Monday, July 2, 2018

'ရက်စက်ယုတ်မာမှုတွေဟာ စဉ်းစားလို့တောင်မရဘူး'လို့ ကုလအတွင်းရေးမှူးချုပ် Antonio Guterres ပြော

,
ကုလအတွင်းရေးမှူးချုပ် နှင့် ကမ္ဘာ့ဘဏ် ဥက္ကဌတို့ဟာ မုဒိန်းကျင့်၊ညှင်းဆဲ၊လူ့အခွင့်ရေးချိုးဖောက်ခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ ဒါကာမြို့မှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပြီး၊ ဒီနေ့ ဒုက္ခသည်စခန်းကို ကမ္ဘာ့ဘဏ် ဥက္ကဌနဲ့ အတူ ကုလ အတွင်းရေးမှူးချုပ်က သွားရောက်ကြည့်ရှုနေတာဖြစ်ပါတယ်။

“မြန်မာနိုင်ငံကို ဖိအားတွေဆက်ပေးသွားမှာပါ .. ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အနေနဲ့ ဘာတွေ ဆောင်ရွက်သင့်သလဲ ဆိုတဲ့ အပေါ် နားလည်လာစေဖို့ အတွက် ပိုပြီး ဖိအားပေး ဆောင်ရွက်သွားမယ်” လို့ အန်ထော်နီယို ဂူတာရက်စ်က ပြောကြားလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့တွေ့ဆုံစဉ်မှာ အခုလိုပြောကြားလိုက်တာဖြစ်ပြီး အဲဒီအချိန်မှာ သူနဲ့အတူ ကမ္ဘာ့ ဘဏ်ဥက္ကဌ တောင်ကိုးရီးယားနိုင်ငံသား Jim Yong Kim လည်း  အတူရှိနေခဲ့ပါတယ်။
အဲလိုကြေညာအပြီးမှာပဲ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို အကူအညီပေးနေတာတွေ ရပ်ဆိုင်းလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ကို ငြိမ်းချမ်းစွာပြန်လာနိုင်ဖို့ ဖိအားပေးတဲ့ အနေနဲ့ ဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီများကလွဲလို့ နောက်ထပ် အကူအညီသစ်တွေကို မပေးတော့ဘူးလို့ ဆိုပါတယ်။

ဒီကနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ကမ္ဘာ့ ဘဏ်ဥက္ကဌ Jim Yong Kim တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့တွေ့ဆုံရာမှာ သူတို့မြန်မာနိုင်ငံက ဘာကြောင့်ထွက်ပြေးခဲ့ရတယ်၊ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ကြရတယ်ဆိုတာကို ကိုယ်တိုင် လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ သူတွေ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေ၊ နစ်နာခဲ့ရတဲ့ ဒုက္ခသည်တွေ မိသားစုအလိုက် အသတ်ခံရတဲ့သူတွေ နောက် မြန်မာပြည်မှာ သေနတ်ပစ်ခံရတယ် ဓါးထိုးခံရတယ် ၊ သေနတ်ဒဏ်ရာနဲ့ မသန်မစွမ်းဖြစ်နေတဲ့လူတွေ နောက်ရခိုင်ပြည်နယ်ဖြစ်စဉ်မှာကြုံတွေ့ခဲ့ရတဲ့ မျက်မြင်တွေ၊ နောက်ရခိုင်ပြည်နယ်ဖြစ်စဉ်က အသေးစိတ် သိတဲ့လူတွေက ကိုယ်တိုင် တင်ပြနိုင်ခဲ့ကြတယ်လို့ သတင်းများရရှိပါတယ်။  

