Wednesday, February 21, 2018

ဦးကိုနီသေမှုသေခင်းနဲ့ အမှုသွားအမှုလာ(၃)မျိုး

,
၁။ ပထမ-အမှုသွားအမှုလာ

ဦးကိုနီကို လုပ်ကြံသူမှာ ကြည်လင်းဖြစ်တယ်။ ကြည်လင်းက " မြင့်ဆွေ"အမည်ကို ဖော်တယ်။ ဒါပေမဲ့ " မြင့်ဆွေ"ဆိုပြီး တက်လာတဲ့ ဓာတ်ပုံဟာ " မြင့်ဆွေ" မဟုတ်ကြောင်း၊ သူ့ကို လူသတ်ဖို့ လာငှားသူ "ဗိုလ်ကြီးဟောင်း အောင်ဝင်ဇော်" ဖြစ်ကြောင်း ဆံပင်ညှပ်သမား " အောင်စိုး"က ဖော်ကောင်လုပ်တယ်။ တဖန်-ဗိုလ်ကြီးဟောင်း " အောင်ဝင်းဇော်" ဟာ လူသတ်ဖို့ ပိုက်ဆံသိန်းတစ်ထောင်ပေးသူမှာ သူ့ညီ ဒုတိယဗိုလ်မှူးကြီးဟောင်း" အောင်ဝင်းခိုင်" ဖြစ်ကြောင်း ထပ်ဖော်တယ်။

ဦးကြည်လင်းကို ဖမ်းမိတဲ့အခါ တက္ကစီဒရိုင်ဗာကို ဖယ်ပြီး အကိုယ်စားဝင်မောင်းနှင်ပေးခဲ့တဲ့ ရဲမှူးကြီး ဝင်းမင်းသိန်းဟာ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နဲ့ စစ်တက္ကသိုလ်အပတ်စဉ် (၃၆)ဆင်းတွေ ဖြစ်နေတယ်။ ဒါဟာ အင်မတန်မှ တိုက်ဆိုင်လှပါတယ်။ CCTV မှာ ဖော်ပြချက်ထားချက်အရ အခင်းဖြစ်ပွားတဲ့နေ့မှာ အောင်ဝင်းခိုင်ရဲ့ ကားဟာ တားမြစ်နေရာအထိ မောင်းဝင်နိုင်တာကို တွေ့ရသလို လေဆိပ်ဆင်ဝင်းအောက်မှာ ခြေသလားနေပေမဲ့ သူ့အသိ ရဲချုပ်ကြီးနဲ့ မျက်မှန်းတန်းမိသေးသလားလို့ စဉ်းစားစရာပါ။

ဘီဘီစီသတင်းအရ စစ်တက္ကသိုလ်အပတ်စဉ်(၃၆)ဆင်းတွေဟာ ထူးထူးခြားခြားပဲ မကြာခင်က အနားယူသူက ယူ၊ အရေးပါတဲ့ရာထူးနဲ့ ဌာနပြောင်းသူက ပြောင်းနဲ့ပါ။ မယုံနိုင်စရာကတော့ နိုင်ငံတော်သမ္မတရုံး၊ ညွန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်ဟာလည်းပဲ ဒုတိယဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်နဲ့ အပတ်စဉ်(၃၆)ကျောင်းဆင်းပဲ ဖြစ်တယ်။ ဒါဟာလည်းပဲ တိုက်ဆိုင်မှုတစ်ခုလို့ ပြောရခက်ပါတယ်။ ပိုလို့ အံ့သြစရာကောင်းတာက လွှတ်တော်တစ်ခုလုံးရဲ့ လုံခြုံရေးကို တာဝန်ယူထားရတဲ့ ရဲမှူးကြီး " နေမျိုးထွဋ်"ကလည်း ဒီအပတ်စဉ်(၃၆)ဆင်းပါပဲတဲ့။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံခရီးကို သွားတုန်းက လိုက်ပါသွားတဲ့ လုံခြုံရေးအရာရှိကလည်း အခုန လေဆိပ်လုံခြုံရေးအရာရှိနဲ့ ခင်မင်ကြသူများ ဖြစ်ကြောင်း သူတို့ FB အကောင့်ကို ကြည့်ရင် သိနိုင်ပါတယ်တဲ့။

