Monday, November 12, 2018

ခွဲမထွက်ရဟူသော ပုဒ်မဟာ လောကဓမ္မနှင့် ဆန့်ကျင်တာပဲ။

,
ပထမဆုံး အငယ်ဆုံး အစုအဖွဲ့ဖြစ်တဲ့ မိသားစုတခုကိုပဲ ကြည့်ပါ။ လင်နဲ့ မယား ပေါင်းစည်းမှုကိုပဲ ကြည့်။  ခွဲမထွက်ရ (မကွာရှင်းရ) လို့  ဥပဒေသတ်မှတ်ချက်မရှိဘူး။ မရှိတဲ့အပြင် အချိန်မရွေး ကွာရှင်းနိုင်တယ်။ လင်ယူမယားယူတာ ကျွန်ဝယ်တာ မဟုတ်ဘူးလေ။ ပေါင်းစည်းတဲ့ လက်ထပ်စာချုပ်ပဲ ရှိတယ်။ မခွဲရ ဆိုတဲ့ ကန့်သတ်ဥပဒေ မရှိဘူး.. ဟုတ်တယ် .. ဟုတ်။

ရပ်ရွာ လူ့အဖွဲ့အစည်းထဲ ဝင်တော့... ဒီအိမ်မှာ ဒီမိသားစု နေပါတယ်ဆိုပြီး  အိမ်ထောင်စု စာရင်းသွင်းရတယ်။ ဒီရပ်ကွက်မှာ တသက်လုံးနေပါမယ် ဆိုပြီး ဘယ်မှာ စာချုပ်ချုပ်ရသလဲ။ ဒီရပ်ကွက်က မခွဲခွာပါဘူး လို့ ဘယ်မှာ ကတိပေးရသလဲ။ ခွဲမထွက်ရလို့ ဥပဒေ ရှိသလား။  အဆင်ပြေရင်  နေမယ် ၊ အဆင်မပြေရင် ပြောင်းမယ်။ ဒါက လွတ်လပ်ခွင့်ပဲလေ။

နည်းနည်း ချဲ့ ကြည့်လိုက်။ မြို့ရွာတွေကို တွေ့ရမယ်။ အဲ့ မြို့ရွာတွက မူလတိုင်း နဲ့ ပြည်နယ်တွေထဲ ကမ္ဘာတည်သရွေ့ ရှိနေသလား။  ...  နေဝင်း အိမ်စောင့်အစိုးရ လက်ထက်မှာ တရုတ်ကို ပေးလိုက်တဲ့ ရှမ်းရွာ ကချင်ရွာတွေ က ... ခွဲထုတ်ခံလိုက်ရတာ .. မဟုတ်လား။  ပြောတော့ မခွဲထွက်ရေး..  ။ လုပ်ပေါက်က  ခွဲထုတ်ရေး။ ဆိုတော့ ဘယ်မှာ ကြိုးချည်ထားလို့ ရလို့လဲ။

စစ်အစိုးရ လက်ထက်မှာ နယ်မြေတွေ ခွဲထုတ်ပစ်တာတွေ တပုံကြီးရယ်။ တရုတ်ဘက်ကို ခွဲ ပေးလိုက်တာ လူမသိခဲ့ဘူး။ တလောက ဓာတ်ပုံတွေ တက်လာတယ်။ ၁၉၉၄ တရုတ်မြန်မာ နယ်ခြားမှတ်တိုင်က တရုတ်မြို့တခုရဲ့ ဈေးလယ်ခေါင် ဖြစ်နေတယ်။

ဘင်္ဂလားဒေ့ရှ့်ကို ခွဲပေးလိုက်ရတဲ့ ရေပိုင်နက်တွေ .. ဂမ္ဘီရဆန်ဆန် ပျောက်ကွယ်နေတဲ့ ရှင်မဖြူကျွန်းရယ်... ပြောကြည့်လေ... ။ အဲဒီနယ်မြေတွေဟာ ခွဲထွက်သွားကြတာ မဟုတ်လား။

ပြည်ပကိုပဲ မြို့ရွာတွေ ခွဲထုတ်နေတာလား ဆိုတော့ .. မဟုတ်သေးဘူး။ မြို့ရွာတွေကို ဒီတိုင်းက ခွဲထုတ်၊ ဟိုပြည်နယ်နဲ့ ပေါင်း၊ ဟိုပြည်နယ်က မြို့ရွာတွေကို ခွဲထုတ်၊ သီးခြားဒေသဆိုပြီး လုပ်။ တစစီ တကွဲစီ ... စိတ်ပိုင်း ခွဲထုတ် နေတဲ့ သူတွေက ခွဲမထွက်ရဆိုတဲ့ စကား ပြောသေးတာ ... တော်တော် အရှက်နည်းတာပဲ။

