Monday, February 12, 2018

ရခိုင်ကိစ္စဒေါ်အောင်ဆန်းစုကြည်ထံသတင်းအမှန်မရောက်ကြောင်းဘောရစ်ဂျွန်ဆင်ပြောကြား

,
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
M-Media

– ရိုဟင်ဂျာတွေရဲ့ ‘ကြောက်မက်ဖွယ် ထိခိုက်ခံစားရမှု အလုံးစုံကို’ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိမှသိပါ့မလားဆိုပြီး သံသယဖြစ်မိတယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့မြင်တွေ့ခဲ့ရတာတွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ ရဟတ်ယာဉ်စီးပြီး ကြည့်ဖူးတယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ မနေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုအပြီးမှာ ဂျွန်ဆင်က ပြောကြားခဲ့တာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေအပေါ် ယုံကြည်မှုရှိလားလို့ BBC သတင်းထောက် ရီတာ ချက်ကရာဘာတီက မေးမြန်းရာမှာ ဂျွန်ဆင်က “ပြောရရင် နိုင်ငံရေးသမားတွေနဲ့ နေပြည်တော်မှာ စကားပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို နားထောင်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တဲ့ ကြောက်မယ်ဖွယ်ရာတွေ၊ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးမှုသတင်းတွေ အားလုံး ဒေါ်အောင်ဆန်းစုကြည်ဆီရောက်တယ်လို့ ကျွန်တော်မထင်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ဒီလိုအနေအထားမျိုး ကျွန်တော့်သက်တမ်းတစ်လျှောက်လုံးမှာ မမြင်ဖူးပါဘူး။ ရာနဲ့ချီတဲ့ရွာတွေ မီးရှို့ခံရတယ်။ လုံးဝ ဖွတ်ဖွတ်ညက်ညက်ကြေသွားတဲ့ ကိစ္စမျိုးဖြစ်ပြီး လက်ရှိလိုအပ်နေတာက ဒီလူတွေ အိမ်ပြန်နိုင်ရေး ကုလအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ခေါင်းဆောင်မှုတစ်ခုပါ”

စနေနေ့မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒုက္ခသည်တွေရဲ့ ‘ကြောက်မက်ဖွယ်ရာ အခြေအနေတွေအကြောင်း’ နဲ့ ‘သူတို့ရဲ့အနာဂတ်အတွက် အလွန်အမင်း စိုးရိမ်တဲ့အကြောင်း’ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့တဲ့လို့လည်း ဂျွန်ဆင်က ဆိုပါတယ်။

“ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအတွက် ပြည့်ဝပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး မြန်မာအာဏာပိုင်တွေက ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူဖို့ အရေးကြီးကြောင်း ကျွန်တော် အလေးထားပြောကြားခဲ့ပါတယ်”

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ကြောက်ရွံ့မှုကင်းစွာ လွတ်လွတ်လပ်လပ် ပြန်လာနိုင်မယ့်၊ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို အလေးထားကြောင်း ပြသမယ့် အန္တရာယ်ကင်းတဲ့ နေရာတစ်ခုအဖြစ် ရခိုင်ပြည်နယ်ကို ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာလူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်မွန်နဲ့ အနာဂတ်မျိုး ဖော်ဆောင်ပေးဖို့အတွက် ယူကေရဲ့သြဇာကို ဆက်လက်အသုံးပြုသွားမယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဂျွန်ဆင်တို့ဟာ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး အစီအစဉ်အပါအ၀င် ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

https://m.facebook.com/groups/637211353133900?view=permalink&id=881485568706476

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရခိုင်ကိစ္စဒေါ်အောင်ဆန်းစုကြည်ထံသတင်းအမှန်မရောက်ကြောင်းဘောရစ်ဂျွန်ဆင်ပြောကြား”

Post a Comment

Related Posts Plugin for WordPress, Blogger...