ဒါပေမဲ့ ပြဿနာကတော့ သိန်းတစ်ထောင်ပေးမယ်ဆိုသူ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ ဦးကိုနီအသတ်ခံရတဲ့နေ့မှာ လေဆိပ်မှာ ခေါက်လူးခေါက်ပြန် လမ်းသလားနေခဲ့ပေမဲ့ အခု ဘယ်ပျောက်နေမှန်း မသိတော့ဘူးတဲ့။ ဒါဟာ ဂမ္ဘီရမှုခင်းကြီးတစ်ခု ဖြစ်နေပါပြီ။ အောင်ဝင်းခိုင်ကို နယ်စပ်ဒေသကို ထွက်ပြေးနိုင်အောင် အကောင်ကြီးကြီးတွေက ကူညီပေးခဲ့ပြီးပြီလား၊ ဒါမှမဟုတ် သူ့ကို စေခိုင်းတဲ့ အမှောင်ထဲကလူက သူ့ကို လက်စဖျောက်လိုက်ပြီလား၊ ဒါမှမဟုတ် ရန်ကုန်မှာပဲ လုံခြုံတဲ့နေရာတစ်နေရာကနေ ပဲလှော်ဝါးပြီး ကျုပ်တို့ရေးသမျှကို ဟားတိုက်ရီနေမလားပေါ့။ အောင်ဝင်းခိုင်နဲ့ ကျောင်းအတူဆင်းခဲ့တဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က" သူ့မှာ သိန်းတစ်ထောင် ရှိဖို့ဆိုတာ မလွယ်သလို သစ္စာ၊ သူရ၊ သိပ္ပကျောင်းဆင်းတစ်ဦးဟာ ဘယ်တော့မှ ထွက်မပြေးတတ်ဘူးတဲ့။ လက်ရှိကာချုပ်မင်းအောင်လှိုင်ရဲ့ ကိုယ်ရေးအရာရှိဟောင်း (အောင်ဝင်းခိုင်နဲ့ အပတ်စဉ်တူ) ဦးလင်းဇော်ထွန်းကလည်း အောင်ဝင်းခိုင်ဟာ ပျော်ပျော်နေတတ်သူ ဖြစ်ကြောင်း၊ ဒီလိုအလုပ်မျိုးလုပ်မယ်လို့ မထင်ခဲ့မိကြောင်း ပြောပါသတဲ့။

၂။ ဒုတိယ-အမှုသွားအမှုလာ

ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ပဲ ပျောက်ချက်သားကောင်းနေတာ မဟုတ်ပါဘူး။ ဦးကိုနီကို နောက်စေ့ကနေ ပစ်သတ်ခဲ့တဲ့ ကြည်လင်းဟာ အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင်တို့အမည်ကို ဘယ်တုန်းကမှ ပြောခဲ့တာ မဟုတ်ပါဘူး။ သူ ဖော်ထုတ်ခဲ့တဲ့ ကြံရာပါတရားခံမှာ " မြင့်ဆွေ"ဆိုသူ ဖြစ်တယ်။ တကယ်လို့ ဖော်ကောင်အောင်စိုးဟာ အိုးဘိုထောင်မှာ ထောင်အတူတူ မကျခဲ့လို့ မြင့်ဆွေ မဟုတ်မှန် မဖော်ခဲ့ရင် အောင်ဝင်းဇော်ကို " မြင့်ဆွေ"လို့ပဲ ပြည်သူတို့က သိရှိသွားကြမှာ ဖြစ်တယ်။ ဒါပေမဲ့ " မြင့်ဆွေ" က သက်သက်၊ " အောင်ဝင်းဇော်"က သက်သက်လို့ အခု မိမိတို့သိရှိခဲ့ရပါပြီ။ ဒီလိုနဲ့ပဲ " မြင့်ဆွေ"အမည်နဲ့ ပုဂ္ဂိုလ်တွေကို လိုက်ဖမ်းရာ မြဝတီနဲ့ မဲဆောက်ဘက်မှာ မြင့်ဆွေအမည်နဲ့ ပြည်သူများဟာ ရတက်မအေးနိုင်ဘဲ ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ကြည်လင်းပြောတဲ့ မြင့်ဆွေဆိုတာ ဘုရားခိုးဂိုဏ်းက ဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးသွားခဲ့ပြီလို့ ဆိုပြန်ပါတယ်။

