Wednesday, May 16, 2018

ရထားခုံအောက် ပုန်းလိုက်ရတဲ့နန်းတော်ရှေ့ဆရာတင်

,

နန်းတော်ရှေ့ဆရာတင် ဟာ မြို့က သံပုန်းတီး မောင်းထုတ်ပြီး ခဲနဲ့ ဝိုင်းထုလို့ ရထားခုံအောက် ပုန်းလိုက်ရတဲ့ အဖြစ်ရှိခဲ့တယ်ဆို ယုံကြမလားဗျ။

ဒီလိုပါ။

အဲ့ဒီတုန်းက အလောင်းမင်းတရားရဲ့ အရိုးအိုး ဟာ ရွှေဘိုအရေးပိုင်ရုံးဝန်းထဲက အုတ်ဂူမှာ ရှိပါတယ်။

တတိယမြန်မာနိုင်ငံရဲ့ အဓိပတိကြီး အုတ်ဂူဟာ ဖုန်အလိမ်းလိမ်းနဲ့ ညစ်ပတ်နေတာကို ဆရာတင် တွေ့သွားပါတယ်။

ဒီတော့ သူ့ ရဲ့ တွဲဖော်တွဲဖက် ဘင်ဂျို တင်ဖေ ကို ခေါ်ပြီး ချက်ချင်း သီချင်းတပုဒ်စပ်ပါတယ်။

အဲ့ဒီသီချင်း ကို ရန်ကုန်ရေဒီယိုဌာနကနေ အသံလွှင့်ပါတော့တယ်။

သီချင်းက ဒီလို။

"နှလုံးသားထဲက နာလှပါတယ်၊ ရုံးထဲက ဈာပနဟာ၊ ဖုံထီးဖြူတွေအုပ်ပါလို့၊ ဖုံညီလာခံနေရော့သလား'' လို့ အစချီထားပါတယ်။

ဒီသီချင်းက ပေါက်သွားတယ်။

(နန်းတော်ရှေ့ ဆရာတင်ကို ကျွန်တော်က တေးရေးဆရာ အဖြစ်အပြင် သရော်စာအတွေးအခေါ်ကောင်းသူ အဖြစ် ပိုသဘောကျပါတယ်)

အလောင်းမင်းတရားကြီးခမြာ ဖုန်ထီးဖြူ ဆောင်းပြီး ဖုန်ညီလာခံ ကျင်းပနေရပါသတဲ့။

ဒီသီချင်းက မျိုးချစ်စိတ်ဓာတ်ရှင်သန်စပြုနေတဲ့ လူထုတွေထဲ တော်တော်ပေါက်ပါတယ်။

ဒါနဲ့ပဲ အဲ့ဒီကာလက နန်းရင်းဝန်ဖြစ်နေတဲ့ ဂဠုန်ဦးစောက ဆရာတင်ကို ချက်ချင်းခေါ်တွေ့ပြီး အကျိုးအကြောင်းမေးတော့တာပဲ။

နောက်နေ့ကျ ချက်ချင်းအစည်းအဝေးထိုင်ပြီး အလောင်းဘုရားအရိုးအိုး ပြသာဒ် တည်ဆောက်ရေး လုပ်တော့သည်ပေါ့ဗျာ။

အခုခေတ် ဖေ့ဘွတ်မှာ ဟိုးလေးတကြော်ဖြစ်မှ အရေးတယူထလုပ်သလိုပေါ့ဗျာ...ဟဲဟဲ။

ဦးစော ဆိုတာက လူလည်။

နန်းတော်ရှေ့ဆရာတင် ဟာ လူထုအပေါ် အားကြီးတဲ့ အနုပညာနဲ့ လွှမ်းမိုးထားနိုင်တာကို ရိပ်မိတယ်။

ဒီတော့ ဆရာတင် ကို ချဉ်းကပ်တယ်။

ရန်ကုန်၊ ကြည်မြင့်တိုင်၊ ထီးတန်းမှာ မွေးပြီး မန္တလေး နန်းတော်အရှေ့ပြင်မှာ ကြီးတဲ့ ဆရာတင် ဟာ နိုင်ငံရေးဆန်တဲ့ သီချင်းတွေ ရေးနေပေမယ့် နိုင်ငံရေးသမားတွေ ကြောကို မနပ်ပါဘူး။

