Monday, January 28, 2019

ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ရှိအမြင့်ဆုံးရာထူးကို ဖေါ်ထုတ်ပေးခဲ့သူမှာဦးကိုနီဖြစ်ကြောင်း ဦးဝင်းထိန်ထုတ်ဖေါ်ရေးသား

,
ဟိန်းအောင်
Myanmar Muslim Media
ဇန်န၀ါရီ ၂၈၊ ၂၀၁၉
ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ၂၀၀၈ ခြေဥပါ ပုဒ်မ ၂၁၇ ကို အသုံးချရန် အဓိကဖေါ်ထုတ်အကြံပေးခဲ့သူမှာ ကွယ်လွန်သူ ရှေ့နေကြီး ဦးကိုနီဖြစ်ကြောင်း NLD ပါတီနာယက ဦးဝင်းထိန်က ကိုယ်တိုင်ရေးအတ္ထုပတ္တိစာအုပ်တွင် ထုတ်ဖေါ်ရေးသားလိုက်သည်။
ပုဒ်မ ၂၁၇ မှာ “ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အား လည်းကောင်း ၊ အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ” လို့ပါရှိပြီး ဒီဥပဒေကို အသုံးချပြီး လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ရာထူးကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့်အဆိုပါဥပဒေအတွက် ဥပဒေပြုစာသားရေးသားသူမှာ လက်ရှိနိုင်ငံတော်သမ္မတရာထူးကို ထမ်းဆောင်နေသည့် ဦးဝင်းမြင့်ဖြစ်ကြောင့်းလည်းဦးဝင်းထိန်ကသံသရာတစ်ကွေ့စာအုပ်တွင်ထည့်သွင်းဖေါ်ပြထားသည်။
“ဒီပုဒ်မရဲ့ကျေးဇူးကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရယ်လို့ တာဝန်ထမ်းဆောင်နိုင်တာပါ။အဲဒီ့ပုဒ်မကို အသုံးချဖို့အတွက် အဓိကဖေါ်ထုတ် အကြံပေးတဲ့သူကတော့ မသမာသူ တစ်ဦးက လုပ်ကြံလို့ မင်္ဂလာဒုံလေဆိပ်မှာ ကွယ်လွန်သွားတဲ့ ရှေ့နေကြီး ဦးကိုနီဖြစ်ပါတယ်။ဦးကိုနီဟာ ဥပဒေရေးရာမှာ အလွန်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း လုံးဝဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။(သူလုပ်ကြံခံရတဲ့ အကြောင်းအရင်း တစ်ခုဟာ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို သဲကြီးမဲကြီး ဆန့်ကျင်ပြီး ဟောပြောပွဲတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တာကြောင့်ဖြစ်နိုင်ပါတယ်)”ဟု ဦးဝင်းထိန် ကိုယ်တိုင်ရေး သံသရာတစ်ကွေ့ စာအုပ် စာမျက်နှာ ၇၆၀ တွင် ရေးသားဖေါ်ပြထားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအတွက် အသုံးပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၇ ၊ ပုဒ်မ ၂၁၈ တို့သည် ၁၉ ၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင်လည်း တူညီသည့် စာသားဖြင့်ပါဝင်ခဲ့သည့် ထူးခြားသော ပုဒ်မများဖြစ်သည်ဟုလည်း ဦးဝင်းထိန်က အထက်ပါစာအုပ်တွင်ရေးသားဖေါ်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြံပေးရှေ့နေ အစ္စလာမ်ဘာသာဝင် ဦးကိုနီကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့( ယခုဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း)ဆရာတော်များနှင့် နီးစပ်သူများ ပါဝင်သည့် တပ်မတော်အငြိမ်းစားများပါဝင်သည့် လူစုက ဘုရားသူခိုးကြည်လင်း အားအခကြေးငွေပေးကာ လုပ်ကြံစေခဲ့မှုတစ်ရပ် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ပစ်မှုကျူးလွန်သူများကို ယနေ့တိုင်ရုံးထုတ်စစ်ဆေးနေသော်လည်း ပစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိသေးဘဲ၊ ၀ရမ်းပြေး အောင်ဝင်းခိုင်ကိုလည်း ဖမ်းဆီးရရှိခြင်းမရှိသေးပေ။


https://m.facebook.com/story.php?story_fbid=2656384674401980&id=990010991039365

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါ်အောင်ဆန်းစုကြည်အတွက် လက်ရှိအမြင့်ဆုံးရာထူးကို ဖေါ်ထုတ်ပေးခဲ့သူမှာဦးကိုနီဖြစ်ကြောင်း ဦးဝင်းထိန်ထုတ်ဖေါ်ရေးသား”

Post a Comment

Related Posts Plugin for WordPress, Blogger...