မန္တလေးတိုင်းက ဒေသတွေကို ခွဲထုတ် .. နေပြည်တော်တိုင်း လုပ်ပစ်တာမျိုးက .. ဗမာ နယ် အချင်းချင်းမို့  မသိသာပေမယ့်... ရှမ်းတောင်ပိုင်းက ရှမ်းနယ်တွေကို ခွဲထုတ်ပြီး ...  အဲဒီဒေသမှာ ဝ တပ်ဖွဲ့တွေ ပြောင်းရွေ့နေရာချပြီး .. ဝ ပြည်နယ် လုပ်ပစ်လိုက်တာမျိုးတွေက .. သိပ်ကို ထင်ရှားတဲ့ ခွဲထွက်ရေးတွေပေါ့ဗျာ။ ဒါတင်မက သေးဘူး.. စစ်အစိုးရစီမံမှုနဲ့ .. ရှမ်းပြည်နယ်ထဲက ခွဲထွက်သွားတဲ့ အထူးဒေသတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ( နောင်ဖြစ်လာမယ့်  ပြည်နယ်သစ် )တွေ .. တပုံကြီး ဖြစ်နေပြီ။ ဒါနဲ့များ.. ခွဲမထွက်ရ စကားပြောတာ .. ဗန်းစကားနဲ့ ပြောရရင် .. သောက်ခွက်ပြောင်ချက်က 9 လောက်ရှိတယ်။

ကဲ .. ဒီထက် ပိုကျယ်လာတဲ့ လူ့အဖွဲ့အစည်း။ အာဆီယံတို့ အီးယူတို့ကို ကြည့်ဦး။ မြန်မာက အာဆီယံထဲ ဝင်တော့ ခွဲမထွက်ရ ဆိုပြီး လက်မှတ်ထိုးခဲ့သလား။  ဒီလို မရှိဘူးနော်။ မြန်မာက အာဆီယံ ကျွန်မှ မဟုတ်ပဲ။ ဝင်ချင် ဝင်မယ်။ ထွက်ချင် ထွက်မယ်ပေါ့။

ဟော.. အကြီးဆုံးသော လူ့အဖွဲ့အစည်း နိုင်ငံအဖွဲ့အစည်း ကြီး .. ကမ္ဘာ့ကုလသမဂ္ဂ။ ပြောကြပါဦး .. အဲ့ဒီထဲ ပူးပေါင်းထားတဲ့ နိုင်ငံတွေဟာ  ခွဲမထွက်ရ ပုဒ်မနဲ့ ချည်နှောင်ထားသလား။ လွတ်လပ်သလား။ ဒီလောက်တောင် ကုလသမဂ္ဂကို အပြစ်မြင်နေတဲ့ မြန်မာက ဘာကြောင့် မထွက်သေးတာလဲ။ ခွဲမထွက်ရ ပုဒ်မ ရှိနေလို့လား။ မရှိဘူးနော်။ ကြိုက်တဲ့အချိန် go ပဲ။ ဘယ်သူမှ ဆွဲမထားဘူး။ ဒါပေမယ့် မြန်မာက တုတ် နဲ့ ကော်ထုတ်တောင် မထွက်ရေးချ မထွက်ပဲ။ မထူးဆန်းဘူးလား။ ခွဲမထွက်ရ ပုဒ်မမရှိပဲ ပေါင်းစည်းနေကြတာ မဟုတ်လား။

ဒီတော့ အရာရာ မတည်မြဲ နိုင်တဲ့ ဖြစ်ခြင်း ပျက်ခြင်း၊ အနိစ္စလက္ခဏာ ရှိတဲ့ ၊ လွတ်လပ်တဲ့ လူ့လောက ဓမ္မတာ ထုံးစံမှာ " ခွဲမထွက်ရ , ထွက်မသွားရ၊ တည်စေ မြဲစေ" ဆိုတာ မရှိဘူး။ ပုဒ်မတွေ ဥပဒေတွေနဲ့    ကျောက်ချ ကြိုးချည်ထားလို့ မရဘူး။

အဲ.. ရှိတယ်ဆိုရင်လဲ လောကဓမ္မနဲ့ ဆန့်ကျင်တဲ့ ရွံရှာဖွယ် အဓမ္မပဲ။ ခွဲထွက်မပြေးရဆိုတာ မျိုးနဲ့ ချည်နှောင်ခံရတာ ကျွန်  နဲ့ အကျဉ်းသားပဲ ရှိတယ်။

