Friday, January 5, 2018

“တော်တော်ညံ့တဲ့ အာဏာရှင်” - ထင်လင်းဦး (Wisdom Villa)

,
ဒီကနေ့ မြန်မာလူလတ်ပိုင်းတော်တော်များများကို ဂျူမုံ(ဆောင်အီဂွတ်) ကိုသိသလား ၊ ချန်ဂင် ကို သိ သလား ၊ အွန်စော (ဆောင်းဟေဂျို)ကိုသိသလား ၊ ရိန်းကို သိသလား လို့မေးရင် မသိဘူးလို့ ဖြေမဲ့သူ သူ အတော်ရှားပါလိမ့်မယ် ။ အဲဒီလိုပဲ လူငယ်လေးတွေကို ဂူဂျွန်ဖြိုး (လီမင်ဟို) ကိုသိလား ၊ ပါ့ခ်ရှင်ဟေးကိုသိလား ၊ ရှင်မင်းအာ ကိုသိလား လို့ လို့မေးရင်လဲ ဒါလေး များဆိုပြီး အား ရပါးရဖြေပြပါလိမ့်မယ် ။ ဒါပေမဲ့ ချန်ဒူးဝှမ်ကို သိလား ဆိုရင်တော့ သိတယ်လို့ဖြေမယ့်သူက ရာခိုင်နှုန်း အတော် နည်းသွားမယ်ထင်ပါတယ် ။ လူလတ်ပိုင်း တွေတောင်မှ တော်တော်များများသိဖို့ မသေချာပါဘူး ။  ဒါပေမဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့က အာဇာနည်ကုန်း ဗုံးခွဲခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ဆက်စပ် ပြောမယ်ဆိုရင်တော့ တော်တော်များများက အမှတ်ရလာကြဖို့ရှိပါလိမ့်မယ် ။

 ၁၉၃၁ ခုနှစ်က ကိုရီးယားနိုင်ငံ ကျုံဆမ်ဒိုဒေသမှာ မွေးဖွားခဲ့တဲ့ ချန်ဒူးဝှမ်ဟာ တေဂူ အထက်တန်း ကျောင်းကနေ စက်မှုအထက်တန်းအောင်ခဲ့ပြီး စစ်တက္ကသိုလ်တက်ခဲ့တယ် ။ သူဟာ ၁၉၅၅ ခုနှစ်မှာ စစ်တက္က သိုလ်ကနေဘွဲ့ရခဲ့ပြီး စစ်မှုထမ်းဖြစ်လာခဲ့ပါတယ် ။ အဲဒီနောက် သူ့ဘ၀တစ်ဆစ်ချိုးခဲ့တာက သမ္မတ ပါ့ခ်ချုန်ဟီး က အမျိုးသားပြန်လည်တည်ဆောက်ရေး ဦးစီးဌာနမှာ တာဝန်ပေးခဲ့ရာက စပါတယ် ။

၁၉၆၃ ခုနှစ်မှာတော့ သူဟာ ကိုရီးယား ဗဟိုထောက်လှန်းရေးအေဂျင်စီရဲ့ အုပ်ချုပ်ရေးဌာန အကြီးအကဲဖြစ်လာပါတယ် ။
၁၉၇၉ ခုနှစ်မှာ ချန်ဒူးဝှမ်ဟာ လုံခြုံရေးတပ်ဖွဲ့အကြီးအကဲဖြစ်လာခဲ့ပါတယ် ။

အဲဒီခုနှစ်အောက်တို ဘာ လ ၂၆ရက်နေ့မှာ တောင်ကိုရီးယားသမ္မတ ပါ့ခ်ချွန်ဟီး ဟာ ညစာစားပွဲတစ်ခုမှာ လုပ်ကြံခံခဲ့ရပါ တယ် ။ လုပ် ကြံသူက ကိုရီးယား ဗဟို ထောက်လှမ်းရေးအေဂျင်စီ(KCIA) အကြီးအကဲ ကင်မ်ဂျေးကြူလို့ ဆိုကြပါတယ်  ။ ပါ့ခ်ချုန်ဟီးရဲ့သမ္မတရာထူးကို ဆက်ခံဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းတချို့ကို ဖြေ ရှင်းခဲ့ရအပြီးမှာ ၀န်ကြီးချုပ် ချိုင်ကြူဟာ က သမ္မတရာထူးကိုဆက်ခံခဲ့ပါတယ် ။

