Wednesday, January 10, 2018

နောက်ကွယ်ဖြစ်ရပ်မှန်များကို တရားခွင်တွင်ဖွင့်ချမည်ဟု ရိုက်တာသတင်းထောက်များဆို

,
ရခိုင်အရေး အမှန်အတိုင်းရေးသားဖေါ်ထုတ်မည်ကိုစိုးရိမ်သောကြောင့် မတရားဖမ်းဆီးခြင်းဖြစ်ဟု ရိုက်တာသတင်းထောက်များပြော

အောင်ဈာန်သစ်
Myanmar Muslim Media
ဇန်န၀ါရီ ၁၀၊ ၂၀၁၈


အမှန်တရားဖေါ်ထုတ်ရန်ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် နောက်ကွယ်မှအမှန်တရားများကို တရားခွင်တွင်ဖွင့်ချသွားမည်ဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးကပြောကြားလိုက်သည်။

“ကျွန်တော်တို့ အမှန်တရားကိုဖေါ်ထုတ်လို့ ကျွန်တော်တို့ ဒီလိုအနေအထားကိုရောက်သွားတာ ၊ကျွန်တော်တို့နောက်ကွယ်မှာအမှန်တရားတွေအများကြီးရှိတယ်။ဒီအမှန်တရားတွေကို တရားခွင်မှာကျွန်တော်တို့ချပြသွားမယ်”ဟု ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရုံးထုတ်ရာတွင်ပြောကြားသည်။

သတင်းမီဒီယာသမားကျင့်ဝတ်အတိုင်း လုပ်ဆောင်ခဲ့သော်လည်း ဖမ်းဆီးခံခဲ့ရကြောင်းနှင့် အဖြစ်အပျက်အမှန်များကို ရေးသားဖေါ်ထုတ်ခံရမည်ကိုစိုးရိမ်သောကြောင့် ရေးသားဖေါ်ထုတ်မှုမပြုနိုင်စေရန် မတရားသည့်နည်းလမ်းသုံးကာဖမ်းဆီးခြင်းဖြစ်ကြောင်းလည်း ဖမ်းဆီးခံသတင်းထောက်များကပြောသည်။

“ကျွန်တော်တို့မီဒီယာသမားတွေက အဖြစ်အပျက်အမှန်တွေကို ရေးသားဖေါ်ထုတ်မှာကို စိုးရိမ်တဲ့အတွက်ကြောင့် ရေးသားဖေါ်ထုတ်မှုတွေ ကျွန်တော်တို့မလုပ်ရဲအောင် ကျွန်တော်တို့မီဒီယာသမားတွေ အဖြစ်အပျက်မှန်တွေရေးသားဖေါ်ထုတ်မှာကို သူတို့ကြောက်တဲ့အတွက်ကြောင့်မို့လို့ အခုလို မတော်မတရားတဲ့နည်းလမ်းတွေသုံးပြီး ကျွန်တော်တို့ကို ဖမ်းဆီးအရေးယူတာဖြစ်ပါတယ်”ဟုဖမ်းဆီးခံထားရသည့်မြန်မာနိုင်ငံသား ရိုက်တာသတင်းထောက် ကိုဝလုံးကလည်း ပြောကြားသည်။

ရိုက်တာသတင်းဌာန မြန်မာသတင်းထောက် ကိုဝလုံး(ခ)သက်ဦးမောင်မောင် နှင့် ကိုကျော်စိုးဦး(ခ) မိုးအောင် တို့ နှစ်ဦးကို  မောင်တော-ဘူးသီးတောင်ဒေသ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့်  ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၇ ခုနှစ်နေ့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ရိုက်တာသတင်းထောက်နှစ်ဦးကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ အရဖမ်းဆီးမှုသည် သမားရိုးကျမဟုတ်သည့်ဖမ်းဆီးခံရမှုဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက လည်းကြေညာချက်ထုတ်ပြန်ထားသည်။

https://m.facebook.com/story.php?story_fbid=1969164376457350&id=990010991039365

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နောက်ကွယ်ဖြစ်ရပ်မှန်များကို တရားခွင်တွင်ဖွင့်ချမည်ဟု ရိုက်တာသတင်းထောက်များဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...