အဲဒီလို ခွဲမထွက်ရ ပုဒ်မမျိုးဟာ မလုပ်သင့်မလုပ်ထိုက် ဘူးဆိုတာ ဗိုလ်ချုပ်အောင်ဆန်း က သိတယ်။ ဒါကြောင့် ခွဲမထွက်ရဆိုတာ မလုပ်ဘူး။ ခွဲမထွက်ချင်အောင် လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုကိုပဲ ပေးဖို့ ပြောခဲ့တယ်။

ဒီမှာ .. ခုခေတ် စစ်ဗိုလ်တွေ ပြည်ထောင်စု မပြိုကွဲချင်ဘူးဆိုတာ .. ပြည်ထောင်တွေကို စုစည်းပေးခဲ့တဲ့ .. ဗိုလ်ချုပ်အောင်ဆန်း (-ီး ) ဖြဲ နေသလောက်ပဲ ရှိတယ် ။  ဒီလောက်ပြောရင် သဘောပေါက်။

လောကဓမ္မကို နားလည်တဲ့ ဘယ်တိုင်းရင်းသားခေါင်းဆောင်မှ သမိုင်းတရားခံ အဖြစ်ခံပြီး လက်မှတ်မထိုးနိုင်တဲ့ ကိစ္စကို ရှေ့တန်းတင်နေမယ် ဆိုရင် ၂၁ ပင်လုံကို ကဖျက်ယဖျက်လုပ်နေတာပဲလို့ ပြောချင်တယ်။

..

( စကာမစပ် ပြောစရာလေးတခု ကျန်သေးတယ်။  ပင်လုံစာချုပ်ကို နားလည်မှု လွဲနေတာ။ ပင်လုံစာချုပ် ရှိမှ လွတ်လပ်ရေး ရတာ မဟုတ်ဘူး။ ပင်လုံစာချုပ် မရှိလဲ ပြည်မရော တောင်တန်းပါ  လွတ်လပ်ရေးရတယ်။  ၁၉၄၆ အထွေထွေသပိတ်ကြီးကြောင့် လွတ်လပ်ရေးက ရကို ရမှာ မြေကြီးလက်ခပ်မလွဲဘူး။ တောင်တန်းလဲ သူ့ဘာသာ လွတ်လပ်ရေး ရမှာပဲ။

ပင်လုံစာချုပ်က လွတ်လပ်ရေးကို တွဲယူမလား၊ ခွဲယူမလား ဆိုတဲ့ မေးခွန်းကို ဖြေပေးတဲ့ အဖြေပဲ။   ဆိုတော့  နဂိုအတိုင်း လွတ်လပ်ပြီးသား ကိစ္စကို အတူတူ ပူးတွဲယူမိကာမှ လွတ်လပ်ရေးဆုံးရှုံး ရတယ်ဆိုရင် ဘယ်နည်းနဲ့မှ တရားမျှတတယ်လို့ မဆိုနိုင်ဘူး။

 အခု လွတ်လပ်သလား မေးခွန်းအတွက် အဖြေက ရှင်းပါတယ်။

 ရှမ်းနယ်တွေ ကချင်နယ်တွေ၊ ရခိုင် ရေပိုင်နက်တွေကို  ရှမ်းသဘော၊ ကချင်သဘော၊ ရခိုင်သဘော မပါပဲ  ......   အစိတ်အစိတ်အမွှာမွှာ ခွဲထုတ်ပစ်တာ၊ ပေးပစ်တာတွေဟာ သိပ်ကို ထင်ရှားတဲ့ အဖြေပဲ။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့ သခင်ဘဝ မဟုတ်ပဲ၊ လက်နက်အားကိုး ဗိုလ်ကျသူတစုရဲ့ ခြယ်လှယ်သမျှ၊ စီမံသမျှ ခံနေရတာကို ....  ဘယ်လူကောင်းလူမှန်ကမှ "  ဒါဟာ  လွတ်လပ်ရေးပဲ" လို့ မျက်နှာပြောင်တိုက်ပြီး  လိမ်ပြော မဟုတ်ဘူး။   )


https://m.facebook.com/story.php?story_fbid=1906696619427451&id=700803556683436

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ခွဲမထွက်ရဟူသော ပုဒ်မဟာ လောကဓမ္မနှင့် ဆန့်ကျင်တာပဲ။ ”

Post a Comment

Related Posts Plugin for WordPress, Blogger...