 နောက်မကြာခင်မှာ ဗိုလ်ချုပ်ကြီး ဂျုန်ဆောင်ဟွာက သမ္မတလုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ချန်ဒူးဝှမ်ရဲ့ လုံခြုံရေးဌာနကို တာဝန် ပေးအပ်ခဲ့ပါတယ် ။ ချန်ဒူးဝှမ်ဟာ ချက်ခြင်းပဲ ပူးတွဲစုံစမ်းစစ်ဆေးရေးဌာန ဖွင့်လှစ်ပြီး လုပ်ပိုင်ခွင့်အာဏာတွေကို အပြည့်အ၀ ရှိအောင်ဖန်တီးဖို့ သူ့လက်အောက်ခံတွေကို အမိန့်ပေးခဲ့ပါတယ် ။
နောက်တနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ချန်က နိုင်ငံရဲ့အဓိကအရေးပါတဲ့ လူပုဂ္ဂိုလ်လေးဦးကို ပဲဖိတ်ခေါ်ခဲ့ပြီး သူ့ရဲ့ရုံးမှာ အစည်းအဝေးလုပ်ခဲ့ပါတယ် ။ ဖိတ်ကြားခံရသူတွေကတော့ နိုင်ငံခြားရေးဌာန ဒုတိယ အကြီးအကဲ ၊ ပြည်ထဲရေး ဌာန ဒုတိယ အကြီးအကဲ ၊ ရှေ့နေချုပ်နဲ့ ရဲတပ်ဖွဲ့အကြီးအကဲတို့ပဲဖြစ်ပါတယ် ။ အဲဒီအစည်းအဝေးမှာ ချန်ဒူးဝှမ်က သမ္မတပါ့ခ်ချုန်ဟီး လုပ်ကြံခံရတဲ့သတင်းကို ပြောပြအသိပေးခဲ့ပြီး ဒီလုပ်ကြံမှု အတွက် KCIA မှာ အဓိကတာဝန်ရှိကြောင်း ကြေညာခဲ့ပါတယ် ။ ဒီအတွက် အရေးယူစစ်ဆေးမှု တွေလုပ်သွား မယ်လို့ အသိပေးခဲ့ပါတယ် ။ ဒီလိုနဲ့ KCIA ဟာ ချန်ဒူးဝှမ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ရပါတယ် ။

 နောက်လမှာတော့ ချန်ဒူးဝှမ်ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ရိုတေ၀ူး ၊ ယူဟက်ဆောင်း ၊ ဟိုဆမ်ဆု တို့အပါအ၀င် နောက်လိုက်များနဲ့အတူ သူ့ရဲ့ အင်အားကိုပိုမိုတောင့်တင်းအောင် လုပ်ဆောင်ခဲ့ပါတယ် ။
၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ချန်ဟာ စစ်ဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျောင် ဆောင်ဟွာကို သမ္မတပါ့ခ်ချုန်ဟီးကို လုပ်ကြံမှုမှာ လုပ်ကြံသူ ကင်မ်ဂျေးကြူနဲ့အတူ ပါဝင်ပတ်သက်ခဲ့ တယ်လို့ စွဲချက်နဲ့ ဖမ်းဆီမိန့်ထုတ်ပြန်ခဲ့ပါတယ် ။

 ဒီအမိန့်ဟာ သမ္မတ ချွိုင်ရဲ့ သဘောတူခွင့်ပြုချက်မရရှိဘဲ လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ် ။ ဂျောင်ဆောင်ဟွာ ကိုဖမ်းခဲ့တဲ့ညမှာပဲ သူ့ရဲ့သစ္စာခံတွေတပ်တွေနဲ့ ချန်ဒူးဝှမ်ရဲ့ သစ္စာခံတွေ ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ် ။ နောက်နေ့မနက်မှာတော့ ကာကွယ်ရေးဝန်ကြီး ဌာနတစ်ခုလုံးကို ချန်ဒူးဝှမ်ရဲ့သစ္စာခံတွေက သိမ်းပိုက်ခဲ့ပြီး ချန်ဒူးဝှမ်ဟာ အာဏာသိမ်းအစိုးရရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတော့ တယ် ။