Antonio Guterres က သူရဲ့တွစ်တာအကောင့်မှာ တင်ထားရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာ မြန်မာနိုင်ငံက ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဆီက အသတ်ခံရ၊ မုဒိန်းကျင့်ခံရတဲ့ မစဉ်းစားနိုင်လောက်အောင် များပြား လှတဲ့ ဖြစ်စဉ်တွေကို ကျနော်ကြားသိရပြီးပါပြီ။ သူတို့က တရားမျှတမှုကို လိုချင်ကြပါတယ်။ သူတို့က ဘေးကင်းလုံခြုံစွာနဲ့ သူတို့ရဲ့အိမ်ကို သူတို့ပြန်ချင်ကြပါတယ်။ လို့ရေးသားထားတယ်။

ဒီအတောတွင်းမှာပဲ မြန်မာစစ်တပ်က မုဒိန်းကျင့်လို့ မွေးဖွားလာကြတဲ့ကလေးတွေဟာလည်း ဒုက္ခသည်စခန်းမှာ စွန့်ပစ်ခံနေရတယ်လို့ သိရပါတယ်။

Cox's Bazar က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို တနင်္ဂနွေနေ့မှာ သွားရောက်တဲ့ နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC ဥက္ကဌ Peter Maurer ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အတွက် ဆောင်ရွက်စရာ ကိစ္စ အများအပြား ရှိနေသေးကြောင်းပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့် မဖြစ်သေးသလို၊ လုံခြုံတဲ့ အနေအထားမှာလည်း မရှိသေးဘူးလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အကြီးအကဲ Peter Maurer က ပြောပါတယ်။

ပထမအသုတ်အဖြစ် ပြန်လာကြမယ့် ဒုက္ခသည်တွေအတွက် နယ်စပ်အနီးမှာ ယာယီလက်ခံရေးဌာန နှစ်ခု ထူထောင်ထားပြီးဖြစ်ကြောင်း မြန်မာဘက်ကပြောပေမဲ့၊ အဲဒီနေရာတွေကို သွားရောက်ကြည့်ရှုခဲ့ရာမှာ ပြန်လည်လက်ခံရေး စတင်နိုင်တဲ့အခြေအနေ မရှိသေးဘဲ၊ ဆောင်ရွက်စရာတွေ တပုံကြီးရှိနေသေးကြောင်း ကြက်ခြေနီအဖွဲ့ အကြီးအကဲ က ပြောပါတယ်။

ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှုခဲ့စဉ်အတွင်း စွန့်ပစ်ထားတဲ့ရွာပျက်တွေနဲ့ ဖျက်ဆီးခံထားရတဲ့အိမ်တွေ၊ ဈေးတွေကို တွေ့ခဲ့ရကြောင်း၊ ပြန်လာကြမယ့် ဒုက္ခသည်တွေအတွက် သက်မွေးဝမ်းကြောင်းဖို့ အလုပ် အကိုင်တွေ၊ လူမှုအသိုင်းအ၀ိုင်းတွေ ပြန်လည်ဖန်တီးယူဖို့ လိုအပ်နေကြောင်းလည်း ပြောပါတယ်။

အကြမ်းဖက်မှုတွေကနေ ထွက်ပြေးတဲ့ သိန်းနဲ့ချီတဲ့ လူတွေကို ပြန်လည် လက်ခံရေး မြန်မာ အစိုးရဘက်က မူအားဖြင့် သဘောတူထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို ဌာနေပြန်ရေး လုပ်ငန်းစဉ်ကလည်း ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည် မဖော်နိုင်သေးပါဘူး။

ဘာသာပြန်- Ko Richard Smith

UN to put more pressure on Myanmar: Guterres

UN chief at Rohingya camps: 'Unimaginable' atrocities

https://twitter.com/UN_News_Centre/status/1013065273019109376

https://m.facebook.com/story.php?story_fbid=135455984019006&id=100026638153679

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ 'ရက်စက်ယုတ်မာမှုတွေဟာ စဉ်းစားလို့တောင်မရဘူး'လို့ ကုလအတွင်းရေးမှူးချုပ် Antonio Guterres ပြော”

Post a Comment

Related Posts Plugin for WordPress, Blogger...