ရန်ကုန်မြို့အတွင်း လမ်းဘေးတွင်ရောင်းချသည့်
အစားအစာများ၌ အစာအဆိပ်သင့်စေသည့် ပိုးမွှားများပါဝင်နေသည်ကို
တွေ့ရှိခဲ့ကြောင်း ဆေးသုတေသနဦးစီးဌာနမှ သတင်းရရှိသည်။
ထမင်းကြော်ကိုအပူပေးပြီး ပြန်နွှေးရောင်းချသည့် ဆိုင်များနှင့် လက်တွင် ပြည်တည်နာရှိသော အစားအသောက်ကိုင်တွယ်သူထံမှ ၀ယ်ယူသည့် အစားအသောက်များတွင် အစာအဆိပ်သင့်မှုကို ဖြစ်ပေါ်စေသော ပိုးမွှားများပါဝင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထိုသုတေသနကို ရန်ကုန်မြို့အတွင်းရှိ မြို့နယ်ငါးခု၌ လမ်းဘေး၌ရောင်းချသော အစားအစာများတွင် ပြုလုပ်ခဲ့ရာ အစားအဆိပ်သင့်မှုကို ဖြစ်ပေါ်စေသည့် ပိုးမွှားများတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆေးသုတေသနဦးစီးဌာနရှိ အမျိုးသားအဆိပ်ထိန်းချုပ်မှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းလှကပြောသည်။
ထိုအစားအစာများတွင်သာမက ဈေးကွက်အတွင်းရှိ ငရုတ်သီးမှုန့်များ၊ လက်လုပ်ချဉ်များ၊ အသားကင်များ၊ ငါးခေါင်းအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဆူရှီ၊ ငါးခြောက်အမျိုးမျိုး၊ မြေပဲအမျိုးမျိုးတို့မှလည်း အစာအဆိပ်သင့်နိုင်သည့် ပိုးမွှားများပါဝင်နေသည်ကို လေ့လာတွေ့ရှိခဲ့သည်။
ထမင်းကြော်ကို အပူပေးပြီးပြန်နွှေးခြင်းသည် ရောဂါပေါက်ဖွားမှုအားပေးသဖြင့် ထိုအစားအစာထဲတွင် Bacillus Cereus အစာအဆိပ်သင့်မှုကို ထမင်းကြော်များထဲတွင် အများဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လက်တွင် ပြည်တည်နာရှိနေသူက အစားအသောက်ကိုင်တွယ်ရာမှ ပါဝင်လာသည့် ရောဂါပိုးသည် ပွက်ပွက်ဆူသည့် ချက်ပြုတ်မှုကို ခံနိုင်ရည်ရှိသည်။
ယင်းအဆိပ်ပါဝင်သောအစာသည် မူရင်းသဘာဝအတိုင်း အရောင်၊ အနံ့၊ အရသာ မပျက်ယွင်းဘဲရှိတတ်ပြီး ထိုအစာစားသုံးမိသူသည် အပြင်းအထန်ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ၀မ်းပျက်ခြင်း စသည့် အစာလမ်းကြောင်းအဆိပ်သင့်မူကိုပါ ခံစားရစေခြင်းဖြစ်ကြောင်း ဒေါက်တာသောင်းလှကပြောသည်။
ထိုအဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်ရန် သန့်ရှင်းလတ်ဆတ်သည်ဟု ယုံကြည်စိတ်ချရသောဆိုင်များမှ ၀ယ်ယူရန်၊ အစားအသောက်ပြင်ဆင်ရာတွင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုရန်နှင့် အစားအသောက်များ ၀ယ်ယူလာပြီးလျှင် ချက်ချင်းချက်ပြုတ်ရန်နှင့် အခန်းအပူချိန်တွင် ကြာရှည်စွာထားခြင်းကို ဆင်ခြင်ခြင်းစသည်တို့ဖြင့် အစားအစာများတွင် ပိုးမွှားများပေါက်ဖွား၍ ဖြစ်ပေါ်လာသည့် အစာအဆိပ်သင့်ခြင်းကို ကာကွယ်နိုင်ကြောင်းသိရသည်။
ထို့အပြင် မိသားစုအတွင်းဖြစ်စေ၊ ပတ်ဝန်းကျင်၌ဖြစ်စေ အစာအဆိပ်သင့်မှုတစ်ခုခုဖြစ်ပွားလာပါက ကူညီဖြေရှင်း၍ သိလိုသည့်အကြောင်းအရာများ မေးမြန်းရန် ဆေးသုတေသနဦးစီးဌာန(အောက်မြန်မာပြည်) အမျိုးသားအဆိပ်ထိန်းချုပ်မှုဌာန ဖုန်း - ၃၇၉၄၈၀၊ ၀၉ -၇၃၁၅၅၃၄၂ သို့ ၂၄ နာရီ ဆက်သွယ်မေးမြန်းနိုင်သည်။

ရန်ကုန်၊ ဒီဇင်ဘာ-၂၁