၁၉၈၀ မေလ ၁၇ ရက်နေ့မှာ ချန်ဒူးဝှမ်ဟာ တစ်နိုင်လုံးကို စစ်အုပ်ချုပ်ရေး တိုးချဲ့ကြေညာခဲ့ပါတယ် ။   အဲဒီလို စစ်အုပ်ချုပ်ရေးကို တိုးချဲ့ခဲ့ရာမှာ တက္ကသိုလ်တွေကို ပိတ်ပစ်ခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေကိုလည်း ပိတ်ပင်တားမြစ်ခဲ့ပါတယ် ။ သတင်းမီဒီယာတွေကိုလည်း သတင်းဖြတ်တောက်တာတွေ ကန့်သတ်ချုပ်ချယ်မှု တွေပြုလုပ်ခဲ့ပါတယ် ။
အဲဒီလို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခံရတာကို ပြည်သူလူထုက မကျေနပ်ကြတဲ့အတွက် ဂွမ်ကျူး (Gwa ngju) မြို့မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးကိုပြုလုပ်ခဲ့ကြပါတယ် ။ ဒီလှုပ်ရှားမှုကို ချန်ဒူးဝှမ်က ချက်ခြင်းပဲ ဖြိုခွဲနှိမ်နင်းခဲ့ပါတယ်။ အဲဒီလိုနှိမ်နင်းရာမှာ တင့်ကားတွေ ၊စက်သေနတ်တင်  ဟယ်လီကော့ပတာတွေကိုပါ အသုံးပြုခဲ့တယ်လို့သိရပါတယ်  ။ ဆန္ဒပြလှုပ်ရှားသူတွေ ရာပေါင်းများစွာ ထိခိုက်သေကြေခဲ့ရတဲ့ ဒီဖြစ်ရပ်ကြီး ဟာ  တောင်ကိုရီးယား သမိုင်းမှာတော့ (Gwangju massacare) လို့ အမည်တွင်ခဲ့ပါတယ် ။  ချန်ဒူးဝှမ်ကိုလဲ ဂွမ်ကျူး သားသတ်သမား (The Butcher of Gwangju) လို့ ခေါ်တွင်ခဲ့ကြပါတယ် ။ ဒီဖြစ်ရပ်ဟာ ဗိုလ်ချုပ် နေ၀င်းရဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းအပြီးမှာ ကျောင်းသားတွေဆန္ဒပြကြတာကို နှိမ်နင်းခဲ့တာနဲ့နှိုင်း ယှဉ်လေ့လာကြရမဲ့ဖြစ်ရပ်တစ်ခုပါပဲ ။

၁၉၈၀ ဇွန်လမှာ ချန်ဒူးဝှမ်ဟာ အမျိုးသားညီလာခံ ကော်မတီကို ဖျက်သိမ်းစေခဲ့ပြီး သူကိုယ်တိုင် အကြီး အကဲလုပ် သူ့အလိုကျ နောက်လိုက်တွေသာပါဝင်တဲ့ အမျိုးသားလုံခြုံရေးကောင်စီကို ဖွဲ့စည်းစေခဲ့ ပါတယ် ။ သြဂုတ်လ (၅) ရက်နေ့မှာတော့ တပ်တွေကို အပြည့်အ၀ထိန်းချုပ်ခဲ့ပြီး သူ့ကိုယ်သူ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပါတယ် ။ ဒီဖြစ်ရပ်ကိုလဲ ကိုယ့်ကိုယ်ကိုယ် ဗိုလ်ချုပ်မှူးကြီးရာထူးပေးခဲ့တဲ့ ၁၉၈၈ ခုနှစ်အာဏာသိမ်းအစိုးရနဲ့ နှိုင်းယှဉ်လေ့လာကြရပါလိမ့်မယ် ။

