Friday, May 11, 2018

သမ္မတ အောက်မှာ ကာချုပ် ရှိသလား . . (သီဟသွေး)

,
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က တပ်မတော် ကာကွယ်ရေ ဦးစီးချုပ်နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ ရဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံကြပြီး ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခ ကိစ္စတွေ နဲ့ ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးကိစ္စတွေ နဲ့ ပတ်သက်လို့ မေးမြန်းဆွေးနွေးကြတဲ့ အခါမှာ ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အနေနဲ့ သမ္မတ ၏ ခေါင်းဆောင်မှုအောက်တွင်သာ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပြီး အစိုးရရဲ့ ဦးဆောင်မှုအောက်မှာသာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ် ။ တပ်မတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီလို တရားဝင် တိတိ ပပ ပြောကြားခဲ့ခြင်းဟာ ပထမဆုံးဖြစ်တဲ့ အတွက် ပြည်သူလူထုများအကြားမှာ မယုံကြည်တဲ့သဘော နဲ့ ဝေဖန်ပြောဆိုမှုတွေပေါ်ပေါက်ခဲ့ပါတယ် ။ တချို့ကလည်း ရခိုင် ပဋိပက္ခအတွင်းဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး  နိုင်ငံတကာ အသိုင်းအဝိုင်း က တပ်မတော် ကို ဦးတည် စွပ်စွဲနေကြတာဖြစ်လို့ ဒီအနေအထားကနေ ရှောင်လွှဲနိုင်ရေး ဆင်ခြေပေးဖို့ကြိုးစားခြင်းတရပ်အနေနဲ့ရှု့မြင်ကြပါတယ် ။ တကယ်လည်း သမ္မတ အောက်မှာ ကာကွယ်ရေး ဦးစီးချုပ်ရှိ မရှိဆိုတာဟာ မြန်မာ့နိုင်ငံရေး မှာ အရေးကြီးတဲ့ အညွှန်းကိန်းတစ်ခုဖြစ်ပါတယ် ၊ ရင်ကြားစေ့ရေး အောင်မြင်ရဲ့လား ၊ အစိုးရရဲ့ လုပ်ငန်းတွေမှာ စိတ်ရော ကိုယ်ပါ ပါဝင်လုပ်ဆောင်နေသလား ၊ တပ်မတော် အနေနဲ့ အခု အစိုးရခေါင်းဆောင်တွေအပေါ်အရင် လို နိုင်ငံရေး ယှဉ် ပြိုင်ဘက်တွေလိုသဘောထားပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ကမောက်ကမဖြစ်စေလား၊ ပြည်တွင်းစစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နဲ့ အခြေခံ ဥပဒေပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ ဘယ်လောက် လိုက်လျောပါဝင်မှုရှိသလဲဆိုတဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေ အတွက် အလွန် အရေးကြီးတဲ့ ပြင်ပ လက္ခဏာတွေဖြစ်ပါတယ် ။ ဒါကြောင့် အများပြည်သူ ယုံကြည် ပြောဆိုယူဆနေကြတဲ့ တိုင်းပြည်မှာ အစိုးရ၂ ဖွဲ့ရှိနေတဲ့သဘောတရားမျိုး နဲ့ သမ္မတက သပ်သပ် ကာကွယ်ရေး ဦးစီးချုပ်က သပ်သပ်ဖြစ်နေသလား၊ ဘာကြောင့် ဒီလို ယူဆ ပြောဆိုမှုတွေဖြစ်ပေါ်နေကြသလဲ ဆိုတာကို လေ့လာစူးစမ်းမိသလောက် သုံးသပ်ချင်ပါတယ် ။

