Thursday, July 26, 2018

မဘသ အမည်ပြောင်း အဖွဲ့၊ ဓမ္မစက် မလိုက်နာပါက အာဏာစက်ဖြင့် အရေးယူမည်

,
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ အနေနဲ့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(မ.ဟ.န)ရဲ့ ညွှန်ကြားချက် ဓမ္မစက်ကို မလိုက်နာဘူးဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး အာဏာစက်နဲ့ ဆောင်ရွက်သွား ဖွယ်ရှိတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောပါတယ်။ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ဟာ တရားဝင်အဖွဲ့အစည်းမဟုတ်တာကြောင့် (၄၅)ရက် အတွင်း အဖွဲ့ရဲ့ဆိုင်းဘုတ်တွေကို ဖြုတ်ချဖို့နဲ့ လုပ်ငန်းဆောင်တာတွေကို ရပ်ဆိုင်းဖို့ မ.ဟ.နက ဇူလိုင်(၂၀) ရက်မှာ ဓမ္မစက်ကြေညာချက်ထုတ်ပြန် ခဲ့ပါတယ်။ ဓမ္မစက်ကြေညာချက်အတိုင်း မလိုက်နာဘူး ဆိုရင်ပြည်ထောင်စု အစိုးရ အဖွဲ့ကိုတင်ပြပြီး အာဏာစက်နဲ့ ဆောင်ရွက်သွားဖွယ်ရှိတယ်လို့ ဦးထွန်းညွန့်က ဆိုပါတယ်။ အာဏာစက်နဲ့ဆောင်ရွက်လို့ မလိုက်နာဘူး ဆိုရင်တော့ နောက်ဆုံး အဆင့်အဖြစ် အရေးယူမှုအပိုင်းကို မလွှဲမရှောင် သာဆောင်ရွက်ရမှာဖြစ်ပြီး အဖွဲ့မှာပါတဲ့ ရဟန်းသံဃာကိုသံဃာ့အဖွဲ့ အစည်း ဆိုင်ရာဥပဒေ ၂၀/၉၀၊ လူပုဂ္ဂိုလ်တွေကို သာသနာညှိုးနွမ်း စေမှုပုဒ်မ ၂၉၅(က)နဲ့ အရေးယူမယ်လို့ ဦးထွန်းညွန့်က ပြောပါတယ်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ ဆိုင်းဘုတ်တွေကိုဖြုတ်ချပြီး အဲဒီနာမည်နဲ့ဆက်မလုပ်ဖို့ ညွှန်ကြားလာတာမျိုး လက်ရှိအချိန်ထိတော့ မရှိသေးဘူးလို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ (ဗဟို)ရဲ့ ပြောခွင့်ရဆရာတော် အရှင်သောပါက ကမိန့်ကြားပါတယ်။ မ.ဟ.နရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး အောက်ခြေအဖွဲ့ခွဲတွေရဲ့ သဘောထားတွေကို တောင်းခံထားကာ အားလုံးရဲ့ဆန္ဒ အတိုင်းပဲ ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ လက်ရှိမှာ အဖွဲ့ခွဲ(၁၀၀)ကျော်လောက်က ဆန္ဒပြုလွှာ တွေကိုရရှိထားပြီး အများစုကတော့ ဆက်လုပ်ဖို့ ဆန္ဒပြုထားတယ်လို့ အရှင်သောပါက ကမိန့်ပါ တယ်။ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ထဲမှာ သံဃာချည်းသက်သက် ပါဝင်တာမဟုတ်ဘဲ အလွှာပေါင်းစုံက လူပုဂ္ဂိုလ်အသီးသီးလည်း ပါဝင်နေ တာကြောင့် မ.ဟ.နရဲ့ ကြေညာချက်ထဲမှာ ပါသလို တရားမဝင်အဖွဲ့အစည်း မဟုတ်ဘူးလို့လည်း အရှင်သောပါကက မိန့်ပါတယ်။ အဲဒီအဖွဲ့ဟာအရင်က အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ)နာမည် နဲ့ ဆောင်ရွက်ခဲ့ပြီး အဲဒီအဖွဲ့ကို တရားမဝင်အဖွဲ့အစည်းအဖြစ် မ.ဟ.နက ကြေညာခဲ့ပြီးနောက် (၂၀၁၇)ခုနှစ်၊ မေ(၂၈)ရက်မှာ မ.ဘ.သ ညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်းအဖွဲ့လို့ နာမည်ပြောင်းလိုက်တာဖြစ်ပါတယ်။

သတင်း - သီဟစိုးလွင်
https://m.facebook.com/story.php?story_fbid=2026294744351728&id=1515097075471500

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မဘသ အမည်ပြောင်း အဖွဲ့၊ ဓမ္မစက် မလိုက်နာပါက အာဏာစက်ဖြင့် အရေးယူမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...