ဒါပေမဲ့ အခြားသဲလွန်စတစ်ခုလည်း ရှိပါသေးတယ်။ ခင်ညွန့်ရဲ့လူဟောင်း၊ KDA ရဲ့ စီးပွားရေးတာဝန်ခံ၊ တရုတ်သူဌေး " မြင့်ဆွေ"ဆိုသူပါ။ သူ့အကြောင်းကို သတင်းစာနယ်ဇင်းတွေမှာ ဖော်ပြတာ မိမိမတွေ့ရသေးပါဘူး။ " မြင့်ဆွေ"ဟာ အရင်က မြန်မာစစ်တပ်အကြီးအကဲတွေနဲ့ အင်မတန်မှ ပဏာတင့်ခဲ့ဖူးပါတယ်။ ကောင်းခါးနဲ့ ကွတ်ခိုင်ကြား မူးယစ်ဆေးဝါးကိစ္စနဲ့ ကူးလူးသွားလာခဲ့ဖူးတဲ့ မြင့်ဆွေပါ။ သူ့မူးယစ်ဆေးဝါးဖြန့်ဖြူးမှုဟာ နိုင်ငံတကာအထိ ပေါက်မြောက်သူ ဖြစ်ကြောင်း သိတဲ့လူ ရှိပါသတဲ့။ နစခ ဂိတ်စခန်းတွေမှာ သြဇာရှိခဲ့ဖူးတဲ့လူပဲတဲ့။ ခင်ညွန့်ပြုတ်သွားတာတောင် အဲ့ဂိတ်စခန်းကို သုံးပြီး သူက ဓာတ်ဆီဆိုင် ဖွင့်နိုင်ခဲ့သေးတယ်။

ဦးမြင့်ဆွေဟာ သူ့ကိုယ်သူ " နမ့်ဖတ်ကာက ကချင်မျိုးနွယ်စု အဇီးလူမျိုး"လို့ ပြောပေမဲ့ အမှန်မှာ တရုတ်ပြည်ကနေ ဝင်လာတဲ့ တရုတ်စစ်စစ်ကြီး ဖြစ်ပါသတဲ့။ ဒါပေမဲ့ သူ အဦးဆုံး အခြေချတဲ့နေရာက စောမွန်လှရွာမှာပါတဲ့။ သူက အမြဲတမ်း ကိုယ်ရောင်မပြပေမဲ့ သူတစ်ခါခါ ပေါ်လာရင် သူ့လူရင်းတွေက ခြေတုန်လက်တုန် ကြောက်ကြရတုန်းပါပဲတဲ့။ ဒါကတော့ ရှမ်းမြောက်ပိုင်းဒေသက ရောက်လာတဲ့ လှို့ဝှက်သတင်းပေါ့လေ။

ထူးဆန်းတာတစ်ခုကို ပြောရရင် ဒီ" မြင့်ဆွေ"ဟာ  တရုတ်ပြည်ကို ခဏခဏ သွားနေတတ်ပြီး ဒေါ်စုရဲ့ တရုတ်ပြည်နဲ့ သံတမန်ရေးကို လုံးဝမကြိုက်သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒေါ်စုအစိုးရ ရှိနေရင် တရုတ်ပြည်အတွက် အကျိုးမများလှဘူးလို့ အမြဲတမ်း ပြောနေတတ်သူ ဖြစ်ပြီး NLD မှာ ဦးကိုနီ ရှိနေခြင်းကိုလည်း မနှစ်သက်သူ ဖြစ်နေပါသတဲ့။ တကယ်လို့ " ကြည်လင်း" ပြောတဲ့ " မြင့်ဆွေ"ဟာ ဒီတရုတ်မြင့်ဆွေဆိုခဲ့ရင် " ခင်ညွန်အဖွဲ့သားများ၊ မအလအဖွဲ့သားများနဲ့ ဝီရသူ+သီတဂူအဖွဲ့သားများ"အတွက် သတင်းဆိုးပဲ ဖြစ်ပါလိမ့်မယ်။ မနေ့က သီတဂူဆရာတော်က " တိုင်းပြည်အတွက် အကျိုးမရှိသူများရဲ့ အသက်ဟာ တန်ဖိုးမရှိကြောင်း" ပြောခဲ့သေးတာပဲ။ ဒီနေ့မှာပဲ ခင်ညွန့်ကို ဦးဝီရသူက " နန်းကျဘုရင်"လို့ မြှောက်စားခဲ့တာပါ။ ဦးဝီရသူနဲ့ ကာချုပ်မင်းအောင်လှိုင်တို့ရဲ့ ဆက်ဆံရေးကလည်း နေဆယ်စင်းပမာ ပူပူနွေးနွေး ရှိလှပါတယ်။ ဦးကိုနီ သေဆုံးတဲ့ရက်မှာ ဦးဝီရသူက " ဒီမိုခေတ်မှာ သတ်ရတာ လွယ်တယ်၊ သေရတာ လွယ်တယ်"လို့ သူ့ FB  ပေါ်မှာ တင်ခဲ့သေးတာပဲမဟုတ်လား။