တကယ်က ကာကွယ်ရေး ဦးစီးချုပ်ဟာ သမ္မတ ရဲ့ အောက်မှာပဲရှိပါတယ် ၊ ဒါဟာ အခြေခံဥပဒေ ပြဌန်းချက် အရဖြစ်ပါတယ်၊ ဒါဆို ဘာကြောင့် အများပြည်သူက ကာကွယ်ရေး ဦးစီးချုပ်ဟာ သမ္မတ အောက်မှာ ရှိမနေဘူးလို့ ယူဆပြောဆိုနေကြတာလဲ ဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ အဓိက ၃ ချက်ပဲတွေ့ရပါတယ် ။ ပထမတစ်ချက်က အခြေခံ ဥပဒေ က ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်ရေး နယ်ပယ်တင်မက နိုင်ငံရေးနယ်ပယ်မှအထူးအခွင့်အရေးတွေပေးထားတာဟာ သမ္မတ ထက်သာလွန်တဲ့ သမ္မတတောင် မရရှိနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ပေးထားတာပဲဖြစ်ပါတယ် ။ ဒုတိယတစ်ချက် ကတော့ အတိတ်နိုင်ငံရေး အကျိုးဆက်ဖြစ်ပါတယ် ။ တတိယ တစ်ချက်ကတော့ စစ်တပ်ရဲ့ အညှိုးတကြီး ဖိနှိပ်ခြင်းခံရတဲ့အတိုက်အခံ ဘဝ နဲ့ နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ရပြီး အုပ်ချုပ်ရေး အတွေ့အကြုံမရှိပဲ အာဏာရလာတဲ့ NLD သမ္မတဟောင်းရဲ့ အားနည်းချက်ဖြစ်ပါတယ် ။ ခြုံပြီးပြောရရင်  ပြဌန်းချက် အရ ကာကွယ်ရေး ဦးစီးချုပ်ဟာ သမ္မတအောက်မှာ ရှိရမှာဖြစ်ပေမယ့် ပြဌန်းချက် အရပဲ လက်တွေ့မှာ မရှိနိုင်ဖြစ်နေတဲ့အခြေအနေကို ရောက်နေခြင်း၊ ပြဌန်းချက် အရ ရှိသင့်ရှိထိုက်သလောက် အခြေအနေကိုတောင် ရောက်အောင် အရင် သမ္မတဘက်က မလုပ်နိုင်သေးတာခြင်းဖြစ်တယ် လို့ဆိုချင်ပါတယ် ။

ပထမဆုံး အခြေခံ ဥပဒေ ပါပြဌန်းချက်တွေ ကို ကိုးကားပြီးပြောရရင် သမ္မတ ဟာ နိုင်ငံသား အားလုံးရဲ့ အထွတ်အထိပ်နေရာ ရရှိတယ် လို့ဆိုထားသလို နိုင်ငံတော် ဆိုတဲ့ စကားလုံးကိုလည်းကိုယ်စားပြု့ခွင့်ရရှိထားသူဖြစ်ပါတယ် ။ တနည်းပြောရရင် သမ္မတ ဟာ နိုင်ငံတော်ဖြစ်တယ်လို့ အခြေခံ ဥပဒေကပြဆိုထားပါတယ်။ ဒါကြောင့် သမ္မတ ဟာ ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် အားလုံးရဲ့ အထက်မှာရှိနေတယ် ဆိုတာ ဥပဒေနဲ့ ပြဆိုထားတဲ့ အမှန်တရားဖြစ်ပါတယ် ။ ၂၀၀၈ အခြေခံ ဥပဒေ မှာ ပြဌန်းထားတဲ့ အခြေခံမူတွေ ၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံတွေ ၊ နိုင်ငံတော် အကြီးအကဲ လုပ်ပိုင်ခွင့်တွေ ၊ အုပ်ချုပ်ရေး ကဏ္ဍတွေကို ကြည့်မယ်ဆိုရင် ပြည်ထောင်စု သမ္မတ နိုင်ငံတော် လို့ဆိုတဲ့အတိုင်း သမ္မတရဲ့ နိုင်ငံတော် အလား ကြီးမားကျယ်ပြန့်နက်ရှိုင်းတဲ့ သမ္မတ ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ် ။ ဥပမာ ပြောရမယ်ဆိုရင် သမ္မတ နဲ့ ပြည်ထောင်စုလွှတ်တော်က တညီတညွတ်တည်းဆုံးဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတစ်ခုကို စစ်ကြေညာနိုင်ပါတယ် ။ ဒါဟာ ကာကွယ်ရေး ဦးစီးချုပ်ကို အမြင့်ဆုံးအမိန့်ပေးပိုင်ခွင့်ရှိတာပဲဖြစ်ပါတယ်။ သို့သော် အခြေခံ ဥပဒေ ကိုယ်၌က သမ္မတ နဲ့ ကာကွယ်ရေး ဦးစီးချုပ်အကြားမှာ ပေးသလိုလို နဲ့ မရဖြစ်စေသော အချက်တွေလည်းရှိနေပြန်ပါတယ်။ အဲဒါကတော့ သမ္မတ က ကာကွယ်ရေး ဦးစီးချုပ် အထက်မှာရှိနေပေမယ့် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်တွေ ထက်ဝက်ကျော် အချိုးပါဝင်နေတဲ့ ကာလုံ အဖွဲ့ရဲ့ သဘောတူညီချက်တွေ လိုအပ်တဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ၊ ညှိနိုင်းမှုလုပ်ပြီးမှ ချမှတ်နိုင်မယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ကို ထည့်သွင်း သတ်မှတ်ပြဌန်းထားတာပဲဖြစ်ပါတယ် ။ သို့သော်လည်း ရခိုင်ပဋိပက္ခ ပြသနာမှာ ကာလုံခေါ်ခြင်းမခေါ်ခြင်း အငြင်းပွားခဲ့ရတဲ့ ကိစ္စရပ်တစ်ခုသာ ရှိခဲ့တဲ့ အတွက် လက်ရှိ ၂ နှစ်အတွင်း ချမှတ်ခဲ့ရတဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ကာလုံ ဆုံးဖြတ်ချက်တွေ လွှမ်းမိုးနေတယ်ဆိုတဲ့အခြေအနေမျိုးတွေ မကြုံရသေးဘူးဆိုတာတော့အသေအချာပဲဖြစ်ပါတယ် ။ ( ရခိုင်ကိစ္စကိုပြန်ကြည့်မယ်ဆိုရင်လည်း အတိုက်အခံများ လိုလားသလို ပဋိပက္ခဖြစ်ပွားရာနေရာမှာ စစ်အုပ်ချုပ်ရေး ပြဌန်းပြီး တပ်မတော်ကို လုပ်ပိုင်ခွင့်တွေ အပ်နှံခဲ့မယ်ဆိုရင် ဒီကနေ့ ရခိုင်ပဋိပက္ခဖြစ်စဉ် ဟာ အခုထက်ပိုပြီး စွပ်စွဲ အပြစ်တင်ဝေဖန်စရာ အဖြစ်အပျက်တွေများပြီး နိုင်ငံတကာရဲ့ ဖိအားဟာလည်း အခုထက်ပိုလို့ကြီးမားနိုင်ပါတယ် ။) ဒီလို နာမည်ကြီးထမင်းငတ် ကာလုံ ပါဝါ ကစားပွဲဟာ တကယ်လည်း ရေရှည်နိုင်ငံရေး မှာ ပစ်ထားလို့မရတဲ့ အရေးကိစ္စဖြစ်ပါတယ် ။ နိုင်ငံရဲ့ အနောက်ဘက်တကြောမှာ နယ်နမိတ် အငြင်းပွားမှုတွေ နဲ့ တခါတရံ စစ်ရေးတင်းမာမှုတွေ ရှိတတ်တဲ့ ရေခံမြေခံမှာ လူမျိုးရေး ၊ ဘာသာရေး မကင်းတဲ့ ပဋိပက္ခတွေက နိုင်ငံတကာ စွပ်ဖက်မှုကိုဖိတ်ခေါ်ပြီးသားဖြစ်နေပါတယ် ။ တရုပ်နိုင်ငံ နယ်စပ်တကြောမှာလည်း တိုက်ပွဲတွေက ဖြစ်မြဲဖြစ်ဆဲ ရှိသလို ရပ်တန့်သွားမယ့်အရိပ်အယောင်လည်းမတွေ့ရသေးပါဘူး ။ ဒီလိုပဲ ကာလုံမှာ ဆွေးနွေး ဆုံးဖြတ်ရမယ့် ကာကွယ်ရေး ဦးစီးချုပ်ခန့်ထားရေး နဲ့သက်တမ်းတိုးရေး ဟာလည်း မလွှဲသာမရှောင်သာ ကြုံကြရဦးမှာဖြစ်ပါတယ် ။

အခြေခံ ဥပဒေမှာ မလုံလောက်တဲ့ ပြဌန်းချက်အချို့ ကြောင့် ကာလုံ ပြဿနာနဲ့ တပ်မတော် က သမ္မတ အောက်မှာ မဟုတ်ဖူး ဆိုတဲ့ ယူဆချက်တွေ ဟာ ပိုပြီး ယုံကြည်စရာဖြစ်လာတာကလည်းတစ်ကြောင်းဖြစ်ပါတယ် ။ အခြေခံ ဥပဒေ ပါ အခန်း (၅) အုပ်ချုပ်ရေး ပါ အပိုဒ် ၂၀၂ (က) မှာ သမ္မတ ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ ခွင့်ပြုချက် နဲ့ ဝန်ကြီးဌာန တွေ ကိုလျှော့နိုင်တယ် တိုးနိုင်တယ် လို့ ပြဌန်းထားပါတယ် ။ သို့သော်လည်း အဲဒီ အခန်း(၅) ၂၀၁ ကာလုံဖွဲ့စည်းခြင်း နဲ့ ၂၃၂(ည-၂) ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေအတွက် ပြည်ထောင်စု ဝန်ကြီး၃ ဦး ကို ကာကွယ်ရေး ဦးစီးချုပ် အမည်စာရင်းပေးပို့တဲ့ တပ်မတော်သားတွေကို ခန့်အပ်ခြင်း ပြဌန်းချက်တွေဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့် ၂၀၂ ကို ပြန်ပြီးကန့်သတ်ထားပါတယ် ။ သမ္မတ ဟာ ဝန်ကြီးဌာနတွေကို လျှော့နိုင် ပေါင်းနိုင်ပေမယ့် ဒီ ကာကွယ်ရေး ၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေး ဝန်ကြီးဌာန ၃ ခုကိုတော့ လျှော့ နိုင် ပေါင်းနိုင်တဲ့ ခွင့်မရှိသလိုဖြစ်နေပါတယ် ။ ဒီလို ဘာကြောင့်ကန့်သတ်ရခြင်းဖြစ်တယ်ဆိုတာကိုလည်း တိကျတဲ့ ချွင်းချက်တစ်ရပ်အနေနဲ့ ထည့်သွင်းပြဌာန်းထားခြင်းမရှိတာတွေ့ရပါတယ် ။ နောက်တစ်ချက်က တပ်မတော်ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ် ။ နိုင်ငံတော် အခြေခံမူများ နဲ့ တပ်မတော် ရဲ့ အခန်းကဏ္ဍမှာ တပ်မတော်ဟာ တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ် သလို ကာကွယ်ရေး ဦးစီးချုပ်ဟာ လည်း တိုင်းပြည်မှာရှိတဲ့ ( ရဲတပ်ဖွဲ့ အပါအဝင်) လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးရဲ့အကြီးအကဲဖြစ်တယ်၊ လွတ်လပ်စွာစီမံ ကွပ်ကဲခွင့်ရှိတယ်လို့ command line ကို ရှင်းလင်းပြတ်သားစွာဖေါ်ပြ ပြဌာန်းထားပါတယ် ။ သို့သော်လည်း တပ်မတော် ဟာ လစာ နဲ့ စားရိတ်အတွက်  ပြည်သူ့ ဘဏ္ဍာ ကို ခွဲဝေရယူသုံးစွဲပြီး နိုင်ငံတော် သမ္မတ ကို တိုက်ရိုက် သစ္စာခံရပ်တည်ဆောင်ရွက်သည့် ပြည်သူ့ဝန်ထမ်း (ဝါ) အစိုးရဝန်ထမ်း အဖွဲ့အစည်းအဖြစ် တိကျစွာထည့်သွင်းပြဌာန်းထားခြင်းမရှိတာကိုတွေ့ရပါတယ် ။ အစိုးရအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာပြဌန်းချက်တွေကို ကြည့်မယ်ဆိုရင်လည်း သမ္မတ ဟာ အုပ်ချုပ်ရေး အကြီးအကဲဖြစ်တယ်လို့ ပြဌာန်းထားသောလည်း အုပ်ချုပ်ရေး ခေါင်းစဉ်အောက်က ဝန်ကြီးဌာနတွေ ထဲမှာ ကာကွယ်ရေး က ဝန်ကြီးဌာနတစ်ခုအနေနဲ့ပါဝင်ပြီး ဝန်ကြီးဟာ ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းထမ်းဆောင်စေတဲ့ အဆင့်မြင့်အရာရှိ တပ်မတော်သားသာလျှင်ဖြစ်နေတာကိုတွေ့ရပါတယ် ။ ဒါကြောင့် သမ္မတရဲ့ တိုက်ရိုက် command Line  အောက်မှာ ရှိနေတာ တပ်မတော် အကြီးအကဲ ကာကွယ်ရေး ဦးစီးချုပ် မဟုတ်ပဲ တပ်မတော်ကစေလွှတ်ထားတဲ့ ကိုယ်စားလှယ် ဝန်ကြီးသာဖြစ်နေပါတယ် ။ အခြေခံ ဥပဒေ က ပြထားတဲ့ သမ္မတ နဲ့ ကာကွယ်ရေး ဦးစီးချုပ် နဲ့ ပတ်သက်မှုကိုကြည့်မယ်ဆိုရင် ကာလုံ အဖွဲ့ တစ်ခုတည်းသာရှိပြီး ကာလုံ ဆိုတာဟာလည်းလအမျိုးသားလုံခြုံရေး နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကိုသာ ဆွေးနွေးတိုင်ပင်အဖြေရှာ ဆုံးဖြတ်တဲ့ နေရာ ဖြစ်နေတဲ့အတွက် ကာလုံ ကဏ္ဍ အရပြောမယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ် ရဲ့သမ္မတ နဲ့ ဆက်ဆံရေး ဟာ အတိုင်ပင်ခံသဘောဆောင်နေတာကိုတွေ့ရပါတယ် ။ ဒါကြောင့် အခြေခံ ဥပဒေ အရ သမ္မတ ဟာ အားလုံးရဲ့ အကြီးအကဲဖြစ်သော်လည်း တပ်မတော် နဲ့ ရဲတပ်ဖွဲ့ကို လက်၂ ဘက်နဲ့ ကိုင်တွယ် စီမံအုပ်ချုပ်ပြီး အလုပ်လုပ်တဲ့အခါမှာ သမ္မတ က လက်တစ်ဖက်ပဲ ပိုင်ပြီး ကျန်လက်တစ်ဖက်ကို လွတ်လပ်စွာ စီမံကွပ်ကဲခွင့်ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ်ကပိုင်သလိုဖြစ်နေတာပဲဖြစ်ပါတယ် ။ ဒီအချက်တွေဟာ အများပြည်သူအမြင်မှာ တပ်မတော်ကို သမ္မတ နဲ့ ပုခုန်းချင်းယှဉ် ရပ်တည်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုလိုမြင်လာစေတာပဲဖြစ်ပါတယ် ။

