Saturday, September 1, 2018

၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး

,
၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးမှာ အန်အယ်လ်ဒီဟာ သောင်ပြိုကမ်းပြို နိုင်ခဲ့ပေမဲ့ ဒီ အောင်နိုင်မှု ကို ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့ဘူး အလုပ်မလုပ်နိုင်ခဲ့ဘူး ဆိုတာတွေ့ရတယ်။

ရပ်တည်ချက် က လိုင်းမပြတ်တဲ့ အခါ ဟိုလိုလို သည်လိုလို နဲ့ နှစ်ဘက်စလုံး က မုန်းတာကို ခံလာရတယ်။ မျိုးချစ်အုပ်စုတွေ ကလည်း အမျိုးသားရေး ကို မလုပ်လို့ ဆိုပြီး တိုင်းဖျက်ပြည်ဖျက် ပါတီ တစ်ခု အဖြစ် ရုပ်လုံးဖော်တယ်။ ဒီမို တွေ ကလည်း ဒီမိုစံနှုန်းနဲ့ မကိုက်ညီလို့ ဆိုပြီး ပြစ်တင်ဝေဖန်ကြပြန်တယ်။ မိအေး နှစ်ခါနာပေါ့။

အန်အယ်လ်ဒီ ရဲ့ နိုင်ငံရေး ကစားကွက်ဗျူဟာ ကတော့ စစ်တပ်နဲ့ ပလဲနံပသင့်ရေး ကို အထိုင်လုပ်ပြီး သွားနေတာမြင်ရတယ်။ ဒါလည်း သိပ်အလုပ်ဖြစ်တာကို မတွေ့ရဘူး။ တပ် က သူ့ ရပ်တည်ချက် ကို တစ်ရွေးသားမှ မပြောင်းဘူး။ တိုင်းပြည်ငြိမ်းချမ်းရင် တပ်က နိုင်ငံရေးထဲ ကထွက်မယ် လို့ ပြောတယ်= သူတို့ ပြောတဲ့ ငြိမ်းချမ်းရေး က တကယ် မရနိုင်တဲ့ ငြိမ်းချမ်းရေးမျိုး ဆိုတော့ ဒါဟာ တပ်အနေနဲ့ နိုင်ငံရေးထဲ ကနေ ဘယ်တော့မှ မထွက်ပါဘူးဆိုတဲ့ အဖြေပဲ ထွက်လာတယ်။

ဒီတော့ တပ်ကမထွက်ရင် တပ်ထဲက ဘုရားလောင်းပေါ်လေမလား ဆိုပြီး မျှော်တဲ့ဝါဒ ဘက်ကိုလိုက်လာတယ်။ အရာရာဟာ တပ်လက်ထဲမှာပဲ ပေါ့။ ငြိမ်းချမ်းရေးလဲ တပ်ကလုပ်မှ နိုင်ငံရေးလမ်းမှန်ပေါ်ရောက်ဖို့ဆိုတာလည်း တပ်ကလုပ်မှ ဆိုတာမျိုး ဖြစ်လာခဲ့တယ်။ ဆိုတော့ကာ ပြောရရင်တော့ အန်အယ်လ်ဒီ ဟာ တပ်နဲ့ ကစားပွဲမှာ ခြေအလျော့ပေးပြီး ကစားနေတယ်ဆိုတာပဲ မြင်ရတယ်။ တပ်ကို ၀က်အူရစ်တင်းနိုင်တာမျိုး သိပ်မတွေ့ရပါဘူး။ ခြေဥကို ပြင်မယ် ပြောင်းမယ်ဆိုတဲ့ သူတွေ ပဲ ကျဆုံးကုန်ကြတယ်။

တပ်က ၂၅% နဲ့ ၀န်ကြီးဋ္ဌာန ၃ ခုကို ကိုင်ထားတယ်ပဲ ဆိုစေဦးတော့ အန်အယ်လ်ဒီ အနေနဲ့ ကျန်တဲ့ ကဏ္ဍတွေ ဖြစ်တယ် ပညာရေး စီးပွားရေး လူမှုရေး ကဏ္ဍတွေမှာ ထိရောက်တဲ့ မဟာဗျူဟာတွေ ချမှတ်ဆောင်ရွက်နိုင်တာမျိုး အရွေ့ဖြစ်စေနိုင်မဲ့ လမ်းကြောင်းတစ်ခုခု ပေါ်ကို ရောက်နေတာမျိုးတွေလည်း မတွေ့ရပါဘူး။

