Tuesday, June 19, 2018

တစ်တိုင်းပြည်လုံး စုံးစုံးမြုပ်အောင် နှစ်ခဲ့ကြသူများ

,
"လက်သံပြောင်လွန်းတဲ့ အစိုးရ"

ဦးသိန်းစိန် အစိုးရ အာဏာရလာတာနဲ့ ပထမဆုံးလုပ်ဆောင်ခဲ့တဲ့ အလုပ်ကတော့ မြန်မာတစ်နိုင်ငံလုံးမှာ ရှိသမျှ သယံဇာတတွေကို လက်ညိုးထိုးပြီး ရောင်းတော့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ထဲမှာ မြန်မာ့သယံဇာတ သစ်တောတွေလည်း ပါဝင်ခဲ့ပါတယ်။ ပထမဆုံး တာဝန်ယူတဲ့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ကျွန်းနဲ့ သစ်မာ တန်ချိန်ပေါင်း ၂၄ သိန်းနီးပါး ထုတ်ခွင့်ပြုပေးခဲ့တယ်။ ဦးသိန်းစိန် အစိုးရရဲ့ ဒုတိယနှစ်မှာ တန်ချိန်ပေါင်း ၁၇ သိန်းနီးပါး ထုတ်ခွင့်ပေးခဲ့တယ် ဦးသိန်းစိန် အစိုးရရဲ့ တတိယနှစ်မှာ တန်ချိန်ပေါင်း ၁၀ သိန်းနီးပါးကို ထုတ်ခွင့်ပေးခဲ့တယ်။

ဦးသိန်းစိန် အစိုးရရဲ့ စတုတ္ထနှစ် သက်တမ်းမှာ တန်ချိန်ပေါင်း ခုနစ်သိန်းကျော်ကို ထုတ်ခွင့်ပေးခဲ့တယ်။ တိတိကျကျဆိုရင် တန်ချိန် ၇၂၀၀၀၀ ထုတ်ခွင့် ပေးခဲ့ပါတယ်။

အစိုးရ ငါးနှစ်သက်တမ်းရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ အခု ဘဏ္ဍာနှစ်မှာ ကျွန်းနဲ့ သစ်မာ တန်ချိန်ပေါင်း ၇၃၀၀၀၀ ကို ထုတ်ခွင့်ပေးထားပါတယ်။

အဲဒီအတွက် ဦးသိန်းစိန် အစိုးရ လက်ထက် ငါးနှစ်အတွင်းမှာ သစ်တန်ချိန်ပေါင်း ၆၄ သိန်းကျော်အထိ ထုတ်ခွင့်ပေးခဲ့တာပါ။

ဒီနေရာမှာ ပြောစရာရှိတာက အရင်စစ်အစိုးရ လက်ထက်က ၁၀ စုနှစ် တစ်စုအတွင်း သစ်ထုတ်ခဲ့တာမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ် ကတစ်နှစ်တည်းနဲ့ တန်ချိန် ၁၆၅၀၀၀၀ နီးပါးကို စံချိန်တင် ထုတ်ခွင့်ပေးခဲ့ပါတယ်။

အခု ဒီမိုကရေစီ အစိုးရ အဖြစ် အသွင်ပြောင်းလာတဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ အစိုးရအဖြစ် စတက်တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာပဲ တစ်နှစ်တည်းနဲ့ ကျွန်း၊ သစ် မာတန်ချိန် စုစုပေါင်း ၂၄ သိန်းနီးပါးအထိ ခုတ်ခွင့်ပေးလိုက်ပြီး အရင်စစ်အစိုးရ လက်ထက်က စံချိန်ကို ချိုးဖျက်လိုက်ပါတယ်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာလည်း တန်ချိန်ပေါင်း ၁၆၆၀၅၀၀ အထိ ထပ်ထုတ်ခွင့် ပေးတဲ့အတွက် အရင်စစ်အစိုးရ လက်ထက်က စံချိန်တင် ခွင့်ပြုပေးတဲ့ ပမာဏထက်ပိုပြီး ပေးလိုက်ပြန်ပါတယ်။