ဒီလိုပဲ အခြေခံ ဥပဒေ ထဲမှာ ကိန်းအောင်းနေတဲ့ နောက်တစ်ချက်က နိုင်ငံရေး နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ ၊ဆုံးဖြတ်ချက်တွေ ကို လှုပ်ရှား ကစားတဲ့ အခါမှာ သမ္မတ နဲ့ ယှဉ်ရင် ကာကွယ်ရေး ဦးစီးချုပ် က ပိုပြီး ခြေလှမ်းကျဲ နိုင်စေတယ်ဆိုတဲ့ အချက်ပါပဲ ။  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ အခြေခံ ဥပဒေ ကပေးအပ်ထားတဲ့ လွပ်လပ်စွာစီမံရပ်တည်ခွင့်တွေ နဲ့ ရပ်တည်ရင်း တဘက်မှာ လွှတ်တော်အတွင်း ဥပဒေ ပြုရေး နဲ့ အစိုးရကို ထိန်းကျောင်းရေး ဘက်မှာ လည်း လုပ်ပိုင်ခွင့်ရှိနေပြန်ပါတယ် ။ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ အုပ်ချုပ်ရေး ယန္တယားအတွင်းမှာ သမ္မတ ကို အကြောင်းပြချက်တွေ ၊ အသိပေး တင်ပြချက်တွေနဲ့ အကန့်အသတ်ပါတဲ့ ဖိအား ပေးနိုင်သလို လွှတ်တော်အတွင်းမှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့သူ့ရဲ့ တိုက်ရိုက် ညွှန်ကြားမှုအောက်မှာ အစိုးရ နဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်လွတ်လွတ်ကျွတ်ကျွတ် ကန့်ကွက်တာ၊ ဝေဖန်ဖိအားပေးတာတွေလုပ်နိုင်တာကိုတွေ့ရပါလိမ့်မယ်။ ဒါဟာ သမ္မတ ကိုယ်တိုင်တောင် တရားဝင် အမြဲတန်း မရနိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ထင်ရှားတဲ့ ဥပမာ အနေနဲ့ပြောရရင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကိုးကန့် ၊ ကချင် ၊ပလောင် စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ဖြစ်ပွား နေတဲ့ စစ်ပွဲ ပဋိပက္ခ တွေမှာတွေ့မြင်ရမှာဖြစ်ပါတယ် ။ မြေပြင်မှာ နယ်မြေစိုးမိုးရေး စစ်ဆင်ရေးတွေ လှုပ်ရှားနေသလို လွှတ်တော် အတွင်းကလည်း အဲဒီအဖွဲ့တွေ ကို  သောင်းကျန်းသူ အဖြစ်သတ်မှတ်ပေးဖို့ နိုင်ငံရေး အရ ဖိအားပေးဆောင်ရွက်ခဲ့တာတွေ့ရပါလိမ့်မယ်။ တိုင်းရင်းသားရေး ငြိမ်းချမ်းရေးနယ်ပယ်မှာ အခုလို နိုင်ငံရေး ကစားရင်း နယ်ကျွံသွားတဲ့ အချက်ကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပ်တီကို တရားဝင် တွေ့ဆုံပြီး ရခိုင်ပြည်နယ် လုံခြုံရေး ကိစ္စတွေကိုဆွေးနွေးပြီး လုံခြုံရေး အစီအမံတွေကို ချက်ချင်းဆိုသလို အကောင်အထည်ဖေါ်ခဲ့တာပဲဖြစ်ပါတယ် ။ ဒီဖြစ်စဉ်ဟာ နိုင်ငံရေးနယ်ပယ်မှာ အားလုံးကိုမှင်သတ်မိသွားစေပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ လုံခြုံရေး ကာကွယ်ရေး ကိစ္စတွေ ကို လွတ်လပ်စွာစီမံခွင့်ရထားတာမှန်ပေမယ့် နိုင်ငံရေးပါတီတစ်ခုနဲ့အခုလိုဆွေးနွေးတိုင်ပင်ကြတာကတော့ အာဏာ NLD ပါတီ အစိုးရအနေနဲ့ရော အများပြည်သူအမြင်မှာပါ တပ်မတော်ဟာ အစိုးရ ရဲ့ရှေ့ကို ခြေလှမ်းပြေးချင်နေတယ်ဆိုတဲ့အမြင်ကိုဖြစ်ပေါ်စေပြီး  ရခိုင် ပဋိပက္ခ ဖြေရှင်းရေးကိစ္စ တွေမှာလည်း အစိုးရ နဲ့ တပ်မတော် သီးခြားစီ ကိုင်တွယ်ဆောင်ရွက်နေကြတယ်ဆိုတဲ့ ယူဆချက်တွေကိုဖြစ်ပေါ်စေလာတာပဲဖြစ်ပါတယ် ။  ဒီလို နိုင်ငံရေးပါတီတွေ နဲ့ပါ ဆက်နွယ်ပတ်သက်မှု ရှိလာတဲ့အတွက် အစကနဦးမှာ ကျွန်တော်ထောက်ပြခဲ့တဲ့ အတိတ်က နိုင်ငံရေးဖြစ်စဉ်တွေ ရဲ့ အကျိုးဆက်နဲ့သံသယ ဂယက်တွေကပြန်ထလာပါတယ် ။ နောက်ဆက်တွဲ ပြည်သူတွေအကြားမှာ တပ်မတော်ထောက်ခံပွဲဆိုတဲ့ တပ်မတော်နဲ့ ကာကွယ်ရေး ဦးစီးချုပ် အခန်းကဏ္ဍကို ခွဲထုတ်မြှင့်တင်ပြီး အစိုးရကို ဝေဖန်ဖိအားပေးတဲ့ လှုပ်ရှားမှု တွေပေါ်ပေါက်လာတာကြောင့် အခုလို သမ္မတအောက်မှာ တပ်မတော် မရှိဘူး ၊ တိုင်းပြည်မှာ အစိုးရ၂ ရပ်ဖြစ်နေတယ်ဆိုတဲ့ ယုံကြည်ပြောဆိုမှုတွေ ပိုမိုကျယ်ပြန့်ခိုင်မာလာသလို နိုင်ငံရေး အရလည်း တပ်မတော် ဟာ လက်ရှိ အစိုးရရဲ့ အကျိုးဖြစ်ထွန်းမှုကို မလိုလားပဲ ပူးသတ်နေတဲ့ နိုင်ငံရေး ယှဉ်ပြိုင်ဘက်အဖြစ်ပစ်မှတ်ပြန်ထားလာကြတာကိုတွေရပါတယ် ။ ဒါကြောင့်ရခိုင်မြောက်ပိုင်းပြသနာရဲ့ဘေးထွက်ဆိုးကျိုးတွေ နဲ့ပတ်သက်ပြီးလည်း တပ်မတော် မှာ တာဝန် ရှိတယ် ဆိုတဲ့ တပ်မတော်ကို တိုက်ရိုက် ဦးတည်တဲ့ ပြစ်တင်စွပ်စွဲမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ် ။ အခုအချိန်မှာ တော့ တပ်မတော်က သူတို့အနေနဲ့အစိုးရရဲ့ ဦးဆောင်မှုအောက်ကနေသာ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်။

သမ္မတ အောက်မှာကာကွယ်ရေး ဦးစီးချုပ်ရှိ မရှိ အမြင်တွေ ပေါ်ပေါက်ရခြင်း နဲ့ပတ်သက်လို့ ကျွန်တော် ထောက်ပြခဲ့တဲ့ အချက်၃ ချက်ထဲက နောက်ဆုံး အချက်တစ်ချက်ဖြစ်တဲ့ အရပ်သားသမ္မတတွေ ရဲ့အားနည်းချက်အပိုင်းဖြစ်ပါတယ်။ အခြေခံ ဥပဒေမှာ အတိအလင်းပြဌန်းထားတဲ့ ပြဌန်းချက်တွေ အရ သမ္မတ ဟာ တိုင်းပြည် ရဲ့ အထွဋ်အထိပ် အကြီးအကဲဖြစ်ပါလျှက် အထက်မှာကျွန်တော်တင်ပြခဲ့တဲ့ အခြေခံဥပဒေမှာ ရှိပြီးဖြစ်နေတဲ့ ကန့်သတ်ချက်တွေကလွဲလို့ ထိုက်သင့်သလောက် သမ္မတ အနေနဲ့ တပ်မတော် ကို နိုင်ငံတော် အဆင့် လုံခြုံရေး ကာကွယ်ရေး ကိစ္စတွေ နဲ့ ပတ်သက်ပြီး  ညွှန်ကြားခိုင်းစေမှု ၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်စေမှုတွေ မလုပ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကရှိနေပြန်ပါတယ် ။ တဖန် လုံခြုံရေး အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အထူးသဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေး နဲ့ လျော်ညီတဲ့ ရဲ တပ်ဖွဲ့ အဖြစ် ပြုပြင်မွန်းမံဖွဲစည်းရေး ခေတ်မှီ ရဲတပ်ဖွဲ့အဖြစ် တည်ဆောက်ရေး အတွက် အစိုးရ ရဲ့ မူဝါဒ တွေ နဲ့ အညီဖြစ်စေရေးအတွက် သမ္မတ က ညွှန်ကြားစီမံဆောင်ရွက်မှုတွေ မလုပ်ဘူးလားဆိုတဲ့ မေးခွန်းတွေရှိနေပါတယ် ။ သေချာတာတစ်ခုက အစိုးရကို ထောက်ခံသူတွေအကြားမှာ တပ်မတော်က အစိုးရ ဦးဆောင်မှုကို ကန့်လန့်တိုက်နေတယ်၊ တပ်မတော်က အစိုးရကို အမှုမထားပဲ ထင်ရာလုပ်နေတာကြောင့် တိုင်းပြည်မှာ ထိုက်သင့်တဲ့အပြောင်းအလဲတွေ တိုးတက်မှုတွေမရှိတာဖြစ်တယ်၊ စသဖြင့် ပြောဆိုမှုတွေ ရှိသောလည်း ဒီနေ့ဒီအချိန်ထိတော့ သမ္မတ အပါအဝင် အစိုးရ အဖွဲဝင် တစ်ဦးတစ်ယောက်ကမှ အဲဒီလို အကြောင်းပြချက်တွေ ကို တရားဝင် ပြည်သူကိုအသိပေးပြောကြားခြင်းမရှိသေးဘူးဆိုတာတွေ့ရပါတယ် ။ တကယ်ပဲ အစိုးရ ဦးဆောင်သူတွေ အနေနဲ့ ဒီလို ထိပ်တိုက်တွေ့မှုတွေ ကြုံနေရပြီး အစိုးရရဲ့ ရှေ့သွားမယ့်လမ်းကို ပိတ်ခံထားရတဲ့ အထိ အခြေအနေဖြစ်နေပြီဆိုရင် အစိုးရအနေနဲ့ ပြည်သူကို အသိပေးသင့်တယ်လို့မြင်ပါတယ် ။ သမ္မတဟောင်း ဦးထင်ကျော် တာဝန်ယူကာစ မှာ ကာကွယ်ရေးဦးစီးချုပ် က ကိုကိုးကျွန်းကို သွားရောက်မယ့်ခရီးစဉ်နဲ့ ပတ်သက်ပြီး သမ္မတ ကိုအသိပေးပြီးမှ သွားရောက်ခဲ့လို့ သူတို့ ၂ ဦး ပြန်ဆုံတွေ့ချိန်မှာ သမ္မတက ကာကွယ်ရေး ဦးစီးချုပ် ကို ခရီးစဉ် ကိစ္စ အဆင်ပြေခဲ့ရဲ့လားဆိုပြီး တရင်းတနှီးမေးမြန်းတာကိုသိရှိခဲ့ရပါတယ် ။ အမှန်တော့ သမ္မတ နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဆက်ဆံရေး ဟာ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်အလွန်အရေးပါတယ်လို့မြင်ပါတယ် ။ သမ္မတဖက် က တိုင်းပြည် အကျိုးကိုရည်မှန်းပြီး ဒါ ဆက်ဆံရေးကို သူ့အနေနဲ့ ကြိုးပမ်းအားထုတ်နိုင်တယ်လို့မြင်ပါတယ် ။ " အရပ်သားသမ္မတ နဲ့ အရပ်သား အစိုးရအဖွဲ့ ဝန်ကြီးတွေကွာ အုပ်ချုပ်ရေး သဘောတရား ၊ အုပ်ချုပ်ရေး လုပ်ငန်းစဉ် နည်းနာနိဿရ တွေ ဘာမှနားမလည်ပါဘူး" ဆိုပြီး တဘက်က အထင်အမြင်သေးတဲ့ သဘောလည်းရှိနိုင်ပါတယ် ။ သို့သော် ကိုယ့်ဘက် မှာ အရင်က မရင်းနှီးမကြုံတွေ့ဖူးခဲ့တာမှန်ပေမယ့် ဒီ အုပ်ချုပ်ရေး သဘောသဘာဝတွေ အခု အသေအချာ လေ့လာပြီး ၊ ပြည့်စုံ တိကျတဲ့ လုပ်ငန်းလမ်းညွှန်မှုတွေ ကို ပေးနိုင်အောင်ကြိုးပမ်းရင်း တစ်ဘက်က ကိုယ့်ကို လက်တွေ့ယုံကြည်လေးစား ဦးညွတ်လာအောင် ကိုယ့်ဘက်ကလည်း စွမ်းဆောင်နိုင်မှဖြစ်မယ်လို့မြင်ပါတယ် ။ ဒီနေရာမှာ အရင် ဦးသိန်းစိန်လက်ထက် က ဖြစ်ရပ်လေးတစ်ခု ကို ဥပမာပေးချင်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသား အဖွဲ့တွေကို NCA ထိုးဖို့  စည်းရုံးသိမ်းသွင်းနေချိန်က မြောက်ပိုင်း နဲ့ အရှေ့ပိုင်းဒေသတွေ မှာတိုက်ပွဲတွေပြန်ဖြစ်တော့ ဦးသိန်းစိန်က တပ်မတော် ကို ခံစစ်အနေအထားနဲ့သာနေပြီး လာရောက်တိုက်ခိုက်မှ ပြန်လည်တိုက်ခိုက်ဖို့ အမိန့်ပေးထားကြောင်း အများသိ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုဆိုရင် အဲဒီ မြောက်ပိုင်းဒေသ တင်မက NCA လက်မှတ်ထိုးထားတဲ့ ဒေသတွေ မှာပါ စစ်ရေးတင်းမာမှုတွေဖြစ်နေပါတယ် ၊ သမ္မတ က