အဲဒီလို ကသောင်းကနင်းတွေဖြစ်လာတဲ့ အချိန်ကာလမှာ ရုပ်သေးရုပ်တရုပ်မျှသာ ဖြစ်နေခဲ့ရတဲ့ သမ္မတ ချိုင်ကြူဟာက သမ္မတရာထူးက နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ် ။ သြဂုတ်လ ၂၇ ရက်နေ့မှာ နိုင်ငံတော်ရဲ့ မဲပေးရွေးချယ်ရေး ကော်မတီဟာ ဂျန်ချွန်း အားကစားရုံကြီးမှာ စုဝေးခဲ့ကြပါတယ် ။ အဲဒီမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ချန်ဒူးဝှမ်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ် ။ မဲပေးရွေးချယ်ရာမှာ တက်ရောက်သူ မဲပေးခွင့်ရှိသူ  ၂၅၂၅ ဦးအနက် ကျန်တမဲက ပျက်မဲဖြစ်သွားခဲ့တာကြောင့်  ၂၅၂၄ မဲနဲ့ အတည်ပြု ရွေးချယ်ခဲ့ကြတာပါ ။ ရာခိုင်နှုန်းအားဖြင့် ၉၉.၉၉၉ ရာခိုင်နှုန်း ဖြစ်ပါတယ် ။ စစ်အာဏာရှင်ချန်ဒူးဝှမ်ဟာ ၁၉၈၀ စက်တင်ဘာလ ၁ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တောင်ကိုရီးယားနိုင်ငံတော်ကို ဆက် လက်အုပ်ချုပ်ခဲ့ပါတယ် ။
 နောက်လ အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ တောင်ကိုရီးယားနိုင်ငံမှာ လုပ်ကြံခံရသူ သမ္မတပါ့ခ်ချုန် ဟေး ရဲ့ Democratic Republican Party အပါအ၀င် နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းခဲ့ပါတယ် ။ အခြားနိုင်ငံရေး ပါတီတွေရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကင်မ်ယုံဆမ် နဲ့ ကင်မ်ဒေးဂျုံ တို့ကိုလဲ ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး ကင်မ်ဒေးဂျုံကို သေဒဏ်အပြစ်ချမှတ်ခဲ့ပါတယ် ။

 (ကင်မ်ဒေးဂျုံဟာ သေဒဏ်က လွတ်ခဲ့ပြီး တဲ့ နောက် တောင်ကို ရီးယား သမ္မတဖြစ်လာတဲ့အခါ ချန်ဒူးဝှမ်နဲ့တဖန်ပြန် လည်ပတ် သက်ခဲ့ ရပုံက ထူးဆန်းလှ တာကို နောက်မှာ ဖတ်ရပါလိမ့်မယ်) ။ အဲဒီနောက်မှာ ၁၉၈၁ ခုနှစ် ဇန်န၀ါရီလမှာ  သူ့ရဲ့ ဒီမိုကရက်တစ် တရား မျှတ မှုပါတီ  (Democratic Justice Party) ကို ပြိုင်ဘက်မရှိ တည် ထောင်ခဲ့ပြီးနိုင်ငံ ကိုတစ်ပါတီ စနစ်နဲ့အုပ်ချုပ်ခဲ့ပါတယ် ။ အဲဒီအတွက်လည်း အခြေခံဥပဒေသစ်ကို ရေးဆွဲပြဌာန်းစေခဲ့ပါတယ် ။ ဦးနေ၀င်းရဲ့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေရေးဆွဲခဲ့ပုံနဲ့ မဆလပါတီကို ထူထောင် အုပ်ချုပ်ခဲ့ပုံတို့နဲ့ တစ်ပုံစံတည်းပါပဲ ။  အဲဒီနောက်မှာတော့ ကိုရီး ယားနိုင်ငံမှာ ဒီမိုကရေစီစနစ်နေ၀င်သွားခဲ့ရပါတော့တယ် ။

အာဏာသိမ်းပြီးနောက် ၁၉၈၃ ခုနှစ်မှာ ကိုရီးယား စစ်အာဏာရှင် ချန်ဒူးဝှမ်ဟာ နောင်တော်ကြီး အာဏာရှင် ဦးနေ၀င်းထံကို လာရောက် လည်ပတ်ခဲ့ပါသေးတယ် ။အဲဒီအလည်အပတ်ခရီးစဉ်အတွင်းမှာ သူ သွားရောက်လည်ပတ်ဖို့ အလေးပြုဖို့ စီစဉ်ထားတဲ့ အာဇာနည်ဗိမာန်ဟာ ဗုံးထောင်ဖောက်ခွဲခြင်းခံခဲ့ရပါတယ် ။ မျက်နှာကြက်အတွင်းမှာ ထောင်ထားတဲ့ ချိန်ကိုက်ဗုံးပေါက်ကွဲခဲ့မှုကြောင့် မြန်မာလူမျိုးလေးဦးအပါအ၀င် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး လီဗြွန်ဆွတ် ၊ စွမ်းအင်ဝန်ကြီး ဆုဆန်းချုးလ် ၊ ဒုတိယ ၀န်ကြီးချုပ် နဲ့  စီးပွားရေး စီမံကိန်းဝန်ကြီး ဆွတ်ဆုဂျွန်း ၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး ကင်မ်ဒေါင်ဝီး တို့အပါအ၀င် သမ္မတရုံးဝန်ထမ်းများ ၊ သတင်းစာသမားများ ၊ လုံခြုံရေးဝန်ထမ်းများ အမြောက်အများ အသက်ဆုံးရှုံးခဲ့ရပါတယ်  ။ ဒါပေမဲ့ ချန်ဒူးဝှမ်ရဲ့ ကားကတော့ အချိန်အနည်းငယ်နောက်ကျခဲ့ တာကြောင့် အသက်ဘေးက လွတ်ခဲ့ပါတယ် ။