ရခိုင်မြောက်ပိုင်းကိစ္စမှာဆိုလည်း အန်အယ်လ်ဒီ ဟာ ဟိုဘက်လိုလို သည်ဘက်လိုလို ဖြစ်နေတဲ့အခါ နှစ်ဘက်စလုံးရဲ့ ပြစ်တင်ဝေဖန်မှု ကို ခံလာရတယ်။ အရင်က မဟာမိတ်ဖြစ်ခဲ့တဲ့ အနောက်တိုင်းဒီမို နိုင်ငံတွေ နဲ့ လည်း ခွာပြဲသထက်ပြဲလာခဲ့တယ်။ သီလသမာ ရပ်တည်ချက်တွေ တန်ဖိုးတွေထက် အကျိုးရလဒ်ကို မျှော်ကိုးပြီး လုပ်လာတဲ့အခါမှာ ရပ်တည်ချက်တွေ က ရှေ့နောက်မညီညွတ်တာတွေ ဖြစ်လာပြန်တယ်။

ချုပ်ပြောရရင်တော့ အန်အယ်လ်ဒီ ဟာ တကယ့်လူတော်တွေ ကို မရွေးနိုင်ခဲ့ဘူး မစည်းရုံးနိုင်ခဲ့ဖူး ဖော်လံဖားတွေ နဲ့ ကောက်ရိုးမီးတွေ ကို ပဲ နေရာပေးနိုင်သလို ဖြစ်တဲ့ အခါ မစားရ၀ခမန်းတွေတော့ ပြောကြ လေလုံးထွားကြပြီး လုပ်ရပ်တွေ ကတော့ ချိုမိုင်မိုင် မထောမနန်းတွေ ဖြစ်ကုန်တယ်။ ထောက်ပြဝေဖန်သူတွေ ရှိရင်လည်း ကန်ထုတ်ပစ်တဲ့ နည်းနဲ့ ပဲရှင်းတာကိုတွေ့ရတယ်။ ပြည်သူ့ ကိုယ်စားလှယ်တွေဟာ ပြည်သူကို ကိုယ်စားပြုပြီး အစိုးရ ကို မကန့်သတ်မထိမ်းကျောင်းနိုင်တော့ ပဲ အကြောက်တရားနဲ့ ဆက်ပြီး ပါတီဝင်ဖြစ်အောင် ထိန်းနေရတဲ့ ပုတ်သင်ညို ကိုယ်စားလှယ်တွေသာ ဖြစ်လာပါတော့တယ်။

၂၀၂၀ ကတော့ သိပ်မဝေးတော့တာ အမှန်ပါ။ အချိန်လည်းသိပ်မကျန်တော့ ပါဘူး။ ၂၀၁၅ တုန်းကလိုပဲ တစ်ခဲနက် မဲပေးကြမယ်လို့ ထင်ရင်တော့ ဒါဟာ ပြည်သူကို ငတုံး လို့ ထင်နေတဲ့ သဘော သက်ရောက်နေပါတယ်။ ပြည်သူတွေ က ငတုံးငအ တွေဖြစ်မှ သာ လူကိုမကြည့် ပါတီပဲကြည့်လို့ မဲပေးပါ ဆိုတာမျိုး က အလုပ်ဖြစ်မှာ ပါ။ လက်တွေ့ ဖြတ်သန်းခဲ့ရတဲ့ ၂၀၁၅-၂၀၂၀ ကာလ ရဲ့ အတွေ့အကြုံတွေ ကလည်း ထောက်ခံရင်းစွဲရှိတဲ့ ပြည်သူတစ်ချို့တောင် စိတ်ပျက်နေမိကြပြီဆိုတာ အမှန်တရားတစ်ခုဖြစ်လို့ ဒါကို အန်အယ်လ်ဒီ အနေနဲ့လည်း သဘောပေါက်ထားဖို့လိုမယ် ထင်တယ်။

အိန္ဒိယနိုင်ငံရေးမှာ နှစ်ပေါင်း ၆၀ လောက် အင်ပါယာထူထောင်နိုင်ခဲ့တဲ့ ကွန်ဂရက်စ်အိုင် ပါတီတောင် ဘယ်လို ကျရှုံးခဲ့ရသလဲ ဆိုတဲ့ သင်ခန်းစာကိုကြည့်ရင်==မဖြစ်နိုင်တဲ့ အိပ်မက်တွေ ကို အကောင်အထည်ဖော်ချင်နေသရွေ့ ခေါင်းဆောင်တစ်ဦးတစ်ယောက် ကိုပဲ ဗဟိုပြုလို့ ဘုန်းတော်ဘွဲ့နေသရွေ့ အန်အယ်လ်ဒီ ကျရှုံးရမဲ့ ကာလဟာလည်း နီးသထက်နီးလာစေလိမ့်မယ်လို့ သုံးသပ်မိပါကြောင်း။



https://m.facebook.com/story.php?story_fbid=10157206145799316&id=744769315

0 ယောက်မှတ်ချက်ပြုခဲ့သည် to “၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး”

Post a Comment

Related Posts Plugin for WordPress, Blogger...