၃။ တတိယ-အမှုသွားအမှုလာ

အချို့က ဦးကိုနီလုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဒေါ်စုရဲ့ တုံ့ပြန်ပုံကို သံသယဝင်ကြပါတယ်။ ဦးကိုနီဟာ ဦးဝင်းတင်ပြီးရင် ဖွဲ့စည်းပုံကို ပြန်ရေးမဲ့လူလို့ သိကြပါတယ်။ လက်ရှိ ဒေါ်စုနဲ့ မအလတို့ သွားမဲ့ လမ်းကြောင်းကို ကောင်းကောင်း အနှောင့်အယှက်ပေးမဲ့လူလို့ နိုင်ငံရေးသမားတွေက တွက်ချက်ကြပါတယ်။ လောလောဆယ်မှာ ဒေါ်စုရော မအလတို့ပါ " ပဉ္စမမြန်မာနိုင်ငံတော်"ကို ထူထောင်ကြဖို့ ရည်မှန်းချက် ရှိကြပါတယ်။ ပဉ္စမမြန်မာနိုင်ငံတော်လို့ ပြောရတာကတော့ အခြားမဟုတ်ပါဘူး။ လွတ်လပ်ရေးရပြီခေတ်က စပြီး သန်းရွှေဆင်းသွားတဲ့အထိ ဒီခေတ်ကို စတုတ္ထမြန်မာနိုင်ငံတော်လို့ သတ်မှတ်ထားကြလို့ ဖြစ်တယ်။ လက်ရှိခေတ်ကို " ပဉ္စမမြန်မာနိုင်ငံတော်ကို ထူထောင်ဖို့ ဖြစ်ကြောင်း" ဦးကိုနီကိုယ်တိုင် နယူးယောက်ကို ရောက်ရှိတုန်း ပြောဖူးခဲ့တာပါ။

ဒါပေမဲ့ ဖွဲ့စည်းပုံကိစ္စနဲ့ပဲ ပတ်သက်တာ မဟုတ်ဘဲ NLD ပါတီမှာ မဘသနဲ့ စစ်တပ်ရဲ့ ဖိအားကြောင့် မွတ်စလင်ဘာသာဝင်တစ်ယောက်မှ အမတ်ဖြစ်မလာခဲ့တာကိုလည်း သတိချပ်ဖွယ် ဖြစ်ပါတယ်။ မဘသနဲ့ အခြားမွတ်စလင်မုန်းတီးရေးသမားတွေက ဦးကိုနီကိုပဲ မကြာခဏ လက်ညှိုးထိုးပြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဦးကိုနီကို အစိုးရရာထူးတစ်နေရာရာ မပေးဘဲ ဒီအတိုင်း ထားခဲ့ခြင်းမှာ အန္တရာယ်ကို ဖိတ်ခေါ်ခဲ့ပြီသားလို့ ပြောလို့ ရပါတယ်။ NLD ပါတီဟာ ဦးကိုနီအတွက် လိုအပ်တဲ့ အကာအကွယ်တွေကို မပေးခဲ့ဘူးလို့ ပြောနိုင်ပါတယ်။