ချန်ဒူးဝှမ်မှာ မကောင်းခဲ့တာတွေများပေမဲ့ ကောင်းခဲ့တာလေးတွေလဲ ရှိတယ် ဆိုတာကတော့ မပြောလို့ မဖြစ်ပါဘူး ။ ၁၉၈၁ မှာသူကိုယ်တိုင်ရေးဆွဲအတည်ပြု ပြဌာန်းစေခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတ တယောက်ရဲ့ သက်တမ်းကို ခုနှစ်နှစ်သက်တမ်း တကြိမ်တည်းသာ ထမ်းဆောင်ရမယ်လို့ ပြဌာန်းထားပါတယ် ။ သူက အဲဒီ ဥပဒေကိုတော့ မချိုးမဖောက်ခဲ့ဘူး ။ သူ့ရဲ့ အရင်က သမ္မတတွေနဲ့မတူတာက ချန်ဒူးဝှမ်ဟာ (သူ့ရဲ့ သမ္မတသက်တမ်းကုန်ဆုံးမဲ့ ၁၉၈၇ ခုနှစ်ရောက်လာတဲ့ အထိ)  အဲဒီဥပဒေကို ပြင်ဆင်ဖို့ အားမထုတ်ခဲ့တာပါပဲ ။ သူဟာ သူ့ရဲ့သမ္မတသက်တမ်းကုန်ဆုံးချိန်မှာ ပါတီရဲ့ သမ္မတလောင်းအဖြစ် ရိုတေ၀ူးကို အမည်စာရင်း တင်သွင်းပေးခဲ့တယ် ။ အဲဒီနောက် ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ရိုတေ၀ူးကို အာဏာလွှဲပြောင်းပေးခဲ့ပြီး အေးအေး ဆေးဆေးပဲ အနားယူခဲ့တယ် ။

အဲဒီနောက် ၁၉၉၃ခုနှစ်မှာ သမ္မတ ကင်မ်ယုံဆမ် ရွေးကောက်ပွဲအနိုင်ရခဲ့ပါတယ် ။  သမ္မတသစ်ကျမ်း သစ္စာကျိန်ဆိုပွဲမှာ ကင်မ်က ချန်ဒူးဝှမ် နဲ့ ရိုတေ၀ူးတို့ဟာ အာဏာရစဉ်မှာ  အကျင့်ပျက်ခြစားမှု ၊ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်မှုတွေကို ကျူးလွန်ခဲ့တယ် လို့ ကြေညာခဲ့ပါတယ် ။   ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှာ တော့ ပြည်သူလူထုဟာ ၁၉၇၉ ခုနှစ်က စစ်အာဏာသိမ်းခဲ့မှုနဲ့  ဂွမ်ကျူး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကြီးအရေးကို ပြန်လည်ဖော်ထုတ်ဖို့ တောင်းဆိုခဲ့ကြပါတယ် ။ အဲဒါကြောင့် သမ္မတ ကင်မ်ယုံဆမ်က အခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ဖွဲ့စည်းခေါ်ယူပေးခဲ့ပြီး အဲဒီခုံရုံးက ချန်ဒူဝှမ်ရဲ့ ဆောင်ရွက်ခဲ့မှုတွေဟာ အခြေခံဥပဒေကို ကျူးလွန်ရာရောက်ကြောင်း စီရင်ဆုံးဖြတ်ခဲ့ပါတယ် ။