ပြောရရင်တော့ တရားဝင်သစ်ခုတ်ခွင့် ချပေးတဲ့ နေရာမှာတော့ အရင်စစ်အစိုးရထက် ဦးသိန်းစိန်အစိုးရက လက်သံပိုပြောင်တယ်လို့ ပြောရမလို ဖြစ်နေပါတယ်။

အရင်စစ်အစိုးရ လက်ထက်က ၁၀ နှစ်နဲ့ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်က ငါးနှစ်စုစုပေါင်း ၁၅ နှစ်အတွင်းမှာ ထုတ်ခွင့်ပေးခဲ့တဲ့ တန်ချိန်ပေါင်းက ၂၁ သန်းကျော်အထိ ရှိပါတယ်။

သစ်တစ်ပင်ကို ပျမ်းမျှတစ်တန်ခွဲနဲ့ တွက်မယ်ဆိုရင် ၁၅ နှစ်အတွင်း သစ်အပင်ပေါင်း ၁၅ သန်းကျော်ကို ခုတ်ယူခွင့် ပေးထားတဲ့ ပမာဏဖြစ်ပါတယ်။

ဒါဟာ တရားဝင် ထုတ်ခွင့်ပေးတဲ့ ပမာဏပဲ ရှိပါသေးတယ်။ ထောင်ဒဏ် တစ်သက် တစ်ကျွန်းကို ရှစ်ရက်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသားတွေ အလုံးအရင်းနဲ့ လာခိုးထုတ်နေခဲ့တဲ့ ပမာဏ၊ ပြည်တွင်းမှာ ခိုးထုတ်တဲ့ ပမာဏတွေ မပါသေးပါဘူး။

အဲဒီလို တရားမ၀င် ခုတ်နေတာက သစ်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းရဲ့ ခန့်မှန်းချက်အရ တရားဝင် ခုတ်ခွင့်ပေးတဲ့  ပမာဏရဲ့ အနည်းဆုံး နောက်ထပ် ရာခိုင်နှုန်း ၅၀ ကနေ တစ်ဆအထိ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။(လျှော့ပေါ့ မှန်းထားခြင်းဟု ဆိုကြသည်)

ဒါဆို ၁၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ သစ်အပင်ပေါင်း သန်း ၂၀ ကျော်ကနေ ၃၀ ကြား(ခန့်မှန်း) အထိ ခုတ်ယူလိုက်ကြတဲ့ အခြေအနေပါ။

ခုတ်ခွင့်ပေးတဲ့ နေရာမှာ လက်သံပြောင်သလို သစ်အလုံးလိုက်ပို့ခွင့်ပြုတဲ့ နေရာမှာလည်း စစ်အစိုးရ လက်ထက်ကထက် ဦးသိန်းစိန် အစိုး လက်ထက်မှာ လက်သံပိုပြောင်ပါတယ်။

ရာသီဥတု ဖောက်ပြန်နေတာတွေဟာ ဒီလိုအလွန်အကျွံ  သစ်ထုတ်ခဲ့လို့ ဆိုတဲ့အချက်က အဓိက ကျနေပါတယ်။ ဘာကြောင့်လဲဆိုတော့ “ဥတုရာသီ တောကိုမှီ” ဆိုပြီး တရားဝင် ဆောင်ပုဒ် ထုတ်ထားတယ်လေ။ အခု ရာသီဖောက်တာ မှီစရာတော မရှိတော့လို့၊ တောပြုန်းလို့ပေါ့။ ဒီတော့ သစ်ခုတ်သူ၊ ခုတ်ခွင့်ပေးသူ၊ ခိုးထုတ်သူတွေကြောင့် ဒီနေ့ ပြည်သူတွေ သဘာဝဘေးဒဏ်ကို ခံစားနေရတာလို့ တပ်အပ်ပြောရမှာပါ။

ဒီတော့ တရုတ်ကခိုးလိုက် ပြည်တွင်းက ခုတ်လိုက်နဲ့ သစ်တောပြုန်းပြီး ရာသီဖောက်ပြန်တဲ့ဒဏ်ကို ဒီလောက် ပြည်သူတွေ ခံစားနေရတာကို တွေ့နေလျက်နဲ့ နောင်တမရနိုင်ဘဲ သစ်ခုတ်ခွင့် ထပ်ပေးတယ်ဆိုတော့ တစ်တိုင်းပြည်လုံးကို ရေအောက် မြေအောက် စုန်းစုန်းမြုပ်အောင် လုပ်နေကြသလား၊ နှစ်နေကြသလားလို့ သစ်ခုတ်ခွင့် ပေးတဲ့သူတွေ၊ ခုတ်တဲ့ လုပ်ငန်းရှင်တွေကို မေးရတော့မှာပါ။

သစ်တော ပြုန်းတီးတာကတော့ ၁၅ နှစ်အတွင်း သစ်အပင်ပေါင်း ၁၅ သန်းကျော်က တရားဝင် ခုတ်လိုက်တာ၊ တရားမ၀င်ကလည်း ၁၅ သန်းထက်မနည်း ခုတ်လိုက်တာဆိုတော့ ၁၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ သစ်တောထဲက သစ်ပင်ကြီးပေါင်း သန်း ၃၀ လောက်အထိ (ခန့်မှန်း) အခုတ်ခံထားရတဲ့အတွက် ပြုန်းတီးတာပါ။

အခုဆိုရင် မြန်မာနိုင်ငံမှာ မထိရသေးတဲ့ (မထိရသေးပေမယ့် သစ်ကြီးဝါးကြီး သစ်ကောင်းဝါးကောင်း ထူထူထပ်ထပ် ရှိမရှိ မသိနိုင်) သစ်တောက ၁၀ ရာခိုင်နှုန်းပဲ ကျန်တဲ့အထိ ပြုန်းခဲ့တာပါ။

ဒီလိုပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး သစ်တောပြုန်းတီးမှုတွေကြောင့် ရာသီဥတု ဖောက်ပြန်တဲ့အကြောင်း ပြောခဲ့ကြပြီးသားပါ။

ဒါပေမဲ့ ၂၀၁၄ ခုနှစ်ရောက်မှ သစ်လုံးတင်ပို့မှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ သစ်ထုတ်မှုကိုတော့ မရပ်ဆိုင်းခဲ့ဘဲ ခုတ်ခွင့်ပေးကြတုန်းပါအလုံးလိုက် တင်ပို့တာ ရပ်တယ်လို့ ပြောပေမယ့် သစ်လောကမှာ အလုံးလိုက်နီးပါး သစ်တွေပို့နေတဲ့ ဇွန်လ ၂၈ ရက်၊ ၂၀၁၅ ခုနှစ် ရက်စွဲပါ ဓာတ်ပုံသက်သေ မှတ်တမ်းတွေ ထွက်လာတဲ့အတွက် အလုံးလိုက် ရပ်တယ်ဆိုတာ နာမည်ပဲရှိပြီး လက်တွေ့မှာတော့ အလုံးလိုက်နီးပါး တင်ပို့ခွင့် ပေးထားသလို ဖြစ်နေပြန်ပါတယ်။

သဘာဝဘေးကြောင့် ပြည်သူတွေ ဘယ်လောက်ပဲ နှစ်စဉ် သေဆုံး ဒုက္ခရောက်ခဲ့ပါစေ၊ ပညာရှင်တွေ ဘယ်လိုပဲ ထောက်ပြထောက်ပြ၊ ဘယ်လိုပဲ ဖော်ထုတ်ရေးရေး၊ ဘယ်လိုပဲ အစီရင်ခံစာတွေ ထွက်ပါစေ၊ စီးပွားဖြစ် သစ်ခုတ်တာကို ဦးသိန်းစိန် အစိုးရလက်ထက်က ခွင့်ပြုမြဲ ခွင့်ပြုနေခဲ့လို့ နောက်ဆုံးတိုင်းပြည်နဲ့ ပြည်သူတွေမှာ ဘာမှ ပြန်မရပဲ သဘာဝဘေးဆိုးကြီးနဲ့သာ နှစ်စဉ် လုံးပန်းနေကြရပါတော့တယ် ...

ကိုးကား : မန်သူရိန်

ZN.H


https://m.facebook.com/groups/637211353133900?view=permalink&id=951149885073377

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တစ်တိုင်းပြည်လုံး စုံးစုံးမြုပ်အောင် နှစ်ခဲ့ကြသူများ”

Post a Comment

Related Posts Plugin for WordPress, Blogger...