တပ်မတော်ကို ဘယ်လို ညွှန်ကြားထားသလဲ ၊ တပ်မတော်ကရော ဘာတွေ ပြန်လည်တင်ပြထားတာရှိလည်း ဆိုတာ မသိရပါဘူး ။ ဒါကြောင့်အကျိုးဆက်ကတော့ တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး ပြစ်တင်ခံရမှု၊ တိုင်းရင်းသားတွေ ရဲ့ နားလည်မှုလွဲမှားခံရမှု စတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ကို ပင်လုံငြိမ်းချမ်းလုပ်ငန်းစဉ် အကောင်အထည်ဖေါ်နေတဲ့ အစိုးရ က ခံရပါတယ် ။ အခု သမ္မတသစ် ဦးဝင်းမြင့် လက်ထက်မှာတော့ တပ်မတော် နဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လို့ သမ္မတ အနေနဲ့ အခြေခံ ဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို တင်းပြည့်ကျပ်ပြည့် သုံးနိုင်အောင်ကြိုးစားပြီး လုံခြုံရေး ၊ ကာကွယ်ရေး ၊ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းမှုရရှိရေးအတွက် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ် ။ အားလုံးသိတဲ့အတိုင်း အခြေခံ ဥပဒေပါပြဌန်းချက်တွေမှာ အဓိပ္ပါယ်ဖွင်ဆိုမှုအပေါ်တည်ပြီး အကန့်အသတ်တွေ အဟန့်အတားလေးတွေရှိတယ်လို့ ခံစားရစေပါတယ် ။ ဒါပေမယ့် တကယ်လက်တွေ့ လုပ်ငန်းခွင်ထဲမှာ တွေ့ကြုံရတဲ့ အတားအဆီးအကန့်အသတ်သာလျှင် အမှုထား ရင်ဆိုင်ချေဖြတ်ရမယ်လိုမြင်ပါတယ် ။ ရှေ့မတိုးကြည့်သေးပဲ အခြေခံဥပဒေကြောင့်လို့ အော်နေတာကတော့ လက်တွေ့ဖြေရှင်းမှု နဲ့အဝေးကြီးပါလို့ပြောချင်ပါတယ် ။ တကယ်တန်းရှေ့တိုး လုပ်ကိုင်ရင်း လက်တွေ့ ကြုံရတဲ့ အတားအဆီး အကန့်အသတ်တွေကို ကိုယ်တိုင်လည်းရှင်း ပြည်သူကိုလည်း အသိပေး စစ်ကူခေါ် ညာညှိလိုက်ရင် လက်တွေ ဖြေရှင်းနိုင်မှု အဖြူအမဲ သဲကွဲသွားမှာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ အောက်မှာ ကာကွယ်ရေး ဦးစီးချုပ်ရှိသလားလို ဆိုရင် " ဥပဒေ အရ သမ္မတ အောက်မှာ ကာကွယ်ရေး ဦးစီးချုပ်ရှိပါတယ် .. ရောက်မလာသေးတာပါ" လို့ပြောရပါလိမ့်မယ် ။ ဒါကြောင့် သမ္မတကြီး အနေနဲ့လည်း အခြေခံ ဥပဒေ ကပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့် အာဏာအပြည့်အဝ ကို သင့်တင့်လျှောက်ပတ်စွာ ရယူသုံးစွဲရင်း ကာကွယ်ရေးဦးစီးချုပ် နဲ့ အတူ အပေးအယူမျှမျှ လုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့တိုက်တွန်းလိုက်ရပါတယ် ။ကျွန်တော်တို့ ပြည်သူတရပ်လုံးကလည်း ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတ အောက် အရောက်ပို့ဖို့ တက်နိုင်တဲ့ဘက် ကိုယ်စီကြိုးစားကြပါစို့ ... လို့သာ ။


Credited to
The Speaker , Vol-2 No- 24



https://m.facebook.com/story.php?story_fbid=2037247499864531&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ သမ္မတ အောက်မှာ ကာချုပ် ရှိသလား . . (သီဟသွေး)”

Post a Comment

Related Posts Plugin for WordPress, Blogger...