 အဲဒိအတွက်  ၁၉၉၉၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ ချန်ဒူး ၀ှမ် ၊ ရိုတေ၀ူးတို့အပြင် အဓိကပါဝင်ပတ်သက်ခဲ့သူ၁၅ ဦးတို့ဟာ ဖမ်းဆီးအရေးယူခြင်းခံခဲ့ရပါတယ် ။ တချိန် တည်းမှာပဲ သူတို့ရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ခံလာရပါတယ် ။
၁၉၉၆ခုနှစ် သြဂုတ်လမှာ  အများပြည်သူရှေ့မှောက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့အခါမှာတော့ ဆိုးလ် ခရိုင်တရားရုံးက ချန်ဒူးဝှမ်ကို သေဒဏ်အပြစ်ချမှတ်စီရင်ခဲ့ပါတယ် ။ အဲဒီအပြင် ဆိုးလ် တရားရုံးချုပ်ကလဲ သူ့ကို နိုင်ငံတော်ဘဏ္ဍာတွေကို ကိုယ်ကျိုးပြုမှု ၊ အကျင့်ပျက်ခြစားမှုတွေ အတွက် ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ခဲ့ပြန်ပါတယ် ။

 ၁၉၉၇ ခုနှစ် ဒီဇင်ဘာမှာတော့ သမ္မတကင်မ်ယုံဆမ်က သူ့ရဲ့ တသက်တာ ထောင်ဒဏ် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပါတယ် ။ နောက်တက်လာတဲ့သမ္မတ ကင်မ်ဒေးဂျုံလက်ထက်မှာတော့ သူဟာသေဒဏ်ကနေ  လွတ်ငြိမ်းချမ်းသာခွင့်ကို ခံစားခဲ့ရပါတယ် ။ အထက်မှာရေးခဲ့သလိုပါပဲ ကင်မ်ဒေးဂျုံဟာ ချန်ဒူးဝှမ် စစ်အာဏာရှင်သမ္မတဖြစ်နေတုံးက သေဒဏ်အပြစ်ပေးခံခဲ့ရသူပါ ။ သေဒဏ်ပေးခဲ့သူကို သေ ဒဏ်အပေးခံခဲ့ရသူကလွတ် ငြိမ်းချမ်းသာခွင့်ပေးခဲ့ရတဲ့ အဖြစ်က ထူးဆန်းလွန်းလှပါရဲ့ ။

နှစ်သစ်ကူးပြောင်းတဲ့အချိန်မှာ ကိုယ့်နိုင်ငံကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြမလဲ ဆိုတဲ့ မေးခွန်း တွေကို ဆွေးနွေးပွဲတွေမှာ ဆွေးနွေးဖို့ ၊ ဟောပြောပွဲတွေမှာ ထည့်ပြောဖို့ အတွက် ကိုရီးယားနိုင်ငံရဲ့ပြောင်း လဲတိုးတက်မှုတွေ အကြောင်း ပြန်လည်ဖတ်ရှုလေ့လာရင်းမှာ ချန်ဒူးဝှမ်အကြောင်းကို ဖတ်မိတော့ အတော်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ် ။  အာဏာရှင်တယောက်ရဲ့ ဇာတ်သိမ်းခန်းကိုလဲ သံဝေဂရမိပါတယ် ။ စစ်အာဏာ ရှင်တယောက် ဖြစ်ပေမဲ့ တည်ဆဲဥပဒေကို လိုက်နာခဲ့သူ၊ ကိုယ်ကိုယ်တိုင်ရေးဆွဲပြဌာန်းစေခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုတိုး ပိုလျှော့ပြင်ဆင်ချက်တွေမလုပ်ဘဲ သမ္မတသက်တမ်းပြည့်ထမ်းဆောင်ပြီးချိန်မှာ လွယ်ကူချော မွေ့စွာ (မလိမ်မညာ ကတိမဖျက်) အာဏာလွှဲပြောင်းပေးခဲ့သူမို့ပဲ ကရုဏာစိတ်ဖြစ်မိရသလားတော့ မဆိုနိုင်ပါ ဘူး ။ ပြီးတော့ သူ့ရဲ့ကတိတည်မှု ကြောင့် သူ့နောက်မှာ အစဉ်လိုက်ဆက်ခံသူတွေဖြစ်ကြတဲ့ ရိုတေ၀ူး ၊ ကင်မ်ယုံဆမ် ၊ ကင်မ်ဒေးဂျုံ ၊ ရိုမြူဟွန်း ၊ လီမြောင်ဘတ်တို့အစဉ်လိုက် သမ္မတဖြစ်လာခဲ့ကြပြီး စစ်အာဏာရှင် အငွေ့အသက်ကင်းစွာနဲ့ တိုင်း ပြည်ဖွံ့ဖြိုးရေး တည်ဆောက်နိုင်ခဲ့ကြပါတယ် ။