ဦးစောက ဆရာတင် ကြိုက်တတ်တဲ့ ရှကီအကောင်းစားတွေ လက်ဆောင်ပေးတယ်။

ဟိုတယ်တွေ မှာ ခေါ်ကျွေးတယ်။

သူ ခရီးထွက်တဲ့ အခါ ဗဟုသုတရအောင်၊ သီချင်းရေးလိုရအောင်ဆိုပြီး အမြဲခေါ်သွားပါတယ်။

ဦးစော ရဲ့ ခရီးစဉ် တိုင်းနီးပါး ဆရာတင် ပါလာတယ်။

ဦးစော အထာကတော့.ဆရာတင်ကို..လူထုရဲ့ စိတ်ဝင်စားမှု၊ အနုပညာအပေါ်တိမ်းညွတ်မှုအခွင့်ကောင်းယူပြီး မဲဆွယ်တဲ့သဘောပါပဲ။

ကျွန်တော်တို့ ဆရာတင်ကြီးကတော့ ဒါတွေ မသိပါဘူး။ သြော်..နန်းရင်းဝန်ကြီးက တခြားလူတွေလိုပဲ ငါ့ ပရိသတ်ပါလားပေါ့။ ငါ့ချစ်ရှာတယ်ပေါ့။

နောက်တော့ ဦးစော က တို့ဗမာအစည်းအရုံးကို နှိပ်ကွပ်ဖမ်းစီးတဲ့အခါကျ...ပြည်သူဟာ ဦးစောကို အမြတ်ချောင်းချောင်းထွက်ကျတယ်။

မြို့တမြို့ကို ရောက်နေတဲ့ ဦးစောကို လူထုက
သံပုန်းတီးပြီး တောထုတ်ကြတယ်။ ဦးစောစီးတဲ့ ရထားကို ခဲနဲ့ ထုကြတယ်။

ဒီတော့မှာ ဆရာတင် ဟာ ရထားခုံအောက် ဝင်ပုန်းရင်း ''မအေဘေးကြီးကို လူတွေမုန်းတာနဲ့..ငါပါ ကြားထဲက ခဲစာမိသဟ'' ဆိုပြီး...အခြေအနေကို သဘောပေါက်သွားပါတယ်။

နောက်များ နိုင်ငံရေးသမား ဆို ဆရာတင်က လှည့်ကို မကြည့်တော့ဘူး။

သူရေးစရာရှိတဲ့ သရော်တော်တော်သီချင်းတွေကိုပဲ သေတဲ့အထိ ရှကီချပြီး ရေးသွားခဲ့တယ်။

ပြည်သူတရပ်လုံးက ချစ်တဲ့ ဆရာတင်လို အနုပညာသမားစစ်စစ်ကြီးတောင်...ဦးစောလို လူ နဲ့ မတော်တဆပေါင်းမိလို့ ရထားခုံအောက် ပုန်းခဲ့ရတယ်။

ဒီနေ့ခေတ်.... ဦးစောလို လူတွေနဲ့ ပေါင်းပြီး ပြည်သူကို တမင်တကာ ဂျင်းထည့်ကြမယ့် လူတွေ လည်း ဒါလေးကို သိထားသင့်တယ်ထင်တယ်။

တံတားကြီးပေါ် တပြုံတမ တက်ခုန်တဲ့ ခေတ်..မိတ်ကပ်လိမ်းပြီး ပေါ်လစီတွေ ရွတ်ပြတဲ့ ရုပ်ရှင်တွေနဲ့..ပြည်သူကို ဂျင်းထည့်တဲ့ခေတ်. ကုန်သွားပြီ.လို့..။

တရားစွဲခံရခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် ရေးတဲ့ ပိုစ့်ပေါ့..ငိ။

ဗြိတိသျှကိုကိုမောင် :D

https://m.facebook.com/story.php?story_fbid=182409979247882&id=100024366429357

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရထားခုံအောက် ပုန်းလိုက်ရတဲ့နန်းတော်ရှေ့ဆရာတင်”

Post a Comment

Related Posts Plugin for WordPress, Blogger...