မြန်မာ့သမိုင်းမှာ မဟာယာနဗုဒ္ဓဘာသာနဲ့ ထေရဝါဒဗုဒ္ဓဘာသာတို့အားပြိုင်တဲ့အခါ အနော်ရထာ လုပ်ကြံခံရပါတယ်။ မွန်နဲ့မြန်မာအားပြိုင်မှုမှာ အလောင်းစည်သူမင်းကြီး လုပ်ကြံခံရပါတယ်။ ပြည်နယ်များနဲ့ ပြည်မ၊ အရင်းရှင်ဝါဒနဲ့ ကွန်မြူနစ်ဝါဒ အားပြိုင်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပါတယ်။ အခု အချိန်မှာ-

၁။ တဖက်က ဖွဲ့စည်းပုံကို လုံးဝဖက်တွယ်ထားတဲ့ အုပ်စုတစ်ခု၊
၂။ အခြားတဖက်မှာ ဖွဲ့စည်းပုံကို လုံးဝပြန်ရေးချင်တဲ့ အုပ်စုတစ်ခု၊

ဒီ(၂)ခု အားပြိုင်နေခဲ့တာပါ။ ဒီလိုအားပြိုင်နေတဲ့အခါမှာ NLD ဟာ ပြည်သူတို့ မဲပေးခဲ့ကြတဲ့ ပါတီကြီးတစ်ခု ဖြစ်တယ်။ ဒီပါတီကြီးဟာ အစိုးရအဖြစ်ကို ရရှိခဲ့တဲ့နောက်မှာ ဖွဲ့စည်းပုံပြင်ရေးမှာ သဘောထားတင်းမာတဲ့ လုပ်ဖော်ကိုင်ဖက်များကို ဖယ်ရှားပြီး ပန်းပုထုမယ့် အလယ်အလတ်ဝါတောင်မရှိတဲ့ ခပ်ပျော့ပျော့ ပါတီဝင်များကိုသာ ရှိရင်းစွဲစစ်တပ်အကြီးအကဲဟောင်းများနဲ့ ပူးတွဲအုပ်ချုပ်ခဲ့ရပါတယ်။ ဒေါ်စုဟာ နယူးယောက်ကို နောက်ဆုံး ရောက်လာတုန်းက " ကျမတို့မှာ လုပ်သက်ရှိသူ မရှိဘူး၊ ဝန်ကြီးတွေပဲ ပြောင်းမယ်၊ စနစ်က အရင်အတိုင်းပဲ၊ ဘာမှ ပြောင်းလို့ မရသေးဘူး"လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် စစ်တပ်၊ မဘသ စတဲ့ မဟာဝါဒီများနဲ့ ဆက်ဆံတဲ့နေရာမှာ ဦးကိုနီဟာ NLD အတွက် ခလုတ်ကန်သင်းသဖွယ် ဖြစ်နေခဲ့မှာ သေချာပါတယ်။

ဒီလိုအနေအထားမျိုးမှာ NLD က ရပ်တည်ချက်ပြောင်းသွားတဲ့အခါမှာ သဘောထားတင်းမာတဲ့ ပုဂ္ဂိုလ်များဟာ တစ်နည်းမဟုတ်တစ်နည်း အန္တရာယ်ကျနိုင်ပါတယ်။ အဲ့ထဲမှာ ဦးကိုနီဟာ လူမြင်ကွင်းမှာမို့ ပထမဆုံး အသတ်ခံရတယ်လို့ ဆိုစမှတ်ပြုရမှာပါ။ မိမိတို့မသိဘဲ ဆုံးပါးသွားခဲ့ရတဲ့ အခြားအညတြသူရဲကောင်းတွေလည်း ရှိချင်ရှိနေပြီပေါ့။ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။

မှတ်ချက်-ဖတ်စရာတွေးစရာအတွက်သာ။ အတည်မယူကြပါနဲ့။

https://m.facebook.com/story.php?story_fbid=1124567537671480&id=100003547338933

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဦးကိုနီသေမှုသေခင်းနဲ့ အမှုသွားအမှုလာ(၃)မျိုး”

Post a Comment

Related Posts Plugin for WordPress, Blogger...