 ဒီကနေ့ကမ္ဘာကြီးမှာ  K-pop တို့ရဲ့တေးသံတွေ လွှမ်းမိုးလာနေတာ  ၊ K – film / TV စတားတို့ရဲ့ ရုပ်ရှင်/ရုပ်သံဇာတ်လမ်း တွေလွှမ်းမိုး လာနိုင်တာ ၊ အမေရိကန်ပြည်ထောင်စု လို ကမ္ဘာ့ထိပ်တန်းနိုင်ငံ ၊ တရုတ်လို ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနဲ့ ဟန်ချက်ညီနိုင်ငံရေးကိုတည်ဆောက်လာနိုင်တာတွေအားလုံးဟာ ၁၉၈၈ ခုနှစ် အာဏာအလွှဲအပြောင်းရဲ့ အသီး အပွင့်တွေပါပဲ ။
အဲဒီအတွက်လဲ အာဏာရှင်ပင်ဖြစ်လင့်ကစား ကတိတည်တဲ့ ၊ ဥပဒေကိုလေးစားတဲ့ ချန်ဒူးဝမ်ကို သဘောကျမိတဲ့စိတ်ကလေးဖြစ်လာရတာပါ ။ ဒါပေမဲ့ သဘောမကျမိတာတစ်ခုတော့ရှိပါတယ် ။ အဲဒါကတော့ တခြားမဟုတ်ပါဘူး ။ သမ္မတအဖြစ်ကနေ အနားယူ အငြိမ်းစားယူပြီးတဲ့နောက်မှာ သူများအာဏာရှင်တွေလို အေးအေးဆေးဆေး ဒူးနန့် စာဖတ်မနေနိုင်ဘဲ အဖမ်းအဆီးခံရ ၊ ထောင်တသက်အပြစ်ပေးခံရ ၊ သေဒဏ်ပေးခံရ (ကံကောင်းလို့ လွတ်ငြိမ်းချမ်းသာခွင့်ရ)နဲ့ အိုကာမင်းကာမှ ဒုက္ခတွေရောက်လိုက်ရတာ ။ အတော်ညံ့တဲ့ စစ်အာဏာရှင်ပါပဲ ။ ကိုယ့်မှာ အာဏာရှိတုံးလေး အမျိုးသားညီလာခံခေါ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေး ခိုင်း ၊ အတည်ပြုခိုင်းခဲ့ပါတော့လား ။ အဲဒီထဲမှာ နောက်ကြောင်းပြန် အရေးမယူရ ဥပဒေပုဒ်မလေး တစ်ခုလောက် ရေးခဲ့ပါတော့လား ၊ ပြီးရင် အဲဒီဥပဒေကို ပြင်ခွင့်မရအောင် နောက်ထပ်ဥပဒေပုဒ်မ တစ်ခုနဲ့ ပြန်ပြီးချုပ်ကိုင်ထား ခဲ့ပါတော့လား ။ ပြီးရင် ဘယ်လိုမှ ပြင်မရအောင် ကိုယ့်တပည့်တပန်းတွေကို ကိုယ်စားလှယ်အဖြစ်နဲ့ လွှတ် တော်ထဲထည့်ထားနိုင်ဖို့ ဥပဒေလေးဘာလေး ရေးဆွဲပြဌာန်းခဲ့ပါတော့လားဗျာ ။ ညံ့ပါ့ …. ။      ။




https://m.facebook.com/story.php?story_fbid=326892657810272&id=100014686211921

0 ယောက်မှတ်ချက်ပြုခဲ့သည် to ““တော်တော်ညံ့တဲ့ အာဏာရှင်” - ထင်လင်းဦး (Wisdom Villa)”

Post a Comment

Related Posts Plugin for WordPress, Blogger...