Friday, February 9, 2018

သတင်းစာပညာဆိုတာ ဖော်ထုတ်ဖို့ပါ၊ ဖာထေးဖို့မဟုတ်ပါဘူး

,
ရိုက်တာရဲ့သတင်းတင်ဆက်မှုကြောင့် သတင်းသမားအချို့လည်း ထွန့်ထွန့်လူးကုန်တာတွေ့ရပါတယ်။ နိုင်ငံတော်လုံခြုံရေး၊ သတင်းရောင်းစားတဲ့သစ္စာဖောက်ကောင်တွေ ဘာညာလျှောက်ပြီး ကင်ပွန်းတပ်ကြပေါ့။ ရိုက်တာရဲ့တင်ဆက်ပုံကို သဘောတူခြင်း၊ မတူခြင်းပြောချင်တာမဟုတ်ပါဘူး။ (ရေးသားတင်ဆက်ပုံ၊ သတင်းရင်းမြစ်တွေရဲ့နာမည်တွေထည့်သွင်းထားမှု၊ တင်ဆက်တဲ့အချိန်ကာလတွေနဲ့ပတ်သက်ပြီး အငြင်းပွား အချင်းများစရာတွေရှိပါတယ်။) သတင်းသမားထားရမယ့်စိတ်ဓါတ်ကို စောကြောမိတာပါ။

မီဒီယာတွေမှာ Media agenda setting ဆိုတာရှိတတ်ကြပါတယ်။ မတူညီတဲ့မီဒီယာတွေမှာ မတူညီတဲ့ agenda setting တွေရှိတတ်တယ်။ ဟိုတစ်နေ့ကပဲ ဟန်နာဘိခ်ျက ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ဒုက္ခသည်စခန်းထဲက အလိမ်အညာဇာတ်လမ်းတွေဖော်ထုတ်ခဲ့သလို AP ကလည်း အစုလိုက်အပြုံလိုက်သတ်တယ်ဆိုတာတွေရေးသားကြတာပဲ။ သူတို့ရေးသားဖော်ထုတ်တဲ့ အချက်လက်မှားတယ်ဆိုရင် အမှန်တရားကို ထင်သာမြင်သာရှိအောင်ပြခြင်းနဲ့တုန့်ပြန်ဖို့လိုပါတယ်။ ကိုယ့်လက်ကသွေးမစွန်းပါဘူးလို့အော်နေရုံနဲ့မပြီးဘဲ လက်ဖြန့်ပြဖို့လိုပါတယ်။ လက်ဖြန့်မပြနိုင်ရင် ဘယ်သူမှမယုံကြပါဘူး။

ငါတို့မျိုးနွယ်တူတွေ မဟုတ်တာလုပ်ရင် ဖုံးကွယ်ထားရမယ်လို့ ဘယ်သတင်းစာပညာမှာမှသင်မထားပါဘူး။ ဘာလို့အဲဒီ့ သတင်းရေးတာလဲ၊ ဘာလို့ အဲဒီ့ဓါတ်ပုံရိုက်တာလဲဆိုတာထက် အဲဒီ့အဖြစ်အပျက် ဘာလို့ဖြစ်ရတာလဲဆိုတာ မေးခွန်းထုတ်သင့်တာပါ။ သတင်းသမားရဲ့တင်ဆက်ပုံကြောင့် ပဋိပက္ခဖြစ်ရတာလား၊ ပဋိပက္ခဖြစ်လို့ သတင်းတင်ဆက်ရတာလားဆိုတာ သေချာစဉ်းစားဖို့လိုပါတယ်။ သတင်းသမားရဲ့တာဝန်ကတော့ မဟုတ်တာလုပ်တာကိုဖော်ထုတ်ဖို့ပါပဲ။ ကိုယ့်အကြောင်း သတင်းအရေးမခံချင်ရင် မဟုတ်တာမလုပ်ဖို့ပဲ။

AIR လို့ခေါ်တဲ့ Accurate တိကျမှု၊ Impartial ဘက်မလိုက်မှု၊ Responsible တာဝန်ယူမှုရှိပါလို့ပဲ သင်ထားတာပါ။ စတုတ္ထမဏ္ဍိုင်လို့တင်စားတာကလည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေရဲ့ လွဲမှားမှုတွေကို တိတိကျကျ ဘက်မလိုက်ဘဲ တာဝန်ယူမှုရှိရှိဖော်ထုတ်ပါလို့ပဲရှိပါတယ်။ တခြားမဏ္ဍိုင်တွေရဲ့ လွဲမှားတဲ့အပြုအမူတွေကို ဖာထေးရမယ်လို့ ပြဌာန်းမထားပါဘူး။ ဖာချင်ထေးချင်ရင်တော့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ခေါင်းစဉ်ကို အသုံးမချဘဲ အဲဒီ့မဏ္ဍိုင်တွေအတွက် ဒဲ့သွားအလုပ်လုပ်ဖို့ပဲ တိုက်တွန်းလိုပါတယ်။

လူ့အဖွဲ့အစည်းအတွက် ဖာထေးတာ ဂုဏ်သိက္ခာရှိလား၊ ဖော်ထုတ်တာ ဂုဏ်သိက္ခာရှိသလား လွတ်လပ်စွာဆွေးနွေးနိုင်ကြဖို့ပါပဲ သတင်းစာဆရာအပေါင်း သူတော်ကောင်းတို့ခင်ဗျာ။

Credit; #Zayar Hlaing
မော်ကွန်း မဂ္ဂဇင်း

https://m.facebook.com/story.php?story_fbid=1636141363145288&id=100002483192940

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သတင်းစာပညာဆိုတာ ဖော်ထုတ်ဖို့ပါ၊ ဖာထေးဖို့မဟုတ်ပါဘူး”

Post a Comment

Related Posts Plugin for WordPress, Blogger...