မြန်​မာအစိုးရဟာ ဘင်​င်္ဂါလီ​တွေကို ဘယ်​လိုညှင်းပန်းခဲ့ပါတယ်​ဆိုတာ အတိုက်​အခံ ပါတီကြီးတစ်​ခုရဲ့ လူကြီးပိုင်း​နေရာက​နေ ဦးဝင်းထိန်​တို့​ပြောခဲ့ဖူးတာပဲ။ ကမ္ဘာကြီးက ဒီအမြင်​ကို စွဲ​နေခါမှ ဘွာ​တေးအလွယ်​တကူခတ်​လို့​တော့ဘယ်​ရမလဲ။

#ကိုဟန်လင်းခေတ်

https://m.facebook.com/story.php?story_fbid=1612287452224660&id=327282527391832

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ခြေရာမတိုင်းနဲ့ ခလေး ဆိုတဲ့ post အား ပြန်လည် တုန့် ပြန်ချေပခြင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...