Saturday, March 17, 2018

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို သီးသန့် တရားစွဲဆိုရန်ကြိုးစားသည့် ရှေ့နေများ၏ အဆိုပြုတင်သွင်းမှုစွဲချက်ကို သြစတြေးလျ ရှေ့နေချုပ် ပယ်ချ

,
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကို လူသားမျိုးနွယ်များအား ရာဇ၀တ်မှုကျူးလွန်မှုစွဲချက်ဖြင့် သီးသန့် တရားစွဲဆိုရန်ကြိုးစားခဲ့သည့် သြစတြေးလျရှေ့နေအဖွဲ့တစ်ဖွဲ့၏လုပ်ဆောင်မှုကို  သြစတြေးလျရှေ့နေချုပ်က ပယ်ချလိုက်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင်ကျင်းပပြုလုပ်နေသည့်အာဆီယံ-ဩစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့တက် ရောက်နေစဉ်အတွင်း ဖက်ဒရယ်တရားသူကြီးဟောင်းဖြစ်သူ ရွန်မာကယ်ကျူစီဦးဆောင်သည့် မဲလ်ဘုန်းမြို့ မှ ရှေ့နေအဖွဲ့က တရားစွဲဆိုရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီများမှာ တပ်မတော်၏ စနစ်တကျရာဇ၀တ်မှုကျူးလွန်မှုများကြောင့်
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီအရေအတွက်မှာ ၇သိန်းခန့်ရှိကြောင်း၊ဘင်္ဂါလီ များ၏ ရွာများမှာ မီးရှို့ခံရခြင်း၊ ဘင်္ဂါလီအမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ ကလေးငယ်များသတ်ဖြတ်ခံရခြင်းများကို တပ်မတော်က ပြုလုပ်ခဲ့ကြောင်း၊ဘင်္ဂါလီများမှာ နိုင်ငံမဲ့ဖြစ်နေသလို မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုရန်လည်း ငြင်းဆန်ခံရသည်ဟူသော စွပ်စွဲမှုများနှင့်အတူ  Ron Merkel QC ဦးဆောင်သည့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာရှေ့နေများအဖွဲ့ က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို သီးသန့် တရားစွဲဆိုရန် မဲလ်ဘုန်းမြို့ရှိ Victorian Magistrates တရားရုံးသို့  ယမန်နေ့( သောကြာ၊ မတ်၁၆) က လျှောက်ထားခဲ့သလို ၄င်းတို့ ၏ စွဲချက်ကို သြစတြေးလျ ရှေ့နေချုပ်ထံသို့ပါ ပေးပို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

တပ်မတော်က ဘင်္ဂါလီများအား လူသားချင်းမစာနာသည့် စနစ်တကျဖိနှိပ်ဆောင်ရွက်မှုများကိုပြုလုပ်နေမှု့ အားနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုဟန့်တားခြင်းမရှိဘဲ ရယူထားသည့် အစိုးရအဖွဲ့ခေါင်းဆောင်တာဝန် ၀တ္တရားများကို လျစ်လျူရှုခဲ့သည်ဟုဆိုကာ တရားစွဲရန်ပြင်ဆင်ခဲ့ခြင်းလည်းဖြစ်သည်။ သို့သော်သြစတြေးလျရှေ့နေချုပ်ဖြစ်သူ မစ္စတာခရစ္စတီယန်ပေါ်တာကမူ ထိုကဲ့သို့ တရားရုံးတင်စွဲချက်တင်နိုင်ခွင့်မရှိဟုဆိုကာ အဆိုပါရှေ့နေအဖွဲ့၏ ကြိုးစားမှုကို ပယ်ချခဲ့သည်။

မစ္စတာပေါ်တာ၏ ပြောရေးဆိုခွင့်ရှိသူက “ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ပါ၊ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ရာထူးရယူထားသူလည်းဖြစ်ပြီး နိုင်ငံခြားသားဆိုင်ရာ သံတမန်ဥပဒေတွေအရလည်း ဒီလိုမျိုး တရားစွဲဆိုခံရဖို့ ကိုက်ညီမှုမရှိဘဲ ကင်းလွတ်ခွင့်ရထားပါတယ်။ တရားရုံး ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေတွေအရလည်း ဖမ်းဆီးခြင်းထိန်းသိမ်းခြင်းလုပ်လို့မရပါဘူး” ဟု သြစတြေးလျမီဒီယာများကို  ပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာ သြစတြေးလျဓနသဟာယနိုင်ငံ ၀န်ကြီးချုပ် မဲလ်ကွန်တန်ဘဲလ်၏ ဖိတ်ကြားချက်အရ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။ မဲလ်ကွန်တန်ဘဲလ်မှာ သောကြာနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်အရေးကိစ္စကို ပိုမိုအာရုံစိုက်သွားမည်ဟု
ပြောဆိုခဲ့သော်လည်း နိုင်ငံတကာမီဒီယာများက သုံးစွဲနေကြသည့် "ရိုဟင်ဂျာ" ဟူသောစကားလုံးကို အသုံးပြုပြောကြားခဲ့ခြင်းမရှိပေ။

မဲလ်ကွန်တန်ဘဲလ်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာ လာမည့်တနင်္လာနေ့တွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် အရေးကိစ္စများအတွက် သီးခြားဆွေးနွေးမည်ဖြစ်ကြောင်းလည်း သိရသည်။



Refး SBS
The Ladies News

https://m.facebook.com/story.php?story_fbid=2010192022570079&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို သီးသန့် တရားစွဲဆိုရန်ကြိုးစားသည့် ရှေ့နေများ၏ အဆိုပြုတင်သွင်းမှုစွဲချက်ကို သြစတြေးလျ ရှေ့နေချုပ် ပယ်ချ”

Post a Comment

Related Posts Plugin for WordPress, Blogger...